AA အကြမ်းဖက်အဖွဲ့နှင့် ဆက်နွယ်သော မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့အား ငွေကျပ် ၉၆ ဘီလီယံကျော်တန်ဖိုးရှိအိုက်စ်(မက်သ်အဖက်တမင်း) ၃ တန်ကျော်၊ ကက်တမင်း ၂ဝဝ ကီလို တို့နှင့်အတူ ဖမ်းဆီးရမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

AA အကြမ်းဖက်အဖွဲ့နှင့် ဆက်နွယ်သော မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့အား ငွေကျပ် ၉၆ ဘီလီယံကျော်တန်ဖိုးရှိအိုက်စ်(မက်သ်အဖက်တမင်း) ၃ တန်ကျော်၊ ကက်တမင်း ၂ဝဝ ကီလို တို့နှင့်အတူ ဖမ်းဆီးရမိ







ရန်ကုန်၊ မတ် ၁၈

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ သည် မတ်လ ၆ ရက်နေ့ ည ၇ နာရီခွဲအချိန် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၁၄၄)ရပ်ကွက်၊ ဆင်ဖြူရှင်လမ်း၊ အမှတ်(၅၄၆/၅၄၇)ရှိ ဂိုဒေါင်အား သတင်းအရဝင်ရောက်ရှာဖွေရာ သန်းလွင်၊ ဝေယျာအောင် (ခ)သားကြီး၊ သန့်ကောင်းဆက်(ခ)ပေါင်ချိန်၊ ရဲရင့်နိုင်၊ လှသန်းဦး(ခ)ရာကွတ် တို့ ၅ ဦး အား အိုက်စ်(မက်သ်အဖက်တမင်း) ၁ ဒသမ ၂ တန်၊ TOYOTA HILUX ယာဉ်(၁)စီး၊ TOYOTA LAND CRUISER ယာဉ်(၁)စီး နှင့် MERCEDES BENZ ယာဉ် (၁)စီးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ အိုက်စ်(မက်သ်အဖက်တမင်း)များအား "ဝ" ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ပန်ဆန်းမြို့တွင်နေထိုင်သူ တင်မောင်ဝင်း ၏ အစီအမံဖြင့် သန်းလွင် မှ တာဝန်ခံ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ပြီး သန်းလွင် ထံမှ အိုက်စ်(မက်သ်အဖက်တမင်း)များအား ရန်ကုန် မြို့တွင် တစ်ဆင့်ပြန်လည်ရောင်းချသူ ဟိန်းစည်သူ(ခ)ဇော်ဇော်အောင်(ခ)အောင်ကိုကို(ခ) ထင်လင်းပြည့် အား သာကေတမြို့နယ်၊ ရှုခင်းသာလမ်းတွင်လည်းကောင်း၊ စိတ်ပြောင်းဆေးဝါးများအား တစ်ဆင့် ပြန်လည်ရောင်းချရန် ချိတ်ဆက်ပေးသူ တင်လှ(ခ)စသစ် အား ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၁၀၄)ရပ်ကွက်တွင်လည်းကောင်း ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရပါသည်။

