ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆
ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဝင်များနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဘုရားစေတီများမှ ဂေါပကအဖွဲ့ဝင်များ တွေ့ဆုံညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းတွင် ရွှေတိဂုံစေတီတော်တောင်ဘက်မုခ်ရှိ ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များတန်ဆောင်း၌ ကျင်းပရာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးတင်ဦးလွင် တက်ရောက်သည်။
အစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဌေးအောင်၊ သာသနာရေး ၏ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့်ပုဂ္ဂိုလ်များ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်က နိုင်ငံတော်အကြီးအကဲ ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ လာရောက်ဖူးမြော်စဉ် လမ်းညွှန်ချက်များကို ပြီးစီးအောင် ဆက်လက်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စေတီတော်များတွင် Pagoda Digital Directory ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ပတ်သက်၍ ဂေါပကအဖွဲ့ဝင်များက ဆွေးနွေးတင်ပြပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့လူမှုရေးရာဝန်ကြီးဦးဌေးအောင်က ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဘုရားစေတီများ ပြုပြင်ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် စပ်လျဉ်း၍ ဆွေးနွေးပြောကြားသည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဘုရားစေတီများမှ ဂေါပကအဖွဲ့ဝင်များက သမိုင်းအချက်အလက်နှင့် ဘုရားဖူးလမ်းညွှန်(PDD) တပ်ဆင်ဆောင်ရွက်မည့်အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြပြီး တက်ရောက်လာကြသူများက အထွေထွေလုပ်ငန်းကိစ္စရပ်များကို ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကား ပြောကြားသည်။
မွန်းလွဲပိုင်းတွင် ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီမြတ်ကြီး၏ သမိုင်းအချက်အလက်နှင့် ဘုရားဖူးလမ်းညွှန် ဖွင့်ပွဲအခမ်းအနားကို အဆိုပါစေတီတော်ရင်ပြင်တော် စနေထောင့်၌ကျင်းပရာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်နှင့်ဇနီး၊ ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်း၊ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကား ပြောကြားပြီး ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဝမ်းမြောက်စကားပြောကြား၍ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင် ဦးအောင်ကိုဇော်က လုပ်ငန်းဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီးဦးဇော်ဝင်း၊ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဌေးအောင်၊ သာသနာတော် ထွန်းကားပြန့်ပွားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုးမင်းထွန်း၊ ဗိုလ်တထောင် ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော် ဂေါပကအဖွဲ့ဝင် ဦးအောင်ကိုဇော်နှင့် ဦးအောင်မြတ်တို့က ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော် သမိုင်းအချက်အလက်နှင့် ဘုရားဖူးလမ်းညွှန် Pagoda Digital Directory ဖွင့်ပွဲအခမ်းအနား ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က သမိုင်းအချက်အလက်နှင့် ဘုရားဖူးလမ်းညွှန် Station ကို စက်ခလုတ်နှိပ်၍ စတင်ဖွင့်လှစ်ပေးကြပြီး ဘုရားဖူးလမ်းညွှန်အား စမ်းသပ်အသုံးပြုကြကာ ဘုရားဖူးလမ်းညွှန်ရုံများကို လှည့်လည်ကြည့်ရှုစစ်ဆေးကြသည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ဗိုလ်တထောင် ကျိုက်ဒေးအပ်ဆံတော်ဦး စေတီမြတ်ကြီး လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူနိုင်ရေး ဒုတိယအကြိမ်မြောက် အလှူငွေပေးအပ်ပွဲအခမ်းအနားကို မွန်းလွဲ ၂ နာရီတွင် ဗိုလ်တထောင် ကျိုက်ဒေးအပ်ဆံတော်ဦးစေတီမြတ်ကြီး နန်းဦးဘုရားကြီးတန်ဆောင်း၌ ကျင်းပသည်။
ယင်းနောက်အလှူရှင်များက ရွှေစင်ရွှေပြားများ ကပ်လှူနိုင်ရေးအတွက်အလှူငွေများ ပေးအပ်လှူဒါန်းကြရာ လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်ရေး ဦးစီးကော်မတီနာယက သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်နှင့် လုံးတော်ပြည့်ရွှေသင်္ကန်း ကပ်လှူပူဇော်ရေးဦးစီးကော်မတီဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဌေးအောင်တို့က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကြသည်။
ယနေ့ကျင်းပပြုလုပ်သည့် ဗိုလ်တထောင် ကျိုက်ဒေးအပ်ဆံတော်ဦးစေတီမြတ်ကြီး လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူနိုင်ရေး ဒုတိယအကြိမ်မြောက် အလှူငွေပေးအပ်ပွဲအခမ်းအနားတွင် အလှူရှင်များ၏ စုစုပေါင်းလှူဒါန်း ငွေကျပ် ၄၃၅,၅၀၄,၀၀၀ (ကျပ်လေးထောင့်သုံးရာ ငါးဆယ့်ငါးသိန်းနှင့် လေးထောင်ကျပ်) တိတိဖြစ်ကြောင်း သိရသည်။
အောင်မြင့်
#News #MNP
https://t.me/MyanmarNationalPost
No comments:
Post a Comment