မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှတစ်ဆင့် တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား ၁၆၁ ဦး ထပ်မံစစ်ဆေးဖော်ထုတ်ထိန်းသိမ်းခဲ့ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှတစ်ဆင့် တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား ၁၆၁ ဦး ထပ်မံစစ်ဆေးဖော်ထုတ်ထိန်းသိမ်းခဲ့


နေပြည်တော်၊ မတ် ၁၅

ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှ တရားမဝင် ဝင်ရောက်လာပြီး ကရင်ပြည်နယ်၊ မြဝတီမြို့ - မယ်ထော် သလေးနှင့် KK Park နယ်မြေများတွင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုများ ကျူးလွန်ခဲ့ကြသည့် ပြည်ပနိုင်ငံသားများကို စစ်ဆေးဖော်ထုတ်ထိန်းသိမ်းလျက်ရှိရာ ယနေ့တွင် တရုတ်နိုင်ငံသား ၁၅၈ ဦးနှင့် အင်ဒိုနီးရှားနိုင်ငံသား ၃ ဦး ထပ်မံထိန်းသိမ်းနိုင်ခဲ့သည်။

အဆိုပါထိန်းသိမ်းထားသည့် ပြည်ပနိုင်ငံသားများကို သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံး ပြန်လည်လွှဲပြောင်းပေးနိုင်ရေး လိုအပ်သည့် ကိုယ်ရေးအချက်အလက်များနှင့် မှတ်တမ်းများ စာရင်းကောက်ယူခြင်းလုပ်ငန်းကို ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များဖြင့် ဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် ကရင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းသူကျော်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးမည့် ပြည်ပနိုင်ငံသားများအား ကောင်းမွန်စွာ ထိန်းသိမ်းထားရှိမှုနှင့် ထပ်မံဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့သည့် ပြည်ပနိုင်ငံသား ၁၆၁ ဦးတို့၏ ကိုယ်ရေးအချက်အလက်များ၊ မှတ်တမ်းများ စာရင်းကောက်ယူနေမှု အခြေအနေတို့ကို လိုက်လံကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ စာရင်းဇယားအချက်အလက်များ မှန်ကန်ပြည့်စုံစေရေး၊ ထိန်းသိမ်းထားသည့် ပြည်ပနိုင်ငံသားများ၏ နေထိုင်စားသောက်ရေး၊ ကျန်းမာရေး၊ လုံခြုံရေး၊ လွှဲပြောင်းပေးရေးလုပ်ငန်းစဉ်များ နှောင့်နှေးကြန့်ကြာမှုမရှိစေရေးနှင့် အမြန်ဆုံး စနစ်တကျ ပြန်လည်လွှဲပြောင်းနိုင်ရေးကိစ္စရပ်များအပေါ် လိုအပ်သည်များကို လမ်းညွှန် မှာကြားကာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်မှ မတ်လ ၁၅ ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား စုစုပေါင်းဦးရေ ၆၄၃၆ ဦးစစ်ဆေးဖော်ထုတ် ထိန်းသိမ်းနိုင် ခဲ့ကာ ၎င်းတို့အနက်မှ ၃၅၈၈ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံး လုပ်နည်းများနှင့်အညီ စနစ်တကျ လွှဲပြောင်းပေးခဲ့ပြီး ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၂၈၄၈ ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်းနှင့် ၎င်းတို့ကို ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားရှိသည်။

နိုင်ငံတော်အစိုးရအနေဖြင့် မြန်မာနိုင်ငံ၏ နယ်စပ်ဒေသများတွင် ဖြစ်ပေါ်လျက်ရှိသည့် အွန်လိုင်းလောင်းကစားမှု၊ အွန်လိုင်းလိမ်လည်မှုများအပါအဝင် ဒုစရိုက်မှုမျိုးစုံကို အမျိုးသားရေး အသွင်ဖြင့် နိုင်ငံတကာအဖွဲ့အစည်းများ၊ ပြည်သူများနှင့် ပူးပေါင်းလက်တွဲကာ ထိထိရောက်ရောက် ပြတ်ပြတ်သားသား တိုက်ဖျက်နှိမ်နင်းပြီး စုံစမ်းဖော်ထုတ်အရေးယူမှုများကို ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)