နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသားကော်မတီအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသားကော်မတီအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား



နေပြည်တော်၊ ဖေဖော်ဝါရီ ၂၄

လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသားကော်မတီအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ လူမှုကာကွယ် စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသားကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကားပြောကြားသည်။

အစည်းအဝေးသို့ လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဒုတိယစာရင်းစစ်ချုပ်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသားကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက အမှာစကားပြောကြားရာတွင် ယနေ့ကျင်းပသည့်အစည်းအဝေးသည် လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ၏ အဋ္ဌမအကြိမ်မြောက် အစည်းအဝေးဖြစ်ကြောင်း၊ ယခုအစည်းအဝေးမှရရှိလာမည့် အကြံပြုချက်များနှင့် ဆုံးဖြတ်ချက်များမှတစ်ဆင့် တစ်နှစ်ထက်တစ်နှစ် ပိုမိုကောင်းမွန်သည့် လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်မှု နည်းလမ်းများကိုအသုံးပြုပြီး လက်ရှိဆောင်ရွက်နေသည့် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းရပ်များကို ပိုမိုကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။

ထို့အပြင် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်ရေး ရေးဆွဲပြဋ္ဌာန်းထားသည့် “မြန်မာနိုင်ငံ၏ လူမှုကာကွယ်စောင့်ရှောက်ရေး အမျိုးသားအဆင့် မဟာဗျူဟာစီမံချက် (၂၀၁၄)” ကို ရေးဆွဲဆောင်ရွက်ခဲ့ရာ ယခုဆိုလျှင် ဆယ်နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်ကြောင်း၊ ထို့ကြောင့် ကော်မတီဝင်ဝန်ကြီးများ၊ ဌာနများအနေဖြင့် မဟာဗျူဟာပါ လုပ်ငန်းရပ်များနှင့်ချိတ်ဆက်ပြီး (၁၀) နှစ်တာကာလအတွင်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့မှု အခြေအနေများကိုစုစည်း၍ အားသာချက်၊ အားနည်းချက်များကို မှတ်တမ်းပြုစုသွားကြရန်လိုကြောင်း၊ သို့မှသာ အစိုးရအဆက်ဆက် လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာလုပ်ငန်းများ ထပ်မံဆောင်ရွက်သည့်အခါတွင် ပိုမိုကောင်းမွန်စေပြီး ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ လူမှုကာကွယ် စောင့်ရှောက်ရေးလုပ်ငန်းတွင် အပိုင်း (၂) ပိုင်းရှိကြောင်း၊ ပထမအပိုင်းအနေဖြင့် လုပ်ငန်းရှင်နှင့် အလုပ်သမားတို့က အချိုးကျထည့်ဝင်ပြီး နိုင်ငံတော်မှလည်း သင့်တင့်သည့်ထည့်ဝင်မှုများဖြင့် ဆောင်ရွက်သည့်လူမှုရေးအာမခံစနစ် (Social Insurance System) ဖြစ်ပြီး အလုပ်သမားဝန်ကြီးဌာနအောက်ရှိ လူမှုဖူလုံရေးအဖွဲ့တို့ ဆောင်ရွက်လျက်ရှိကြောင်း၊ ဒုတိယအပိုင်းအနေဖြင့် နိုင်ငံတော်မှ မတည်ထည့်ဝင်ငွေနှင့် ပုဂ္ဂလိက စေတနာရှင်များကထည့်ဝင်ငွေများဖြင့် ဆောင်ရွက်လျက်ရှိသည့် လူမှုရေးထောက်ပံ့မှု အစီအစဉ် (Social Assistance Scheme) တို့ဖြစ်ကြောင်း၊ ၎င်းအပိုင်းကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိကြောင်း၊ ယနေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ ဆောင်ရွက်ချက်များကို ဆွေးနွေးသွားကြမည်ဖြစ်ကြောင်း။

