နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲ ကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကား ပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲ ကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကား ပြောကြား

 









နေပြည်တော်၊ ဖေဖော်ဝါရီ ၆

ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲကျင်းပနိုင်ရေးလုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို ယမန်နေ့က နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီတော် တပေါင်းကွင်း၌ ကျင်းပရာ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာ စကားပြောကြားသည်။

အခမ်းအနားသို့ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်း၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ဆပ်ကော်မတီ ဥက္ကဋ္ဌများ ဖြစ်ကြသည့် ဒုတိယဝန်ကြီးများ၊ နေပြည်တော် ကောင်စီနှင့် တိုင်းဒေသကြီး ပြည်နယ် များမှ အေဂျင်စီဥက္ကဋ္ဌများ၊ အသင်းအဖွဲ့များမှ တာဝန်ရှိသူများနှင့် ပြခန်းတာဝန်ခံများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုး တက်ရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက အမှာစကားပြောကြားရာတွင် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲကျင်းပရန် ရည်ရွယ်ချက်များနှင့် ရည်မှန်းချက်များ အသီးသီးချမှတ်ထားပြီးဖြစ်ကြောင်း၊ MSME လုပ်ငန်းကော်မတီ စတင်ဖွဲ့စည်းသည့်အချိန်မှ ယခုချိန်အထိ လုပ်ငန်းများ ဆောင်ရွက်ရာတွင် တွေ့ကြုံရ သည့် အားသာချက်၊ အားနည်းချက်များ၊ နိုင်ငံတော်အကြီးအကဲနှင့် တာဝန်ရှိသူများ သွားရောက်စစ်ဆေးသည့် ခရီးစဉ်များတွင် တွေ့ရသည့် အတွေ့အကြုံများအရ သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပြည်နယ်၊ တိုင်းဒေသကြီးအဆင့် လုပ်ငန်းချိတ်ဆက် နိုင်မှု၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအချင်းချင်း၊ လုပ်ငန်းရှင်များအချင်းချင်း လုပ်ငန်း များ  ချိတ်ဆက်နိုင်မှု၊ အတွေ့အကြုံဖလှယ်နိုင်မှုများတွင် လိုအပ်ချက်များရှိနေ သည် ကိုတွေ့ရကြောင်း၊ ထို့ပြင် မိမိလုပ်ငန်းများအလိုက် သီးခြားစီ လုပ်ဆောင်နေကြ ခြင်းဖြစ်သည့်အတွက် အချင်းချင်းညှိနှိုင်းပေါင်းစပ်ခြင်းနှင့် လိုအပ်သည့် ပြုပြင်ပြောင်း လဲမှုများတွင်လည်း အားနည်းနေသည်ကို တွေ့ရကြောင်း၊ နည်းပညာ၊ အထောက်အကူ ပစ္စည်းအပါအဝင် MSME နှင့် ပတ်သက်၍ သက်ဆိုင်ရာ ဝန်ကြီးဌာနများအလိုက် လုပ်ဆောင်ပေးနိုင်သည်များကို webportal များ၌ တင်ပေးထားသော်လည်း လုပ်ငန်းရှင်များအနေဖြင့် ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန်လိုအပ်ချက်များရှိနေသည်ကိုလည်း တွေ့ရကြောင်း၊   ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် တပေါင်းတစည်း MSME ထုတ်ကုန်ပြပွဲ များကျင်းပလျက်ရှိသော်လည်း ပြည်ထောင်စုအဆင့်တွင် မိမိတို့ ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် ယခုကဲ့သို့ ပြပွဲ၊ ပြိုင်ပွဲကျင်းပပြုလုပ်ပေး နေခြင်းအားဖြင့် မိမိတို့၏ ထုတ်ကုန်ပစ္စည်း ကွာခြားချက်၊ ဈေးနှုန်းနှင့် အရည်အသွေး၊ ထုပ်ပိုးမှုပုံစံ၊ နည်းပညာ၊ ပြည်ပတင်ပို့နိုင်မှု အခြေအနေတို့ကိုနှိုင်းယှဉ်နိုင်ပြီး လိုအပ် ချက်များ ပြုပြင်နိုင်ရေး ရည်ရွယ်ကျင်းပပေးခြင်း ဖြစ်ကြောင်း၊ မည်သည့်လုပ်ငန်း ပင် ဖြစ်စေ ယှဉ်ပြိုင်မှုရှိမှသာလျင် တိုးတက်မှုရှိမည်ဖြစ်ကြောင်း၊ ပြည်နယ်နှင့် တိုင်းဒေသ ကြီးအလိုက် မိမိတို့ထုတ်ကုန်များအနေဖြင့်  ထုတ်ကုန်အမျိုးအစားခြင်း တူသော်လည်း အရည်အသွေး၊ အရသာ၊ ထုပ်ပိုးမှုပုံစံ နှိုင်းယှဉ်နိုင်မည်ဖြစ်ကာ ပြုပြင်စရာများကို ပြုပြင်နိုင်ရန်နှင့် တစ်နေရာတည်းတွင် နေရာအစုံမှ ပစ္စည်းအမျိုးအစားမျိုးစုံကို နှိုင်း ယှဉ်နိုင်ခြင်း၊ လုပ်ငန်းရှင်များအချင်းချင်း အတွေ့အကြုံများကို မျှဝေနိုင်ခြင်း စသည့် ကောင်းမွန်သည့် အချက်အလက်များကို ချက်ချင်းရရှိနိုင်မည် ဖြစ်ကြောင်း။

မိမိတို့ MSME ထုတ်ကုန်များကိုပြည်တွင်း ဈေးကွက်၌သာမက ပြည်ပသို့လည်း တင်ပို့နိုင်ရမည်ဖြစ်ပြီး ပြည်ပသို့ တင်ပို့နိုင်ရေးအတွက် ဈေးကွက်လိုအပ်ချက်များ၊ စာရွက်စာတမ်းဆိုင်ရာ လိုအပ်ချက်များ၊ နည်းစနစ်ဆိုင်ရာလိုအပ်ချက်များကို လုပ်ငန်း ရှင်များအနေဖြင့် သိရှိနားလည်မှသာ လုပ်ငန်းများ ပိုမိုအဆင်ပြေနိုင်မည် ဖြစ်ကြောင်း၊ ယခုကဲ့သို့ ပြည်ထောင်စုအဆင့် MSME ထုတ်ကုန် ပြပွဲနှင့်ပြိုင်ပွဲများ ပြုလုပ်ခြင်းမှ ပြည်နယ်နှင့်တိုင်းဒေသကြီး ထုတ်ကုန်များ အနေဖြင့် သွင်းကုန်အစားထိုး ပြည်တွင်း ဈေးကွက်အတွင်း ပြည်သူများသုံးစွဲနိုင်မည်ဖြစ်ပြီး ပြည်ပသို့ တင်ပို့နိုင်ရန်အတွက် လိုအပ်သည့်နည်းစနစ်ပိုင်းနှင့် အချက်အလက်များ၊ အထောက်အထားပိုင်းများကို ဝန်ကြီးဌာနများနှင့် မည်သို့ချိတ်ဆက်၍ ဆောင်ရွက်ပေးနိုင်မည်ကို လုပ်ငန်းရှင်များ အားလုံး သိရှိနိုင်ရန်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်ပြောကြားရာတွင် ဝန်ကြီးဌာနများအနေဖြင့် ယခင် MSME ပြပွဲများ ကဲ့သို့ မိမိ ထုတ်ကုန်ပစ္စည်းများကို ခင်းကျင်းပြသခြင်းမျိုးမဟုတ်ဘဲ မိမိဝန်ကြီးဌာနက MSME လုပ်ငန်းနှင့်ပတ်သက်၍ ဆောင်ရွက်ပေးနိုင်မည့် လုပ်ငန်းစဉ်များ၊ သတင်း အချက် အလက်၊ နည်းပညာများကို လုပ်ငန်းရှင်များ သိရှိချိတ်ဆက်ဆောင်ရွက်နိုင်ရန် ယခုအစည်းအဝေးသို့ တက်ရောက်လာကြသည့် အေဂျင်စီဥက္ကဋ္ဌများက လုပ်ငန်းရှင် များကို ကြိုတင်အသိပေးထားစေလိုကြောင်း၊ ပြပွဲနှင့် ပြိုင်ပွဲတွင် စီးပွားရေးကို ဦးဆောင်ဦးရွက်ပြုနေသည့် အရပ်ဖက် စီးပွားရေးအဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များ၏ ငွေကြေးလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည့် ဘဏ်များနှင့်လည်း ချိတ်ဆက်နိုင်ရန် ဆောင်ရွက်ပေးထားကြောင်း၊ အဆိုပါအချက်အလက်များသည် နိုင်ငံတော်အကြီးအကဲ ၏ ပြည်ထောင်စုအဆင့် MSME  ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက် ဖြစ်ကြောင်း။

