လေးဆူဓာတ်ပုံရွှေတိဂုံ
မြန်မာနိုင်ငံ၏ ကျက်သရေဆောင်ဖြစ်သည့် လေးဆူဓာတ်ပုံ ရွှေတိဂုံစေတီတော်မြတ်ကြီးသည် ဂေါတမမြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ် အချိန်ကပင် တည်ထားခဲ့သော စေတီတော်ကြီးဖြစ်ပါသည်။
မဇ္ဈိမဒေသတွင် ဗုဒ္ဓဘုရားရှင်သည် ဘုရားအဖြစ်သို့ရောက်တော်မူပြီး လင်းလွန်းပင်နေရာမြတ်၌ ဘုရားရှင်စံမြန်းတော်မူစဉ် ဒဂုံတိုင်းဥက္ကလာပမြို့သား ကုန်သည်ညီနောင်ဖြစ်သည့် တဖုဿနှင့် ဘလ္လိကတို့က ဘုရားရှင်ထံ ဆွမ်းဦးဒါနပြုရာ ဘုရားရှင်က ပေးသနားတော်မူခဲ့သော ဆံတော်မြတ်ရှစ်ဆူအား စေတီတော်တွင် ထည့်သွင်းဌာပနာထားပါသည်။
ယင်းဆံတော်များနှင့်အတူ ကကုသန်မြတ်စွာ ဘုရား၏ တောင်ဝှေးတော်၊ ကောဏာဂုံမြတ်စွာ ဘုရား၏ ရေစစ်တော်၊ ကဿပမြတ်စွာဘုရား၏ ရေသနုပ်သင်္ကန်းတော်တို့ကို ထည့်သွင်းဌာပနာထားပါသည်။ စေတီတော်ကြီး၏ ကြီးမားတင့်တယ်သော ကိုယ်လုံးတော်၊ မြင့်မားဝင့်ကြွားလှသည့် ဉာဏ်တော်၊ ရောင်ခြည်ဓာတ်များ ကွန့်မြူးနေသည့် စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော်၊ ရွှေသင်္ကန်းတော်နှင့် ရွှေတောင်ကြီးပမာ အံ့မခန်းဖွယ် ပြည့်စုံလှသည့် စေတီတော်မြတ်ကြီးဖြစ်ပါ သည်။ သို့ဖြစ်ပါ၍ ရွှေတိဂုံစေတီတော်မြတ်ကြီးသည် ကမ္ဘာ့အံ့ဖွယ်၊ သာသနာ့အံ့ဖွယ်၊ လောကအံ့ဖွယ် သမိုင်းဝင်စေတီတော်မြတ်ကြီးအဖြစ် ထင်ရှားလျက် ရှိပါသည်။
လက်ဆင့်ကမ်းသာသနာ ထိန်းသိမ်းစောင့်ရှောက်မှု
စေတီတော်ကြီး အဓွန့်ရှည်တည်တံ့ခိုင်ခံ့စေရန်အတွက် ရှေးယခင် မင်းဘုရင်အဆက်ဆက်တို့က ထိန်းသိမ်းစောင့်ရှောက်ခဲ့ကြသည့်နည်းတူ မျက်မှောက်ကာလတွင်လည်း နိုင်ငံတော်အစိုးရ အဆက်ဆက်က ဦးဆောင်ဦးရွက်ပြုကာ စေတီတော်မြတ်ကြီးနှင့်တကွ သာသနိကအဆောက်အအုံများကိုပါ ထိန်းသိမ်းပြုပြင် မွမ်းမံစောင့်ရှောက်လျက်ရှိပါသည်။ ထိုသို့ မွမ်းမံစောင့်ရှောက်ရာတွင် စေတီတော်ကြီးအား ရွှေရောင်အဆင်းဝင်းဝါစွာဖြင့် ကြည်ညိုသဒ္ဓါပွားနိုင်ရန် လုံးတော်ပြည့်ရွှေသင်္ကန်း တော်ကပ်လှူခြင်းကို ငါးနှစ်လျှင်တစ်ကြိမ် ကုသိုလ်ပြုဆောင်ရွက်လျက်ရှိပါသည်။
မြန်မာတို့၏ ဂုဏ်ကျက်သရေဆောင် စေတီတော်မြတ်ကြီး ရွှေသင်္ကန်းရောင်မှေးမှိန်ခြင်း မရှိစေရန်လည်း ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့က အစဉ်မပြတ်စောင့်ကြည့်လျက်ရှိပါသည်။