မိမိတို့မြန်မာနိုင်ငံအနေဖြင့်လည်း နိုင်ငံတကာနှင့်ဆက်စပ်၍ လူမှုကာကွယ်စောင့်ရှောက်ရေး (Social Protection) လုပ်ငန်းများ ချိတ်ဆက်ဆောင်ရွက်နိုင်ရေး၊ ကောင်းမွန်သည့် ကျင့်ထုံးများကို အဖွဲ့ဝင်နိုင်ငံအချင်းချင်း ဖလှယ်နိုင်ရေးရည်ရွယ်လျက် အပြည်ပြည်ဆိုင်ရာ လူမှုဖူလုံရေးအသင်း (International Social Security Association-ISSA) ကို ၁၉၂၇ ခုနှစ်၊ အောက်တိုဘာလ ၄ ရက်နေ့မှစ၍ နိုင်ငံပေါင်း (၁၆၃) နိုင်ငံမှ အသင်းအဖွဲ့ပေါင်း (၃၃၈) ဖွဲ့ဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ ၎င်းအပြင် အာဆီယံလူမှုဖူလုံရေးအသင်း (ASEAN Social Security Association-ASSA) ကိုလည်း လူမှုဖူလုံရေးဆိုင်ရာ ကောင်းမွန်သည့်အတွေ့အကြုံများနှင့် အလေ့အကျင့်များ မျှဝေနိုင်ရန်ရည်ရွယ်၍ သဘောတူညီချက်စာချွန်လွှာ (Memorandum of Agreement) ကို ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၁၀ ရက်နေ့တွင် အဖွဲ့ဝင်အဖြစ်ဝင်ရောက်ခဲ့ပြီး အာဆီယံ (၁၀) နိုင်ငံမှ လူမှုဖူလုံရေးအဖွဲ့အစည်း (၂၀) ခုဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း။

လူမှုကာကွယ်စောင့်ရှောက်ရေးနှင့်ပတ်သက်၍ အကျိုးခံစားခွင့် (၉) ရပ်ရှိကြောင်း၊ ယင်းတို့မှာ ကျန်းမာရေးစောင့်ရှောက်ပေးခြင်း၊ နာမကျန်းအကျိုးခံစားခွင့်၊ အလုပ်လက်မဲ့အကျိုးခံစားခွင့်၊ သက်ကြီးအကျိုးခံစားခွင့်၊ အလုပ်ခွင်ထိခိုက်မှု အကျိုးခံစားခွင့်၊ မိသားစုထောက်ပံ့မှုအကျိုးခံစားခွင့်၊ မီးဖွားမှုအကျိုးခံစားခွင့်၊ ကျန်ရစ်သူမိသားစု အကျိုးခံစားခွင့်နှင့် ပြင်းထန်စွာထိခိုက်ဒဏ်ရာရသူများ အကျိုးခံစားခွင့် စသည်တို့ဖြစ်ကြောင်း၊ ယင်းတို့ကို မိမိတို့၏ ဘဏ္ဍာငွေကြေးသုံးစွဲနိုင်မှုအပေါ်မူတည်၍ ထောက်ပံ့ပေးလျက်ရှိကြောင်း၊ မိမိတို့အနေဖြင့် လူမှုကာကွယ်စောင့်ရှောက်ရေးနှင့်ပတ်သက်၍ နိုင်ငံတကာနှင့်လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ ဆက်လက်ပြီး လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ငွေကြေးအထောက်အပံ့ပေးရေး အစီအစဉ်ဖြစ်သည့် အသက် (၈၅) နှစ်နှင့်အထက် သက်ကြီးပုဂ္ဂိုလ်များအား ထောက်ပံ့သည့် လူမှုရေးပင်စင်အစီအစဉ် (Social Pension) နှင့် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက် (၂) နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်းအစီအစဉ် (Maternal and Child Cash Transfer Program - MCCT) တို့မှ အကျိုးခံစားခွင့်ရှိသူများကို ယခု ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် မြန်မာ့စီးပွားရေးဘဏ်ခွဲများမှတစ်ဆင့် ထောက်ပံ့နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ပြင် အသက် (၂) နှစ်အောက် ကလေးငယ်များ ထောက်ပံ့နိုင်ရေးကိုလည်း စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ အသက် (၂) နှစ်အောက် ကလေးငယ်အားလုံး ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရေးဆောင်ရွက်ရာတွင် တစ်ဦးတစ်ယောက်မျှ မကျန်ခဲ့စေရန် တာဝန်ရှိသူများက ဆောင်ရွက်ပေးစေလိုကြောင်း။