နိုင်ငံတော်အကြီးအကဲအပါအဝင် တာဝန်ရှိသူများ သွားရောက်သည့်  MSME လုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲများတွင် တင်ပြချက်များအနက် အဓိကအချက်မှာ ငွေကြေးအရင်းအနှီး၊ မြေနေရာနှင့် လျှပ်စစ်ဓာတ်အားရရှိရေးဖြစ်ကြောင်း၊ အရင်းအနှီး နှင့် စပ်လျဉ်း၍ MSME လုပ်ငန်း ကော်မတီတွင် လုပ်ငန်းရှင်များ ချေးငွေရရှိရေး အတွက် အတက်နိုင်ဆုံး ဖြေလျော့မှုများ ဆောင်ရွက်ပေးထားကြောင်း၊ မြေနေရာ ရရှိရေးနှင့် စပ်လျဉ်း၍ လုပ်ငန်းကော်မတီမှ တာဝန်ရှိသူများက ရသင့်ရထိုက် သည်များကို စီမံဆောင်ရွက်ပေးလျက်ရှိကြောင်း၊  MSME  လုပ်ငန်းရှင်များ၏ အဓိကတင်ပြချက်ဖြစ်သည့် လျှပ်စစ်ရရှိရေးကိစ္စနှင့် စပ်လျဉ်း၍ တစ်နိုင်ငံလုံးအနေဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုမှာ မဂ္ဂါဝပ် ၆၃၀၀ ကျော် ရှိကြောင်း၊ သို့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ရပ်တန့်နေမှုများနှင့် အကြမ်းဖက်မှု ဖြစ်စဉ်များကြောင့် ထုတ်လုပ်နိုင်မှု ရပ်ဆိုင်းနေသည့် စက်ရုံများ ရှိကြောင်း၊ လျှပ်စစ်ဝန်ကြီးဌာနမှ ထုတ် လုပ်နိုင်သည့် ပမာဏပေါ်မူတည်၍ အလှည့်ကျ ရရှိရေးအတွက် အတတ်နိုင်ဆုံး စီစဉ် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အဆိုပါ လျှပ်စစ်ဓာတ်အားရရှိရေး ကျော်လွှားနိုင်မည့် မိမိတို့စက်ရုံ၊ အလုပ်ရုံများကို အသိပညာပေးလိုသည်မှာ လက်ရှိ သီလဝါစက်မှုဇုန်၌ ကုမ္ပဏီ ၆ ခုမှ ဆိုလာစနစ်ဖြင့် ဓာတ်အားထုတ်လုပ်မှု ၄ ဒသမ ၉ မဂ္ဂါဝပ်ကျော် ထုတ်လုပ်သုံးစွဲလျက်ရှိကြောင်း၊ ထိုသို့ထုတ်လုပ်နိုင်မှုကြောင့် လုပ်ငန်းများ ဆောင်ရွက် ရာတွင် ပိုမိုတွင်ကျယ်လာကြောင်း၊ အဆိုပါဆောင်ရွက်မှုကို နမူနာယူပြီး အခြား ကုမ္ပဏီများမှ လျှပ်စစ်ဓာတ်အား ၈ မဂ္ဂါဝပ်ကျော် ထုတ်လုပ်သုံးစွဲနိုင်ရေး စီမံ ဆောင် ရွက်လျက်ရှိကြောင်း၊ ယင်းသို့ ဆောင်ရွက်ခြင်းဖြင့် တစ်ပိုင်တစ်နိုင် မိမိလုပ်ငန်း အတွက် လျှပ်စစ်ဓာတ်အား ပြည့်ဝစွာ သုံးစွဲ၍ ရသည့်အပြင် ပိုလျှံမှုအပေါ် နိုင်ငံအဆင့် မဟာဓာတ်အားလိုင်းသို့ ရောင်းချ၍ရနေကြောင်း၊ ဆိုလာစနစ် ဆောင်ရွက်သည့် အတွက် ကုန်ကျမည့် ငွေပမာဏမှာ နှစ်အနည်းငယ်အတွင်း အရင်းကြေကာလသို့ ရောက်ရှိမည်ဖြစ်ကြောင်း၊ ဥပမာအားဖြင့် မိမိတို့ ကာကွယ်ရေးဦးစီးချုပ်ရုံးအတွင်း ၂၀ မဂ္ဂါဝပ်ရှိ ဆိုလာဓာတ်အားပေးစနစ်ကို လွန်ခဲ့သည့် ၂ နှစ်ခန့်မှ စတင် တည်ဆောက် အသုံးပြုခဲ့ရာ လာမည့်တစ်နှစ်ခွဲအတွင်း အရင်းကြေကာလ ပြည့်မြောက်မည်ဖြစ် ကြောင်း၊ သို့ဖြစ်၍ MSME လုပ်ငန်းရှင်များအနေဖြင့် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ စက်မှုဇုန်များ၏ မြေလွတ်နေရာများနှင့် အခြားမြေလွတ်မြေရိုင်း နေရာများတွင် ဆိုလာစနစ်ဖြင့် တစ်ပိုင်တစ်နိုင် လျှပ်စစ်ဓာတ်အား ရရှိရေး အတွက် ဆောင်ရွက်စေလိုကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းဖြင့် စက်မှုဇုန်များ၌ လျှပ်စစ်မီး မလုံလောက်သည့် စိန်ခေါ်မှုကို ကျော်လွှားနိုင်မည်ဖြစ်ကြောင်း၊  နိုင်ငံတော် အနေဖြင့် အခြား ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင်လည်း သဘာဝဓာတ်ငွေ့၊ ဆိုလာလျှပ်စစ် အင်ဂျင်ပေါင်းစပ်သည့် Hybrid ဓာတ်အားမဂ္ဂါဝပ်ပေါင်း ၁၀၀၀ ကျော် ထုတ်လုပ်နိုင် ရေးအတွက် စီမံကိန်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ ရရှိသည့် လျှပ်စစ်ဓာတ်အား များကို တစ်နိုင်ငံလုံးဖြန့်ဝေခြင်းဖြစ်သည့်အတွက် အချိုးအစားအလိုက် ဓာတ်အား ရရှိမည်ဖြစ်ပြီး လုပ်ငန်းရပ်များအလိုက် ကိုယ်ပိုင် Solar စနစ်ဖြင့် ဆောင်ရွက်နိုင် မည်ဆိုပါက လုပ်ငန်းများပိုမိုအဆင်ပြေမည်ဖြစ်၍ ဆွေးနွေးညှိနှိုင်း အကောင်အထည် ဖော် ဆောင်ရွက်ကြရန်လိုကြောင်း။