ပူဇော်ကပ်လှူထားသော ရွှေသင်္ကန်းအမျိုးအစားများ
၂၀၁၈-၂၀၁၉ ခုနှစ်တွင် လုံးတော်ပြည့်ရွှေသင်္ကန်း ကပ်လှူပူဇော်ခဲ့ပြီးဖြစ်ရာ ယခု ၂၀၂၄-၂၀၂၅ ခုနှစ် တွင် လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော် ဆောင်ရွက်နေခြင်းဖြစ်ပါသည်။ ရှေးယခင် စေတီ တော်ကြီးတွင် ရွှေမျက်ပါးသင်္ကန်းတော်များ ကပ်လှူပူဇော်လေ့ရှိကြောင်း သိရှိရပါသည်။ သုတေသနတွေ့ရှိချက်များအရ ၁၈၉၈ ခုနှစ်မှစ၍ ရွှေပြားအစစ်များ ပြောင်းလဲကပ်လှူပူဇော်ခဲ့ကြောင်း သိရှိ ရပါသည်။ ယခုအခါ စေတီတော်မြတ်ကြီးတွင် ရွှေသင်္ကန်းကပ်လှူပူဇော်ရာ၌ ရွှေပြား(Gold Plate)၊ ရွှေစင်ပြား(Gold Coating)နှင့် ရွှေဆိုင်း(Gold Foil)ဟူ၍ သုံးမျိုးသုံးစားဖြင့် ကပ်လှူပူဇော်ထားပါသည်။ ရွှေပြား၊ ရွှေစင်ပြားများထုတ်လုပ်မှုကို ဦးစွာတင်ပြပါမည်။
ရွှေပြား(Gold Plate)မှာ ရွှေခြောက်ကျပ်သား ပါဝင်သော ၁၂” x ၁၂” ရွှေပြားဖြစ်ပါသည်။ ရွှေပြား (Gold Plate)ထုတ်လုပ်သည့် လုပ်ငန်းစဉ်မှာ ရွှေတုံးရွှေခဲကို ကျိုချက်ပုံသွန်းလောင်းခြင်း၊ ပုံလောင်းပြီး ရွှေတုံးကို အထူအပါးထုရိုက်ပုံသွင်းခြင်း၊ ကြိတ်ခြင်းဖြင့် လိုအပ်သည့်အရွယ်အစားရအောင် ဆောင်ရွက်ခြင်းဖြစ်ပါသည်။ စေတီတော်ကြီး ပရိဝုဏ်အတွင်းရှိ ရွှေပြားကြိတ်စက်ရုံမှပင် ရွှေပြားကို ထုတ်လုပ်ပါသည်။ အဆိုပါရွှေပြားကို ကြေးပြားပေါ်တွင် ကော်ကပ်ပြီး စတီးစကူများအသုံးပြု၍ ကိုယ်လုံးတော်တွင် ကပ်လှူခြင်းဖြစ်ပါသည်။ အဆိုပါရွှေပြား သင်္ကန်းတော်မှာ လေတိုက်ခြင်း၊ မိုးရွာခြင်းနှင့်ကျေးငှက်တို့၏ ကုတ်ခြစ်မှုကြောင့်လည်းကောင်း၊ ရွှေပြားနှင့်ကြေးပြားကော်ဖြင့် တွယ်ကပ်မှုသက်တမ်းအရ ယုတ်လျော့၍လည်းကောင်း ကွာကျဆုံးရှုံးမှုများ ဖြစ်လေ့ရှိပါသည်။
ရွှေစင်ပြား(Gold Coating)မှာ ရွှေတစ်ကျပ်သား ပါဝင်သော ၁၀" x ၁၀" ရွှေပြားဖြစ်ပါသည်။ ထုတ်လုပ်သည့်နည်းစဉ်မှာ ပြဒါးကိုအခြေခံသုံးစွဲပြီး ဓာတ်ပြုစေသောနည်းဖြင့် ဆောင်ရွက်ခြင်းဖြစ်ပါသည်။ ရွှေကိုပြဒါးဖြင့် ရွှေရည်ပြုလုပ်ပြီးနောက် အောက်ခံကြေးပြားတွင် သုတ်လိမ်းကာ မီးပေး၍ ပြဒါးပြန်လည်ထုတ်သည့် နည်းစဉ်ဖြစ်ပါသည်။ ရွှေစင်ပြား(Gold Coating)မှ ရွှေကိုအလွယ်တကူ ခွာ/ခြစ်၍မရဘဲ တစ်ပြားလုံးဖြုတ်ယူပြီးမှ ပြန်လည် ဓာတ်ပြုမှရမည်ဖြစ်၍ ပျက်စီးဆုံးရှုံးမှု လွန်စွာနည်းပါးပါသည်။ ရွှေသားနှင့်ကြေးပြားတွယ်ကပ်မှု ကောင်းမွန်ကြောင်း တွေ့ရှိရပါသည်။ စတီးစကူများ အသုံးပြု၍ ကိုယ်လုံးတော်တွင် ကပ်လှူခြင်းဖြစ်ပါသည်။ ရေရှည်ရွှေရောင်ရွှေသား ပျောက်ပျက်ခြင်းမရှိ၍ ရောင်တော်ဖွင့်ရုံနှင့် ရွှေရောင်တောက်ပလာသော ရွှေစင်ပြားဖြစ်ပါသည်။
ရွှေမျက်ပါး(Gold Foil)မှာ ၂” x ၂” အရွယ်အစား ဖြစ်ပါသည်။ မြန်မာ့ရိုးရာပညာရပ်ဖြင့် ထုတ်လုပ်ခြင်းဖြစ်ပါသည်။ ယခုအခါ လက်ဖြင့်ပြုလုပ်သည့် မျက်ပါးရွှေဆိုင်းသာမက စက်ဖြင့်ပြုလုပ်သည့် ပိုမိုကောင်းမွန်သော စက်ရွှေဆိုင်းများပါ အသုံးပြုနေပြီ ဖြစ်ပါသည်။ ယခင်ရှိပြီး ရွှေမျက်ပါးကို ရွှေချွတ်ခြင်း၊ သရိုးဟောင်းခွာခြင်း၊ သစ်စေးသုတ်ခြင်း၊ ရွှေခံရည်သုတ်ခြင်း၊ ရွှေမျက်ပါးရွှေဆိုင်းအသစ် ကပ်လှူခြင်း စသည့်လုပ်ငန်းအဆင့်ဆင့် ဆောင်ရွက်ရပါသည်။ ရွှေမျက်ပါး ရွှေဆိုင်းသင်္ကန်းတော် ကပ်လှူရာတွင် ရာသီဥတုဒဏ် (မိုး၊ ရေ၊ လေ)ကြောင့် သက်တမ်း လေး/ငါးနှစ်ခန့်သာခံပြီး ရွှေရောင်များ ပျက်ယွင်းကာ ရွှေရောင်ရွှေသား အမြင်မတင့်တယ်ခြင်း၊ ရာသီဥတုကြောင့် လေလွင့်ဆုံးရှုံးခြင်းတို့ ဖြစ်လေ့ရှိပါသည်။
ရွှေသင်္ကန်းအမျိုးအစားအလိုက်ပူဇော်ထားမှု
စေတီတော်မြတ်ကြီးတွင် ရွှေပြား (Gold Plate)၊ ရွှေစင်ပြား (Gold Coating)၊ ရွှေမျက်ပါး (Gold Foil)တို့ကို ကိုယ်လုံးတော်တွင်ပူဇော်ထားသည့် အခြေအနေကို ဆက်လက်တင်ပြမည်ဖြစ်ပါသည်။ စေတီတော်မြတ်ကြီး၏ ဉာဏ်တော်အမြင့်မှာ ၃၂၆ ပေ ရှိပါသည်။ ရွှေပြား(Gold Plate)များအား စေတီ တော်ကြီး၏ ငှက်ပျောဖူး၊ ခါးစည်းကြီး၊ ဖောင်းရစ်၊ သပိတ်မှောက်၊ ရင်စည်း၊ ခေါင်းလောင်းတို့တွင် ပူဇော်ထားပါသည်။ ရွှေစင်ပြား(Gold Coating)များ အား ကြာမှောက်ကြာလန်၊ ပန်းဆွဲ၊ ကျည်းဝန်း၊ ပစ္စယာအဆင့် ၃၁ မှအထက် ၆၁ အထိ ကပ်လှူပူဇော်ထားပါသည်။ ရွှေမျက်ပါး(Gold Foil)မှာ အထက်ပစ္စယာအခြေမှ ပစ္စယာအဆင့် ၃၀ အထိ ကပ်လှူ ပူဇော်ထားပါသည်။
ကုသိုလ်ရေးအတွက်အဆင့်ဆင့်ကြီးကြပ်မှု