ထို့ပြင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် “အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်း အစီအစဉ် (Public Feedback Programme-PFP)” အသုံးပြု၍ လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ငွေကြေးအထောက်အပံ့ပေးရေး အစီအစဉ် အကောင်အထည်ဖော်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ထို့ပြင် လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများ အကောင်အထည်ဖော်နိုင်ရန်အတွက် ငွေကြေးထောက်ပံ့ခြင်းအစီအစဉ်ကို ဆောင်ရွက်ရာတွင် သက်ဆိုင်ရာဝန်ကြီးဌာနများအနေဖြင့် စိန်ခေါ်မှုများလည်းရှိကြောင်း။

လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေးအတွက် ယခုအချိန်ကတည်းကပင် အစီအမံများ ချမှတ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ယခုအချိန်တွင် နိုင်ငံတော်မှရရှိသည့်ရန်ပုံငွေဖြင့် ထောက်ပံ့ပေးလျက်ရှိကြောင်း၊ နောင်တစ်ချိန်တွင် တိုးမြှင့်ထောက်ပံ့မှုများ ဆောင်ရွက်နိုင်ရန်အတွက် ယခုကတည်းကပင် ကြိုတင်ပြင်ဆင်ထားရမည်ဖြစ်ကြောင်း၊ အလားတူ အလုပ်ရှင်များအနေဖြင့်လည်း မိမိတို့ဝန်ထမ်းများအား ပုံစံအမျိုးမျိုးဖြင့်ထောက်ပံ့နိုင်ရေး မျှော်မှန်းစဉ်းစားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ အဓိကအားဖြင့် လက်ရှိဆောင်ရွက်နေသည့်လုပ်ငန်းများသာမက နောင်တွင်နိုင်ငံတော်၏ ငွေကြေးကဏ္ဍအပေါ်မူတည်၍ ထောက်ပံ့ရေးအစီအစဉ်များကို ဆွေးနွေးပေးကြစေလိုကြောင်း၊ နိုင်ငံတိုင်းတွင် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများရှိကြောင်း၊ တစ်ကမ္ဘာလုံးအနေဖြင့် GDP တွင် လူမှုကာကွယ်စောင့်ရှောက်ရေးအသုံးစရိတ်ပါဝင်မှု ရာခိုင်နှုန်းသည် ၁၂ ဒသမ ၉ ရာခိုင်နှုန်းရှိပြီး ဝင်ငွေအနည်းဆုံးနိုင်ငံများအနေဖြင့် GDP တွင် လူမှုကာကွယ်စောင့်ရှောက်ရေး အသုံးစရိတ်ပါဝင်မှုရာခိုင်နှုန်းသည် ၁ ဒသမ ၁ ရာခိုင်နှုန်းဖြစ်ကြောင်း၊ နိုင်ငံ၏ GDP ပေါ်မူတည်၍ ထောက်ပံ့မှုရာခိုင်နှုန်းများကို တွေ့မြင်နိုင်ကြောင်း၊ နိုင်ငံအလိုက်ထောက်ပံ့မှုများကိုလေ့လာ၍ မိမိတို့နိုင်ငံနှင့် နှိုင်းယှဉ်ဆောင်ရွက်ကြစေလိုကြောင်း။