ထို့ကြောင့် ယခုတက်ရောက်လာကြသည့် ပြည်နယ်နှင့်တိုင်းဒေသကြီးမှ အေဂျင်စီဥက္ကဋ္ဌများအနေဖြင့် သက်ဆိုင်ရာဒေသအလိုက် လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ ဆိုလာစနစ်ဖြင့် ဓာတ်အားထုတ်လုပ်ပြီး MSME လုပ်ငန်းများ အောင်မြင်အောင် ဆောင်ရွက်ကြစေရန် ရှင်းလင်းပြောကြားစေလိုကြောင်း၊ MSME လုပ်ငန်းများသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို များစွာအထောက်အကူပြုနိုင်သည့်အတွက် ယခု ကျင်းပမည့်ပြပွဲနှင့် ပြိုင်ပွဲကို ခမ်းခမ်းနားနားဖြင့် ရည်မှန်းချက်ကြီးကြီးထား၍ ကျင်းပ ခြင်းဖြစ်ကြောင်း၊ MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲမှတစ်ဆင့် MSME လုပ်ငန်းများသည် နိုင်ငံတော်၏ အမျိုးသားရေးရည်မှန်းချက်ဖြစ်သည့် တိုင်းပြည် သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးကို များစွာအထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း၊ MSME လုပ်ငန်းရှင်များအနေဖြင့် ဒေသတစ်ခု ထုတ်ကုန်တစ်ခု ထုတ်လုပ်ပြီး ပြည်တွင်း သုံးစွဲရုံသာမက ပြည်ပသို့ တင်ပို့နိုင်သည့်အထိ ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း၊ MSME လုပ်ငန်းကော်မတီ စတင်ဖွဲ့စည်းချိန်မှစ၍ ယနေ့ချိန်အထိ တိုးတက်မှုရှိသော် လည်း ပို့ကုန်အမယ်သစ်များ ပြည်ပသို့တင်ပို့နိုင်ရန်နှင့်ပို့ကုန်တိုးမြှင့်နိုင်ရန်လိုကြောင်း ဖြင့်  ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက  ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား အစီအစဉ်၊ ဝန်ကြီးဌာနများ၊ နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ပြခန်းများ၊ ပါဝင်ပြသကြ မည့် ထုတ်ကုန်အမျိုးအစားများ၊ ပြိုင်ပွဲအမျိုးအစားများနှင့် ဆုချီးမြှင့်မည့် အစီအစဉ် များ ဆောင်ရွက်ထားရှိမှုများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက် ကျင်းပရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ စက်မှုဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးရင်မောင်ညွန့်က ဆပ်ကော်မတီများဖွဲ့စည်းထားရှိမှုနှင့် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲကျင်းပနိုင်ရေး စီမံဆောင်ရွက်ထားရှိမှု အခြေအနေ များကို ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ လုံခြုံရေးဆပ်ကော်မတီ၊ ဖိတ်ကြားရေး၊ နေရာချထားရေးနှင့် ဧည့်ခံကျွေးမွေးရေးဆပ်ကော်မတီ၊ မုခ်ဦးနှင့် ပြခန်းများ တည်ဆောက်ရေး ဆပ်ကော်မ တီ၊ ပြခန်းနေရာချထားရေးနှင့် ခင်းကျင်းပြသရေးဆပ်ကော်မတီ၊ ဖွင့်ပွဲအခမ်းအနား၊ ဆုချီးမြှင့်ရေးနှင့် ဖျော်ဖြေရေးဆပ်ကော်မတီ၊ ပြိုင်ပွဲကျင်းပရေး၊ ဆုရွေးချယ်ရေးနှင့် ဆုချီးမြှင့်ရေးဆပ်ကော်မတီ၊ လုပ်ငန်း/ စီးပွားချိတ်ဆက်မှု ဆပ်ကော်မတီ၊ အုပ်ချုပ်မှု ဆိုင်ရာကိစ္စရပ်များ ဆပ်ကော်မတီ၊ လျှပ်စစ်မီးရရှိရေးဆပ်ကော်မတီ၊ သတင်းနှင့် ပြန်ကြားရေးဆပ်ကော်မတီနှင့် ဘဏ္ဍာရေးဆပ်ကော်မတီတို့မှ ဥက္ကဋ္ဌများနှင့် တိုင်းဒေ သကြီးနှင့် ပြည်နယ်များမှ အေဂျင်စီဥက္ကဋ္ဌများက ကော်မတီများအလိုက် လုပ်ငန်း ဆောင်ရွက်ပြီးစီးမှု၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် ပြခန်းများ ပြင်ဆင်ထားရှိမှု၊ ခင်းကျင်း ပြသသွားမည့် ထုတ်ကုန်အမျိုးအစားများ၊ ရိုးရာအစားအစာဆိုင်ခန်း များတွင် ရောင်းချသွားမည့် ဒေသရိုးရာအစားအစာများနှင့် ပြိုင်ပွဲတွင်ပါဝင် ယှဉ်ပြိုင် သွားမည့် အစီအစဉ်များကို  ရှင်းလင်းတင်ပြကြသည်။