ရွှေတိဂုံစေတီတော်မြတ်ကြီး ၂၀၂၄-၂၀၂၅ ခုနှစ် လုံးတော်ပြည့် ရွှေသင်္ကန်းတော်ကပ်လှူပူဇော်နိုင်ရေး အောင်မြင်စွာဆောင်ရွက်နိုင်ရန်အတွက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက နာယကအဖွဲ့၊ ဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီတစ်ခု၊ ဆပ်ကော်မတီ ၁၀ ခု ဖွဲ့စည်းတာဝန်ပေး ဆောင်ရွက်ထားရှိပါသည်။ လုံးတော်ပြည့်ရွှေသင်္ကန်း ကပ်လှူခြင်းလုပ်ငန်းတွင် ဆောင်ရွက်မည့်လုပ်ငန်း များမှာ အောက်ပါအတိုင်းဖြစ်ပါသည် -
(က) ၃၀ ရာခိုင်နှုန်းအထက် ပျက်စီးသော ရွှေပြား (Gold Plate)များကို ခြောက်ကျပ်သား ရွှေပြားများဖြင့် အစားထိုး လဲလှယ်ကပ်လှူ ခြင်း၊
(ခ) ၃၀ ရာခိုင်နှုန်းအောက် ချို့ယွင်းသော ရွှေပြားများ(Gold plate) နေရာ၌ ရွှေမျက်ပါး ရွှေဆိုင်းချကပ်၍ ပြန်လည် ပြုပြင်ခြင်း၊
(ဂ) မူလကပ်လှူထားခဲ့သော ရွှေစင်ပြား (Gold Coating)များကို သန့်ရှင်းရေး ပြုလုပ်၍ ရောင်တော်ဖွင့်ခြင်း၊
(ဃ) ပစ္စယာရှစ်မြှောင့်တွင် အဆင့် ၁ မှ ၃၀ အထိ ရွှေမျက်ပါးရွှေဆိုင်းချကပ်ထားရာတွင် ပစ္စယာအဆင့် ၂၄ မှ အထက် ပစ္စယာ အဆင့် ၃၀ အထိ ရွှေစင်ပြား(Gold Coating) များဖြင့် အစားထိုးလဲလှယ် ကပ်လှူခြင်း၊
(င) ထီးတော်အပေါ်ရှိ ဆည်းလည်းများကို ပြုပြင်ရောင်တော်ဖွင့်ခြင်း၊
(စ) ထီးတော်တွင် တင်လှူပူဇော်ထားသော ရတနာပစ္စည်းများ ရာသီဥတုဒဏ်ကြောင့် ပျက်စီးမှုများရှိပါက လိုအပ်သောနေရာများ တွင် ရတနာပစ္စည်းများ ဖြည့်စွက်တပ်ဆင် လှူဒါန်းခြင်း၊
(ဆ) ရွှေစင်ရွှေပြား အလှူရှင်များကိုယ်တိုင် ရထားပျံပေါ်သို့ တင်လှူနိုင်ရေးအတွက် စီစဉ်ခြင်း၊
(ဇ) စေတီတော်ကြီး၏ ကိုယ်လုံးတော်ကြံ့ခိုင် မှုအား စစ်ဆေးပြီး လိုအပ်ပါက အင်္ဂတေ အမာခံများ စစ်ဆေးပြုပြင်ခြင်း၊
ကုသိုလ်ပြုလုပ်ငန်းစဉ်အဆင့်ဆင့်
ရွှေပြား(Gold Plate) ကပ်လှူထားသော ငှက်ပျောဖူး၊ ခါးစည်းကြီး၊ ဖောင်းရစ်၊ သပိတ် မှောက်၊ ရင်စည်း၊ ခေါင်းလောင်းနေရာများရှိ ရွှေပြားများပျက်စီးယိုယွင်းမှုအခြေအနေကို အဖွဲ့ဖြင့် စစ်ဆေးပြီး ၃၀ ရာခိုင်နှုန်းအထက်ပျက်စီးသော ရွှေပြားများကို အစားထိုးလဲလှယ်ရန်၊ ၃၀ ရာခိုင်နှုန်းအောက် ချို့ယွင်းသောရွှေပြားများကို ရွှေမျက်ပါးဖြင့်ပြုပြင်ရန် မှတ်သားဆောင်ရွက်ရပါသည်။ ရွှေပြားလဲလှယ်ရာတွင် ဝက်အူ ၁၆ ခုဖောက်၍ ထက်၊ အောက်၊ ဝဲ၊ ယာရှိ ရွှေပြားများနှင့် စနစ်တကျ ချိတ်ဆက်ဆောင်ရွက်ရပါသည်။
