စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၌ ၂၀၂၅-ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၌ ၂၀၂၅-ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့ အခမ်းအနားကျင်းပ

 



မုံရွာ , မတ် ၂၂


စစ်ကိုင်းတိုင်းဒေသကြီး၊ ၂၀၂၅-ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းတွင် မုံရွာမြို့၊ ချင်းတွင်းခန်းမ၌ကျင်းပရာ အခမ်းအနားသို့  တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။


ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ကမ္ဘာပေါ်တွင်ရှိသည့် အပင်နှင့်တိရစ္ဆာန်များ ရှင်သန်ကြီးထွားရန်အတွက် ကောင်းမွန်တည်မြဲသည့် ဂေဟစနစ်သည် အခြေခံအုတ်မြစ်ဖြစ်ပါကြောင်း၊ စားရေရိက္ခာများရရှိမှုနှင့် ထုတ်လုပ်သည့် နည်းလမ်းများသည် သဘာဝပတ်ဝန်းကျင်အခြေခံများနှင့် နက်နက်ရှိုင်းရှိုင်း ဆက်စပ်လျက်ရှိပါကြောင်း၊ ဂေဟစနစ်များ တည်ငြိမ်ကောင်းမွန်ပြီး ရာသီဉတုမျှတကောင်းမွန်မှသာ စိုက်ပျိုးရေးနှင့် စားရေရိက္ခာ ထုတ်လုပ်ရေးများ အောင်မြင်ဖြစ်ထွန်းလာမည်ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံ၏ အဖိုးတန်သစ်တောသယံဇာတများ ရေရှည်တည်တံ့ပြီး နိုင်ငံစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုအား အထောက်အကူပြုစေရန်အတွက် မြန်မာ့သစ်တော မူဝါဒနှင့်အညီ သစ်တောများအား စီးပွားရေးအမြင်၊ လူမှုရေးအမြင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအမြင်အစရှိသည့် အမြင်မျိုးစုံ၊ ရှုထောင့်မျိုးစုံနှင့်ရှုမြင်ပြီး သားစဉ်မြေးဆက် ရေရှည်ထိန်းသိမ်းသွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။


ယင်းနောက် တိုင်းဒေသကြီး သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူးက အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့ ဖြစ်ပေါ်လာပုံအကြောင်းအား ရှင်းလင်းဖတ်ကြားပြီး အခမ်းအနားသို့ တက်ရောက်လာသူများမှ ၂၀၂၅-ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့  အထိမ်းအမှတ် Video Clip အား ကြည့်ရှုအားပေးကြသည်။


ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း သစ်တောပြုစုထိန်းသိမ်းခြင်းလုပ်ငန်းတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်ခဲ့သည့် မုံရွာစီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ်ထံ ဂုဏ်ပြုမှတ်တမ်းလွှာအားလည်းကောင်း၊ တိုင်းဒေသကြီး တရားသူကြီးချုပ်က မုံရွာတက္ကသိုလ် ပါမောက္ခချုပ်ထံ ဂုဏ်ပြုမှတ်တမ်းလွှာအားလည်းကောင်း၊ တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီးက မုံရွာဂေါက်ကွင်းမှ တာဝန်ရှိသူတစ်ဦးထံ ဂုဏ်ပြုမှတ်တမ်းလွှာအားလည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ကြသည်။


ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများမှ ခန်းမအတွင်း ခင်းကျင်းပြသထားသည့် ၂၀၂၅-ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့ အထိမ်းအမှတ် မှတ်တမ်းဓါတ်ပုံများနှင့် ပိုစတာများအား လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)