ထို့နောက် တက်ရောက်လာကြသူများက MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြရာ  အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။

အစည်းအဝေးအပြီးတွင် လုပ်ငန်းကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် အဖွဲ့ဝင်များနှင့်အတူ ဝန်ကြီးဌာနပြခန်းများ၊ တိုင်းဒေသကြီး/ ပြည်နယ်ပြခန်းများ၊ တိုင်းရင်းသား ရိုးရာအစားအစာ ရောင်းချဆိုင်ခန်းများ၊ လုပ်ငန်း/စီးပွားချိတ်ဆက်မှု များ(B2B)၊ နည်းပညာပြခန်းများ၊ ပြည်ပစက်ပစ္စည်းနှင့် ထုတ်ကုန်ပြခန်းများ၊ အသေး စားစက်မှုလက်မှုလုပ်ငန်းနှင့် ကုန်ထုတ်သမဝါယမပြခန်းများ အပြီးသတ် ဆောင်ရွက် နေမှုနှင့် ပြခန်းအလိုက် ခင်းကျင်းပြသရန် ပြင်ဆင်ဆောင်ရွက်နေမှုများကို လိုက်လံ ကြည့်ရှု အားပေးခဲ့ကြောင်း သတင်းရရှိသည်။


#MNP #News 

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)