သီရိမင်္ဂလာကမ္ဘာအေးစေတီတော်၌ အဆင့်မြင့်တာရာဇိုကြမ်းခင်းနှင့် ရင်ပြင်တော် နေပူခံစကျင်ကျောက်ပြားခင်းကျင်းမှု အပိုင်း(၁)အောင်ပွဲ ရေစက်သွန်းလောင်းအလှူတော်မင်္ဂလာ အခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

သီရိမင်္ဂလာကမ္ဘာအေးစေတီတော်၌ အဆင့်မြင့်တာရာဇိုကြမ်းခင်းနှင့် ရင်ပြင်တော် နေပူခံစကျင်ကျောက်ပြားခင်းကျင်းမှု အပိုင်း(၁)အောင်ပွဲ ရေစက်သွန်းလောင်းအလှူတော်မင်္ဂလာ အခမ်းအနားကျင်းပ



 ရန်ကုန်၊ မတ် ၂၄

ဆဋ္ဌသင်္ဂါယနာသာသနာ့သမိုင်းဝင် သီရိမင်္ဂလာကမ္ဘာအေးစေတီတော်မြတ်ကြီး ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့က ကြီးမှူးကျင်းပသည့် အဆင့်မြင့်တာရာဇိုကြမ်းခင်းနှင့် ရင်ပြင်တော်နေပူခံစကျင်ကျောက်ပြား ခင်းကျင်းမှုအပိုင်း(၁)အောင်ပွဲ ရေစက်သွန်းလောင်း အလှူတော်မင်္ဂလာ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီတွင် အဆိုပါစေတီတော်၌ ကျင်းပသည်။

ဦးစွာ စေတီတော်မုခ်ဦးရှေ့၌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များနှင့် အလှူရှင်များက အဆင့်မြင့်တာရာဇိုကြမ်းခင်းနှင့် ရင်ပြင်တော် နေပူခံစကျင်ကျောက်ပြားခင်းကျင်းမှု အပိုင်း(၁)အောင်ပွဲကို ရွှေကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။

ထို့နောက်အခမ်းအနားကို စေတီတော်ပရိဝုဏ်အတွင်း၌ ဆက်လက်ကျင်းပရာ သီရိမင်္ဂလာကမ္ဘာအေး စေတီတော်မြတ်ကြီး ဘဏ္ဍာတော်ထိန်းဂေါပက အဖွဲ့၏ဩဝါဒါစရိယ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တစန္ဒဝံသာလင်္ကာရာဘိဝံသထံမှ ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော် သံဃာတော်များ ချီးမြှင့်တော်မူသည့် ပရိတ်တရားတော်များ နာယူကြသည်။

ယင်းနောက် သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ သီရိမင်္ဂလာ ကမ္ဘာအေးစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပက အဖွဲ့ဝင်များနှင့်အလှူရှင်များက ဆရာတော် သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် အဆင့်မြင့်တာရာဇိုကြမ်းခင်းနှင့် ရင်ပြင်တော် နေပူခံစကျင်ကျောက်ပြားခင်းကျင်းမှု အပိုင်း(၁) အောင်ပွဲကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ အလှည့်ကျသဘာပတိ ဂေါပကအဖွဲ့ဝင် ဦးလှထွန်းက အောင်ပွဲရေစက်သွန်းလောင်း အလှူမင်္ဂလာ ကျင်းပရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းလျှောက်ထားပြီး ဂီတစာဆိုစန္ဒရား ဦးသက်ဆွေ ရေးစပ်သီကုံးသော ရေစက်သွန်းလောင်းအလှူတော်အောင်ပွဲ မင်္ဂလာပိုဒ်စုံရတုကို တေးသံရှင် မေသင်္ကြန်လွမ်းနိုင်က ဖတ်ကြားသည်။

ဆက်လက်၍ နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ တွဲဖက်အကျိုးတော်ဆောင် အဂ္ဂမဟာ ဂန္ထဝါစက ပဏ္ဍိတ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဇောတိဿရထံမှ အနုမောဒနာတရား နာယူကြပြီး ရေစက်သွန်းလောင်း အမျှပေးဝေကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)