တာမွေ၊ ဖေဖော်ဝါရီ ၂၁
ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ( YRTC )မှ ကြီးမှူးကျင်းပသော ၂၀၂၄-ခုနှစ်အတွင်း ရန်ကုန်မြို့တွင်း ခရီးသွားပြည်သူများကို အကောင်းဆုံးဝန်ဆောင်မှုပေးခဲ့ကြသည့် YBS ခရီးသည် တင်ယာဉ်မောင်းများအား YBS စံပြယာဉ်မောင်းဆု၊ တာဝန်သိယာဉ်မောင်းဆုနှင့် လူမှုကွန်ယက်စာမျက်နှာတွင် ချီးကျူးဂုဏ်ပြုခြင်းခံရသော ဝန်ဆောင်မှုကောင်းသည့် ယာဉ်မောင်းများအား ဂုဏ်ပြုဆုပေးအပ်ချီးမြှင့်ခြင်းအခမ်း အနားကို ယနေ့နံနက်ပိုင်းအချိန်က ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ မာန်အောင်ရပ်ကွက် လေးထောင့်ကန်လမ်းမကြီး ပေါ်ရှိ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) ရုံးအောက်ထပ် အစည်းအဝေးခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ ( YRTC )မှ ဒုတိယဥက္ကဋ္ဌ ဦးချစ်ကိုကိုက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ၂၀၂၄-ခုနှစ်အတွင်း YBS စံပြယာဉ်မောင်းဆုရရှိသူ (၄၈)ဦးအား တစ်ဦးလျှင် ငွေကျပ် (၆)သိန်းစီနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကိုလည်းကောင်း၊ တာဝန်သိ ယာဉ်မောင်း ဆုအဖြစ် အကျင့်စာရိတ္တ ကောင်းမွန်ပြီး ခရီးသွားပြည်သူများ ကျန်ရစ်ခဲ့သော တန်ဖိုးကြီးပစ္စည်းများနှင့် ငွေကြေး တို့ကို ခရီးသွားပြည်သူများ လက်ဝယ်အရောက် ပြန်လည်ပေးအပ်ခဲ့သော ယာဉ်မောင်း(၁၄၈)ဦးတို့ကို တစ်ဦးလျှင် ငွေကျပ် (၃)သိန်းစီနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကိုလည်းကောင်း၊ လူမှုကွန်ယက်စာမျက်နှာတွင် ချီးကျူးဂုဏ်ပြုခြင်း ခံရသော ဝန်ဆောင်မှုကောင်းသည့် ယာဉ်မောင်း (၄)ဦးတို့အား တစ်ဦးလျှင် ငွေကျပ် (၃)သိန်းစီနှင့် ဂုဏ်ပြုမှတ်တမ်း လွှာများကိုလည်းကောင်း အသီးသီး ဂုဏ်ပြုချီးမြှင့်ခဲ့သည်။
ဆက်လက်၍ ၂၀၂၄-ခုနှစ်အတွင်း ခရီးသည်ပို့ဆောင်ရေး တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြသည့် YBS ခရီးသည်တင် ယာဉ်လိုင်းကုမ္ပဏီများနှင့် YBS ခရီးသည် ပို့ဆောင်ရေးတာဝန်ထမ်းဆောင်ရာတွင် ပံ့ပိုးကူညီခဲ့ကြသော ဌာနဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ပညာရှင်တို့အား ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီး ပေးအပ်ခဲ့ပြီး Mother Construction Co., Ltd၊ Asia Starmar Transport Intelligent Co., Ltd နှင့် Super One Co., Ltd၊ YUPT Co., Ltd၊ YBPC Co., Ltd တို့မှ ဂုဏ်ပြုဆုရ YBS ခရီးသည်တင်ယာဉ်မောင်းများအား မေတ္တာလက်ဆောင်ချီးမြှင့်ငွေများအား လက်ဝယ်အရောက် ထပ်ဆောင်းချီးမြှင့် ပေးအပ်ခဲ့ကြသည်။ ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသူများသည် ဂုဏ်ပြုဆုရရှိသော YBS ခရီးသည် တင်ယာဉ်မောင်းများနှင့်အတူ အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ခဲ့ကြသည်။
ရန်ကုန်မြို့တွင်း ပြေးဆွဲနေသော YBS ခရီးသည်တင်ယာဉ်လိုင်းကုမ္ပဏီများမှ ယာဉ်မောင်းများအား ဂုဏ်ပြု ဆုချီးမြှင့်ခြင်း အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ ( YRTC )မှ တာဝန်ရှိသူများ၊ ဂုဏ်ပြုဆုရရှိသည့် YBS ခရီးသည်တင်ယာဉ်လိုင်းကုမ္ပဏီများမှ ယာဉ်မောင်းများနှင့် ဖိတ်ကြားထား သော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပြီး ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှု ကော်မတီ( YRTC )အနေဖြင့် နေ့စဉ် YBS ခရီးသည်တင်ယာဉ်အစီးရေ (၃၇၀၀) ဝန်းကျင်ဖြင့် ခရီးသွားပြည်သူ (၁.၅)သန်းအား လိုရာခရီးကို အဆင်ပြေချောမွေ့စွာ သွားလာနိုင်အောင် ပြေးဆွဲပို့ဆောင်ပေးလျက်ရှိကြောင်းနှင့် ၂၀၂၂ - ခုနှစ်မှ ၂၀၂၄ - ခုနှစ်အထိ YBS စံပြယာဉ်မောင်းဆုရရှိသူ (၁၄၈)ဦး၊ တာဝန်သိ ယာဉ်မောင်းဆုရရှိသူ (၂၃၁)ဦးနှင့် လူမှုကွန်ယက်စာမျက်နှာတွင် ချီးကျူးဂုဏ်ပြုခြင်းခံရသော ဝန်ဆောင်မှုကောင်းသည့် ယာဉ်မောင်းဆု ရရှိသူ(၄)ဦးထိရှိကြောင်း သတင်းရရှိပါသည်။
နိုင်လင်းအောင်
#News #MNP
Join - https://t.me/MyanmarNationalPost










No comments:
Post a Comment