သတင်းကွင်းဆက်အရ မတ်လ ၆ ရက်နေ့ ည ၉ နာရီခွဲအချိန် မြောက်ဥက္ကလာပမြို့နယ်၊ (ဌ)ရပ်ကွက်၊ သုဓမ္မာလမ်းမကြီးတွင် ကျော်ကျော်သိန်း(ခ)ကျော်ကျော်(ခ)အသေးလေး မောင်းနှင် လာသည့် HYUNDAI BOX ယာဉ်ကိုရှာဖွေရာ ယာဉ်ပေါ်မှ အိုက်စ်(မက်သ်အဖက်တမင်း) ၁ ဒသမ ၂၆၅ တန် နှင့် ကက်တမင်း ၂၀၀ ကီလို ဖမ်းဆီးရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်အရ အဆိုပါ စိတ်ပြောင်းဆေးဝါးများကို မလေးရှားပင်လယ်ရေပြင်သို့ ချိတ်ဆက်ပို့ဆောင်ရောင်းချရန် စီမံခန့်ခွဲ သူမှာ AA စီးပွားရေးတာဝန်ခံ ရဲဝင်း(ခ)ကျော်စိုးလင်း နှင့် ၎င်း၏ဇနီးဖြစ်သူ ရွှေကောင်းသာ စက်လှေ ပိုင်ရှင် မသီတာမြင့် တို့ဖြစ်ကြောင်း၊ ရန်ကုန်မြို့တွင် မူးယစ်ဆေးဝါးများလက်ခံ၍ ရွှေကောင်းသာ စက်လှေဖြင့် မလေးရှားပင်လယ်ပြင်သို့ တာဝန်ခံပို့ဆောင်သူ မင်းမင်းစိုး အား ရှမ်းပြည်နယ် (တောင်ပိုင်း) လွိုင်လင်မြို့တွင် ဖမ်းဆီးရမိခဲ့ကြောင်း၊ ၎င်းသည် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလတွင် မူးယစ်ဆေးဝါးများအား မလေးရှားပင်လယ်ပြင်သို့ ရွှေကောင်းသာ စက်လှေဖြင့် တင်ပို့ခဲ့ကြောင်းနှင့် မလေးရှားသို့ မူးယစ်ဆေးဝါးများ ပို့ဆောင်ရာတွင် ဦးစီးလုပ်ကိုင်သူ မျိုးမင်းစိုး(ခ)ကိုမျိုးအား မြောက်ဉက္ကလာပမြို့နယ်၊ သုဓမ္မာလမ်းမကြီးတွင် CELSIOR ယာဉ်နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ၎င်းနေထိုင်သည့် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၄၉)ရပ်ကွက်ရှိ နေအိမ်မှ အိုက်စ်(မက်သ်အဖက်တမင်း) ၁ တန် ထပ်မံသိမ်းဆည်းရမိခဲ့ပြီး စိတ်ပြောင်းဆေးဝါးများအား မလေးရှားပင်လယ်ပြင်သို့ ရွှေကောင်းသာ စက်လှေဖြင့် သယ်ဆောင်ရာတွင် ပူးပေါင်းပါဝင်သည့် ကျော်ဝေထွန်း၊ သိန်းထွန်း(ခ)သန့်ဇင်၊ ရန်ရှင်းအောင် နှင့် ဇော်ဇော်အောင် တို့အား ဆိပ်ကြီးခနောင်တိုမြို့ နယ်၊ ဆမားဒူးဝါအပိုင်း(၄)ရပ်ကွက်၌ ရွှေကောင်းသာ စက်လှေနှင့်အတူ ဖမ်းဆီးရမိခဲ့သဖြင့် စုစုပေါင်း ဒေသကာလတန်ဖိုးငွေကျပ် ၉၆ ဒသမ ၆၂၅ ဘီလီယံတန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၃ ဒသမ ၄၆၅ တန်နှင့် ကက်တမင်း ၂၀၀ ကီလို တို့ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

AA စီးပွားရေးတာဝန်ခံ ရဲဝင်း(ခ) ကျော်စိုးလင်း နှင့် ၎င်း၏ဇနီး မသီတာမြင့် တို့သည် တန့်ယန်း၊ တောင်ကြီး၊ မန္တလေး နှင့် ရန်ကုန်မြို့ တို့တွင် မော်တော်ယာဉ်ဂိတ်များဖွင့်လှစ်၍ ၎င်းတို့ပိုင် ခရီးသည်တင်မှန်လုံယာဉ် ၁၆ စီးဖြင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ လုပ်ကိုင်လျက်ရှိကြောင်း သိရှိရသဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်ရာမှရရှိသည့် ငွေကြေးအကျိုးအမြတ်များ၊ ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးအတွက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေး ဥပဒေဖြင့် ဆက်လက်အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်း ရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)