အဆိုပါလုပ်ငန်းကို ကြေးဘောင်ကြေးပြား ကပ်ခြင်းလုပ်ငန်းအဖွဲ့ဖြင့် ဆောင်ရွက်ရပါသည်။ ရွှေမျက်ပါးဖြင့်ပြုပြင်ခြင်းကို ချို့ယွင်းသည့်နေရာအား သန့်ရှင်းရေးပြုလုပ်ခြင်း၊ သစ်စေးသုတ်ခြင်း၊ ကော်ပတ်တိုက်ခြင်း၊ ရွှေမျက်ပါးဖြင့် ရွှေဆိုင်းကပ်ခြင်းလုပ်ငန်းကို မျက်ပါးရွှေချသည့် အဖွဲ့ဖြင့်စနစ်တကျ ဆောင်ရွက်ရပါသည်။ ၂၀၂၄-၂၀၂၅ ခုနှစ်တွင် ရွှေပြားအချပ် ၁၂၀၀ လဲလှယ်မည်ဖြစ်ပြီး ၃၀ ရာခိုင်နှုန်းအောက် ချို့ယွင်းချက်ကို ပြုပြင်ရန်နေရာမှာ ရွှေပြားအချပ် ၁၈၀၀ ကျော်၌ ဆောင်ရွက်ရမည်ဖြစ်ပါသည်။
ရွှေစင်ပြား(Gold Coating) ကပ်လှူထားပြီးဖြစ်သော ကိုယ်လုံးတော်ရှိ ကြာမှောက်ကြာလန်၊ ပန်းဆွဲ၊ ကျည်းဝန်းနှင့် ပစ္စယာအဆင့် ၃၁ မှ ၆၁ အထိ နေရာများရှိ ရွှေစင်ပြားများမှာ ပျက်စီးမှုမရှိသလောက်ပင်ဖြစ်ပါသည်။ ရွှေစင်ပြားများအား သန့်ရှင်းရေးပြုလုပ်ခြင်း၊ ရောင်တော်ဖွင့်ခြင်း လုပ်ငန်းများ ဆောင်ရွက်ရမည်ဖြစ်ပါသည်။ ရွှေမျက်ပါး(Gold Foil) ပူဇော်ထားသော ပစ္စယာ အဆင့် ၂၄ မှ ၃၀ အထိ အဆင့် ခုနစ်ဆင့်တွင် ရွှေမျက်ပါးအစား ရွှေစင်ပြား(Gold Coating)ဖြင့် အစားထိုးလဲလှယ် ပူဇော်သည့်လုပ်ငန်းကို ဆောင်ရွက်ရမည်ဖြစ်ပါသည်။
အဆိုပါ လုပ်ငန်းဆောင်ရွက်နိုင်ရန် ရွှေစင်ပြားအချပ် ၁၀၀၀၀ အား ကြိုတင်၍ တင်ဒါခေါ်ယူပြီး ထုတ်လုပ်ရေးဆောင်ရွက်ထားရပါသည်။ ထိုကဲ့သို့ ရွှေမျက်ပါးနေရာတွင် ရွှေစင်ပြားလဲလှယ်ခြင်းကို ပစ္စယာအဆင့် ၂၃ မှ အောက်ပစ္စယာအဆင့် ၁ အထိ ငါးနှစ်တစ်ကြိမ် လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူ ပူဇော်ခြင်းဖြင့် လေးကြိမ်ခန့် ထပ်မံပူဇော်ဆောင်ရွက်ပြီးချိန်၌ ရွှေတိဂုံစေတီတော်မြတ်ကြီးတွင် ရွှေပြား၊ ရွှေစင်ပြားအပြည့်ဖြင့် ပူဇော်ပြီးမည်ဖြစ်ပါသည်။
ရွှေမျက်ပါး(Gold Foil)အား လက်ရှိအခြေအနေတွင် ပစ္စယာအဆင့် ၁ မှ ၃၀ အထိ ကပ်လှူပူဇော်ထားပါသည်။ ယခုလုံးတော်ပြည့် ရွှေသင်္ကန်းတော် ကပ်လှူပူဇော်သည့်အစီအစဉ်တွင် ပစ္စယာအဆင့် ၂၄ မှ ၃၀ အထိ ရွှေစင်ပြား (Gold Coating)ဖြင့် လဲလှယ်ပူဇော်မည်ဖြစ်ပါ၍ ရွှေမျက်ပါးအား ပစ္စယာ အဆင့် ၁ မှ ၂၃ အထိ ကပ်လှူပူဇော်မည်ဖြစ်ပါသည်။ ရွှေမျက်ပါးများမှာ ပူဇော်ပြီး လေး/ငါးနှစ်ခန့်တွင် ရာသီဥတုဒဏ်ကြောင့် အမြင်မတင့်တယ်ခြင်း၊ လေလွင့်ခြင်းတို့ ဖြစ်ပေါ်လေ့ရှိ၍ ငါးနှစ်တစ်ကြိမ် ရွှေမျက်ပါးအသစ် ကပ်လှူပူဇော်လေ့ရှိပါသည်။ အဆိုပါ လုပ်ငန်းဆောင်ရွက်ရမည့်ဧရိယာအရ ယခုနှစ်တွင် ရွှေမျက်ပါးရွှေဆိုင်း ၁၄၇၀၀ ခန့် အသုံးပြုကပ်လှူရမည်ဖြစ်ပါသည်။
