မြန်မာနိုင်ငံခရီးသွားပြပွဲ ကျင်းပနိုင်ရေးဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာနိုင်ငံခရီးသွားပြပွဲ ကျင်းပနိုင်ရေးဆွေးနွေး


နေပြည်တော်၊ ဖေဖော်ဝါရီ ၁၂

မြန်မာနိုင်ငံရှိ ခရီးစဉ်ဒေသများအား ကမ္ဘာကသိရှိပြီး ပြည်ပခရီးသွားဧည့်သည်များ ပိုမိုတိုးတက်ဝင်ရောက်လာစေရန် ရည်ရွယ်၍ မြန်မာနိုင်ငံခရီးသွားပြပွဲ ၂၀၂၅ (Myanmar Tourism Fair MTF- 2025) ကျင်းပနိုင်ရေးအတွက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်စိုးဝင်းသည် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဝင်များ ယမန်နေ့က ဝန်ကြီးဌာနရှိ နီလာအစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးသည်။

တွေ့ဆုံဆွေးနွေးစဉ် ပြည်ထောင်စုဝန်ကြီးက နှုတ်ခွန်းဆက် စကားပြောကြားပြီး မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးရန်ဝင်းက မြန်မာနိုင်ငံခရီးသွားပြပွဲ ၂၀၂၅ (Myanmar Tourism Fair MTF - 2025) ရည်ရွယ်ချက်များ၊ အာဆီယံဒေသတွင်းနိုင်ငံများနှင့် ချိတ်ဆက်ဆောင်ရွက် သွားလိုသည့်အခြေအနေနှင့် မြန်မာနိုင်ငံရှိ ခရီးစဉ်ဒေသများအား မြှင့်တင်ကြော်ငြာသွားမည့် ကိစ္စရပ်များကို ရှင်းလင်းတင်ပြသည်။

ထို့နောက် မြန်မာနိုင်ငံခရီး သွားလုပ်ငန်းအဖွဲ့ချုပ် ပြပွဲ၊ ပြိုင်ပွဲ ကျင်းပရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဦးမင်းသိန်းက ပြပွဲကျင်းပသွားမည့်အစီအစဉ်များ၊ အသင်းအဖွဲ့များ၊ ကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်သွားမည့်ကိစ္စရပ်များ၊ ဝန်ကြီးဌာနမှ ဆောင်ရွက်ပေးစေလိုသည့် ကိစ္စရပ်များကိုလည်းကောင်း၊ မြန်မာနိုင်ငံခရီးသွား လုပ်ငန်းအဖွဲ့ချုပ်အကြီးတန်း နည်းပညာအကြံပေး ဒေါ်ကြည်ကြည်အေးနှင့် Myanmar Tourism Master Plan (2026 - 2030) ရေးဆွဲရေးဆိုင်ရာ အဖွဲ့ဝင်များက မြန်မာ့ခရီးသွားလုပ်ငန်း ပင်မစီမံကိန်းရေးဆွဲဆောင်ရွက်နေမှု အခြေအနေကိုလည်းကောင်း ဆွေးနွေးကြပြီး တက်ရောက်လာကြသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ပါဝင်ဆွေးနွေးတင်ပြကြသည်။

ရှင်းလင်းတင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အစိုးရအနေဖြင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေးကို အလေးအနက်ထားသည့်အတွက် ပြည်တွင်းခရီးသွားလုပ်ငန်း တိုးတက်ရေးသာမက ပြည်ပခရီးသွားလုပ်ငန်းတိုးတက်ရေးအတွက်ကိုပါ အလေးထားဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း။

ယခုကျင်းပမည့် မြန်မာနိုင်ငံခရီးသွားပြပွဲ ၂၀၂၅ အား အာဆီယံဒေသတွင်းနိုင်ငံများမှ ဆောင်ရွက်သည့် ခရီးသွားပြပွဲများနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ပါက နိုင်ငံတကာကပိုမိုကျယ်ပြန့်စွာ သိရှိနိုင်မည်ဖြစ်ကြောင်း၊ ခရီးသွားကဏ္ဍတိုးတက်ရေးအတွက် ဆောင်ရွက်ရာတွင် မိမိတို့ Industry အတွင်း၌သာမက ဆက်စပ်ကဏ္ဍများနှင့်ပါ ဆက်သွယ်ဆောင်ရွက်ရသည့်အတွက် ခရီးသွားလုပ်ငန်း လုပ်ကိုင်သူများအနေဖြင့် ပိုမို အားစိုက်ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခရီးသွားလုပ်ငန်း ကဏ္ဍအတွင်း ပတ်ဝန်းကျင်ကောင်းများ ဖန်တီးပေးကြရန် လိုအပ်ကြောင်း မှာကြားခဲ့သည်။


#News #MNP 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)