တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာနေကြသည့် ပြည်သူများအား ထောက်ပံ့ငွေများ ချီးမြှင့်ပေးအပ်သွားမည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာနေကြသည့် ပြည်သူများအား ထောက်ပံ့ငွေများ ချီးမြှင့်ပေးအပ်သွားမည်


နေပြည်တော်၊ ဖေဖော်ဝါရီ ၄ 

နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ လမ်းညွှန်ချက်နှင့်အညီ လက်နက်ကိုင်ပဋိပက္ခနှင့် အကြမ်းဖက် ဖြစ်စဉ်များကြောင့် အချို့သော တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ယာယီနေရပ် စွန့်ခွာနေရသည့် နိုင်ငံ့ဝန်ထမ်းများနှင့် မိသားစုများ၊ ပြည်သူများအား အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ရန်ပုံငွေဖြင့် ထောက်ပံ့ငွေများချီးမြှင့် ပေးအပ်သွားမည်ဖြစ်ကြောင်း ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည့် ထောက်ပံ့ ချီးမြှင့်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ဒုတိယ ဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် က ပြောကြားသည်။

ဆက်လက်၍ ဒုတိယ ဝန်ကြီးချုပ်နှင့် ပြည်ထောင်စု ဝန်ကြီးက နိုင်ငံတော်အကြီးအကဲ အနေဖြင့် အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ရန်ပုံငွေဖြင့် လိုအပ်သည့် ထောက်ပံ့ ချီးမြှင့်မှုများ လျာထားစီစဉ်ဆောင် ရွက်ပေးရန်အတွက် တိုင်းဒေသ ကြီးနှင့် ပြည်နယ်များအနေဖြင့် ယာယီနေရပ်စွန့်ခွာ နေကြရသူ များ၏ စာရင်းများကောက်ယူ ထားရန် လမ်းညွှန်မှာကြားခဲ့ ကြောင်း၊ အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ရန်ပုံငွေအနေဖြင့် နှစ်စဉ်ခွဲဝေပေး ရန် သတ်မှတ်ထားသည့် ရန်ပုံငွေ အပြင် ယခုနှစ်တွင် ရာဂီမုန်တိုင်း တိုက်ခတ်မှုအပါအဝင် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင် ရွက်ရန်အတွက် ရန်ပုံငွေများ ထပ်မံ ဖြည့်ဆည်းပေးထားပါကြောင်း။

အမျိုးသား သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေ အရ သဘာဝဘေးအန္တရာယ်ဟု ဆိုရာတွင် . အကြမ်းဖက်ခြင်း၊ လက်နက်ကိုင် သောင်းကျန်းမှု ဖြစ်ပွားခြင်းကြောင့် အများပြည်သူ၏ အသက်အိုးအိမ်ဥစ္စာပစ္စည်း၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်း၊ အခြေခံ အဆောက်အအုံများ၊ လုံခြုံရေး၊ ပညာရေး၊ ကျန်းမာရေး သို့မဟုတ် သဘာဝပတ်ဝန်းကျင် ကို ထိခိုက်ပျက်စီးမှုတို့ ပါဝင်ပါကြောင်း၊ ယင်း ဥပဒေရည်ရွယ်ချက်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများ ဆောင်ရွက်သည့်အခါ ပြည်တွင်း ပြည်ပ အစိုးရဌာန အစိုးရအဖွဲ့ အစည်းများ၊ လူမှုအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အခြားအဖွဲ့ အစည်းများ၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၊ နိုင်ငံရပ်ခြား ဒေသတွင်း အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်နိုင်သည်ဟု ပါဝင်ကြောင်း။

ပြန်လည် ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများဆောင်ရွက်ရာတွင် ဘေးဖြစ်သူများအားလုံးကို စားရေရိက္ခာနှင့် ကယ်ဆယ်ရေးပစ္စည်းများ၊ ပြန်လည်ထူထောင်ရေး ပစ္စည်းများ ဆက်လက်ထောက်ပံ့ ချီးမြှင့်ခြင်းနှင့် သင့်လျော်သည့် ထောက်ပံ့ချီးမြှင့်ငွေများ ပေးအပ် ရန်ဖြစ်ကြောင်း၊ သို့ဖြစ်၍ ဥပဒေ ပြဋ္ဌာန်းချက်များ၊ ဥပဒေပါ ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းများနှင့်လည်း ကိုက်ညီပါကြောင်း၊ ထောက်ပံ့ချီးမြှင့်ငွေများ ပေးအပ်ရာတွင် ထိခိုက်မှုအရေအတွက် စာရင်း၊ ပေးအပ်မည့်နည်းလမ်း၊ လူဦးရေ၊ ငွေပမာဏနှင့် အချိန်တို့ စနစ်တကျ ဖြစ်ရန်လိုကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ အနေဖြင့် ထောက်ပံ့ချီးမြှင့်ရာတွင် စာရင်း ဇယားမှန်ကန်စေရန် ကြိုတင်စီမံ ဆောင်ရွက်သွားကြရန်လိုကြောင်း ပြောကြားသည်။ ထို့နောက် အစည်းအဝေး တက်ရောက်လာကြသူများက အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ရန်ပုံငွေမှ ထောက်ပံ့ချီးမြှင့်သွားမည့် နည်းလမ်း၊ ပေးအပ်မည့် အကြိမ်ရေနှင့် နှုန်းထား၊ လုပ်ထုံးလုပ်နည်း၊ စာရင်းဇယားမှန်ကန်ပြီး စနစ် တကျဖြစ်စေရေးတို့နှင့် စပ်လျဉ်း၍ ဝိုင်းဝန်းအကြံပြု ဆွေးနွေးကြရာ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးပြီး ထောက်ပံ့ချီးမြှင့်ငွေများကို မှန်မှန်ကန်ကန် ဖြစ်စေရေး၊ အလေအလွင့်မဖြစ်စေရေး၊ ရသင့် ရထိုက်သူများ ရရှိစေရေးနှင့် အခြားနေရာများသို့ မရောက်ရှိ စေရန်လိုကြောင်း ပြောကြားသည်။ 

အစည်းအဝေးသို့ အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ (၂) လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ အဖွဲ့ဝင်များ ဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ဦးခင်မောင်ရီ၊ ဒေါက်တာ သက်ခိုင်ဝင်းနှင့် ဦးမျိုးသန့်၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ဌာန ဆိုင်ရာ အကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ကြ ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးများက အွန်လိုင်းစနစ်ဖြင့် တက်ရောက်ကြသည်။

ယာယီနေရပ် စွန့်ခွာနေကြရသည့် နိုင်ငံ့ဝန်ထမ်းများနှင့် မိသားစုများ၊ ပြည်သူများအနေဖြင့် စာရင်းဇယား တိကျမှန်ကန် စေရေးအတွက် မိမိတို့ရောက်ရှိနေ ကြသည့် နေပြည်တော်ကောင်စီ အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့ အစည်းများထံ သို့ လူဦးရေစာရင်းများကို သတင်း ပေးပို့ကြရန်ဖြစ်ကြောင်း သိရသည်။ 


#News #MNP 

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)