၂၀၂၄-၂၀၂၅ ခုနှစ် ရွှေတိဂုံစေတီတော်မြတ်ကြီးအား လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူမည့် အစီအစဉ်ကို ၂၀၂၄ ခုနှစ် မေလမှစ၍ စတင်ဆောင်ရွက်ခဲ့ပါသည်။ အချိန်ယူကြိုတင်ထုတ်လုပ်ရမည့် ရွှေစင်ပြား (Gold Coating) အချပ် ၁၀၀၀၀ ထုတ်လုပ်ရန်အတွက် ၂၀၂၄ ခုနှစ် ဇွန်လကပင် တင်ဒါခေါ်ယူ ဆောင်ရွက်ခဲ့ပါသည်။ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ၂၀၂၄ ခုနှစ် သြဂုတ်လ ၁၆ ရက်နေ့တွင် ဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီ၊ ဆပ်ကော်မတီ ၁၀ ခု ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပါသည်။
၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၄ ရက်နေ့တွင် ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ဩဝါဒါစရိယ ဆရာတော်ကြီးများထံမှ သြဝါဒခံယူခြင်း၊ ၂ဝ၂၄ ခုနှစ် စက်တင်ဘာလ ၁၉ ရက်နေ့တွင် အန္တရာယ်ကင်း ပရိတ်တရားတော်နာယူခြင်း အခမ်းအနားများ ဆောင်ရွက်ပြီး အဆိုပါရက်တွင်ပင် ငြမ်းထိုးခြင်းလုပ်ငန်း စတင်ဆောင်ရွက်ခဲ့ပါသည်။
နိုင်ငံတော်၏စေတနာ
ရွှေပြား၊ ရွှေစင်ပြားများ ထုတ်လုပ်ရာတွင် လိုအပ်သည့် ရွှေစင်ရွှေတုံးအား နိုင်ငံတော်အစိုးရ၏ စီမံခန့်ခွဲမှုဖြင့် သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက သတ်မှတ်ဈေးနှုန်းဖြင့် ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ နှစ်စဉ်ရောင်းချ ပေးလျက်ရှိပါသည်။ ထိုကဲ့သို့ နှစ်စဉ်ရောင်းချပေးခဲ့၍ ယခုကဲ့သို့ စုဆောင်းထုတ်လုပ်နိုင်ခြင်းဖြစ်ပြီး ရွှေပြား၊ ရွှေစင်ပြားများ၏ ဈေးနှုန်းကိုလည်း ရွှေခြောက်ကျပ်သားပါဝင်သော ရွှေပြား(Gold Plate) တစ်ချပ်လျှင် ငွေကျပ် သိန်း ၁၅၀၊ ရွှေတစ်ကျပ်သားပါဝင်သော ရွှေစင်ပြား(Gold Coating) တစ်ချပ်လျှင် ငွေကျပ် ၂၅ သိန်းသာ သတ်မှတ်ထားခြင်းဖြစ်ပါသည်။