ထို့ပြင် ၂၀၁၆ ခုနှစ်က ပြဋ္ဌာန်းခဲ့သည့် သက်ကြီးရွယ်အိုများဆိုင်ရာဥပဒေအရ သက်ကြီးရွယ်အိုများအတွက် လျှော့ပေါ့သက်သာခွင့်ရရှိနိုင်ရေးအတွက် သက်ကြီးရွယ်အို သက်သေခံကတ်ပြား ထုတ်ပေးနိုင်ရေးနှင့်စပ်လျဉ်းပြီး ပထမအဆင့်အနေဖြင့် သက်ကြီးရွယ်အိုများဆိုင်ရာနည်းဥပဒေများပါ ကင်းလွတ်ခွင့်နှင့် လျှော့ပေါ့သက်သာခွင့်များကို သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် မိမိတို့လုပ်ဆောင်ပေးနိုင်မည့် ဝန်ဆောင်မှုများအပေါ် ကင်းလွတ်ခွင့် သို့မဟုတ် လျှော့ပေါ့သက်သာခွင့်များအား ညှိနှိုင်းခြင်း၊ ဒုတိယအဆင့်အနေဖြင့် ဝန်ဆောင်မှုများအလိုက် ကင်းလွတ်ခွင့်နှင့် ရာခိုင်နှုန်းအလိုက် လျှော့ပေါ့သက်သာခွင့်များကို ကော်မတီအနေဖြင့် အများပြည်သူသိရှိနိုင်ရေး အမိန့်ကြော်ငြာစာထုတ်ပြန်ပေးခြင်း၊ တတိယအဆင့်အနေဖြင့် သက်သေခံကတ်ပြားများ ကိုင်ဆောင်အသုံးပြုရန် အသက်အပိုင်းအခြားအလိုက် သက်ကြီးရွယ်အိုများစာရင်းကောက်ယူခြင်း၊ စိစစ်ခြင်းနှင့် ထုတ်ပေးခြင်းတို့ကို အဆင့်ဆင့်ဆောင်ရွက်သွားကြရန်လိုအပ်မည်ဖြစ်ကြောင်း၊ ထို့ပြင် လူမှုရေးစီမံခန့်ခွဲမှုဆိုင်ရာ သတင်းအချက်အလက်များကိုလည်း အမြဲမပြတ် Update ဖြစ်စေရန် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။

လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများသည် အစိုးရတစ်ရပ်အနေဖြင့် မဖြစ်မနေဆောင်ရွက်ပေးရမည့် လုပ်ငန်းများဖြစ်ကြောင်း၊ ထို့ပြင် ပြည်သူလူထုကို အမှန်တကယ် တိုက်ရိုက်အကျိုးပြုရန် ရင်းနှီးမြှုပ်နှံသည့်လုပ်ငန်းများဖြစ်သည့်အတွက် တက်ရောက်လာကြသူများအနေဖြင့် သက်ဆိုင်ရာကဏ္ဍအလိုက် အကောင်အထည်ဖော်ဆောင်ရွက်မှုအခြေအနေများ၊ ဆက်လက်ဆောင်ရွက်သွားမည့် အစီအမံများနှင့် လိုအပ်သည့်အကြံပြုချက်များကို ပွင့်ပွင့်လင်းလင်း ဝိုင်းဝန်းဆွေးနွေးကြရန်လိုကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာစီမံချက်များ၊ ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းများအားလည်းကောင်း၊ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေက အလုပ်သမားဝန်ကြီးဌာနအနေဖြင့် အာမခံအလုပ်သမားများ၏ အကျိုးခံစားခွင့်အပြည့်အဝရရှိရေး၊ ဆေးကုသနိုင်ရေး ဆောင်ရွက်ပေးနေမှုအခြေအနေများအားလည်းကောင်း၊ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းက ကျန်းမာရေးစောင့်ရှောက်မှုအရည်အသွေးများ ကောင်းမွန်လာစေရေးနှင့် ပြည်သူလူထုစိုက်ထုတ်သုံးစွဲသည့် ငွေကြေးလျော့ပါးလာစေရေးအတွက် ဆောင်ရွက်ပေးနေမှုအခြေအနေများအားလည်းကောင်း ရှင်းလင်းဆွေးနွေးတင်ပြကြသည်။

ယင်းနောက် လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ အတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးစိုးကြည်က ယခင်အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် အကောင်ထည်ဖော်ဆောင်ရွက်ပြီးစီးမှုများကို ရှင်းလင်းတင်ပြသည်။

ထို့နောက် လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ အဖွဲ့ဝင်များဖြစ်ကြသည့် ဒုတိယဝန်ကြီးများက သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် လူမူကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများ၊ ပူးပေါင်းလုပ်ဆောင်နေမှုများနှင့် အကြံပြုချက်များကို ဆွေးနွေးတင်ပြကြသည်။

ယင်းနောက် လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသားကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က ဆွေးနွေးတင်ပြချက်များနှင့်ပတ်သက်၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာအစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။


#News #MNP 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)