တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို တက္ကသိုလ်ဝင်တန်းစာမေးပွဲ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို တက္ကသိုလ်ဝင်တန်းစာမေးပွဲ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်





ထားဝယ်၊ မတ် ၁၄

၂၀၂၄-၂၀၂၅ ခု၊  ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၉)နာရီက ထားဝယ်မြို့၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက  တိုင်းဒေသကြီးတွင် အနာဂတ်အတွက် လိုအပ်သော လူသားအရင်းအမြစ်ဖြစ်သည့် ကျောင်းသား၊ ကျောင်းသူများ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုမည့်နေရာတွင် အေးချမ်းလုံခြုံစွာဖြေဆိုနိုင်ရေး ဆောင်ရွက်ပေးရမည့်ကိစ္စရပ်များ၊ စည်းကမ်းတကျ ဖြေဆိုနိုင်ရေးအတွက်ကို ပြုလုပ်သောအစည်းအဝေးဖြစ်ကြောင်း၊  တက္ကသိုလ်ဝင်တန်းစာမေးပွဲကို လာမည့်မတ်လ (၁၇)ရက်နေ့မှ (၂၂)ရက်အထိ ကျင်းပမည့်ဖြစ်ပြီး တိုင်းဒေသကြီးအနေဖြင့်  စာစစ်ဌာန (၁၆)ခုတွင် လုံခြုံရေး၊ စာမေးပွဲဖြေဆိုနေစဉ်ကာလအတွင်း ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရေး၊ ကျောင်းသား၊ ကျောင်းသူများ သွားလာနေစဉ် စာစစ်ဌာနသို့ အချိန်မီရောက်ရှိရေး ကူညီဆောင်ရွက်ပေးစေလိုကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့်  စာစစ်ဌာနသို့ သွားလာနေစဉ် လမ်းခရီးအခက်အခဲများရှိနိုင်ကြောင်း၊  ကျောင်းသား၊ ကျောင်းသူများ ကျန်းမာရေးအခြေအနေများကြောင့် ဖြေဆိုရပါက ကျန်းမာရေးဦးစီးဌာနနှင့် ဆက်စပ်ပြီး ဝိုင်းဝန်းကူညီဆောင်ရွက်ပေးစေလိုကြောင်း၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲသည် တိုင်းဒေသကြီးအတွက် အရေးကြီးသောလုပ်ငန်းဖြစ်သောကြောင့် ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချော့မွေ့စွာ ဖြေဆိုနိုင်ရေး ဝိုင်းဝန်းကူညီဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူးဗိုလ်မှူးချုပ်ကျော်ကျော်ဟန် က တိုင်းဒေသကြီးအတွင်း စာစစ်ဌာန (၁၆)ခုရှိပြီး ဖြေသူဦးရေ (၄၇၅၇)ဦးရှိကြောင်း၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲသည် နိုင်ငံနှင့်တိုင်းဒေသကြီးအတွက် အရေးကြီးသောလုပ်ငန်းဖြစ်ကြောင်း၊  တပ်ဖွဲ့ဝင်၊ မြန်မာနိုင်ငံရဲ၊ ပြည်သူ့စစ်၊ ပြည်သူ့လုံခြုံရေးများနှင့် ပူးပေါင်းကာ လုံခြုံရေးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားပြီး တိုင်းဒေသကြီး ပညာရေးညွှန်ကြားရေးမှူးက တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးများ၊ လုံခြုံရေးဆိုင်ရာတာဝန်ရှိသူများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက အေးချမ်းလုံခြုံစွာဖြေဆိုနိုင်ရေး၊ လုံခြုံရေးဆိုင်ရာ ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းများအား ရှင်းလင်းဆွေးနွေးတင်ပြကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)