အများပြည်သူ စိတ်အားထက်သန်စွာလှူဒါန်း နိုင်ရေးနှင့် ရွှေသင်္ကန်းတော် ကုသိုလ်ရှင်များအဖြစ် သဒ္ဓါပွားများနိုင်ရေးအတွက် ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က စီမံဆောင်ရွက် ထားခြင်း ဖြစ်ပါသည်။ ရွှေပြား၊ ရွှေစင်ပြားများ တစ်ချပ်ချင်းလှူဒါန်းခြင်းအပြင် စေတီတော်ကြီးတွင် ရွှေသင်္ကန်းကပ်လှူရန်ရည်စူး၍ အလှူခံဌာနသို့ လူကိုယ်တိုင် လာရောက်လှူဒါန်းထားသော အလှူငွေများနှင့် အာရုံခံတန်ဆောင်းများ၌ ရွှေသင်္ကန်း ကပ်လှူရန်ထားရှိသော အလှူခံပုံးများမှ အများ ပြည်သူလှူဒါန်းသော အလှူငွေများပါ ယခုလုံးတော် ပြည့်ရွှေသင်္ကန်းကပ်လှူသည့် အစီအစဉ်တွင် ထည့်ဝင်လှူဒါန်းလျက်ရှိပါသည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှစ၍ ယခု လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူခြင်း အစီအစဉ် တွင် KBZ Pay စနစ်ဖြင့် နိုင်ငံတစ်ဝန်းမှ နည်းများ မဆို ကုသိုလ်ပါဝင်၍ လှူဒါန်းနိုင်အောင် စီစဉ် ဆောင်ရွက်ထားပါသည်။
ကုသိုလ်မင်္ဂလာပြုနိုင်ရေးနှိုးဆော်ခြင်း
ယခုဆောင်ရွက်နေသည့် လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူခြင်းလုပ်ငန်းမှာ ယနေ့အချိန်အထိ ၇၀ ရာခိုင်နှုန်းခန့် ပြီးစီးပြီဖြစ်ပါသည်။ ၂၀၂၅ ခုနှစ် မတ်လကုန်အထိ လှူဒါန်းသည့်ရွှေပြား၊ ရွှေစင်ပြားများအား ယခုဆောင်ရွက်နေသော လုံးတော်ပြည့် ရွှေသင်္ကန်းတော် ကပ်လှူသည့် အစီအစဉ်တွင် ထည့်သွင်းလှူဒါန်းမည်ဖြစ်ပါသည်။ ၂၀၂၅ ခုနှစ် ဧပြီလအတွင်း လုပ်ငန်းများပြီးပြတ်အောင် ဆောင်ရွက်ပြီး မေလခန့်တွင် ဗုဒ္ဓါဘိသေကအနေကဇာတင် မင်္ဂလာအခမ်းအနားဆောင်ရွက်ရန် စီမံဆောင်ရွက်လျက်ရှိပါသည်။
ယခုအခါ လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူ ပူဇော်ရာတွင် ရွှေသင်္ကန်းများကို တစ်ဦးချင်း၊ မိသားစုအလိုက်၊ အသင်းအဖွဲ့များအလိုက် နေ့စဉ် မပြတ် ကုသိုလ်ပြုလှူဒါန်းလျက်ရှိပါသည်။ သဒ္ဓါတရားထက်သန်စွာဖြင့် လှူဒါန်းကြသော အလှူရှင်များနှင့် ပြုဆဲ၊ ပြုလတ္တံ့ ကုသိုလ်ရှင်များအတွက် လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်းလုပ်ငန်းအဆင့်ဆင့်ကို ရှင်းလင်းစွာသိရှိနိုင်ပါရန်နှင့် အခွင့်ကြုံခိုက် လက်မလွတ်တမ်း ကုသိုလ်ပွားများနိုင်စေရန် နှိုးဆော်တင်ပြအပ်ပါသည်။ ။
မျိုးအောင်ဌေး
#MNP
https://t.me/MyanmarNationalPost
No comments:
Post a Comment