စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ပညာရေး နှင့်သင်ပြနည်းပညာ ဒီပလိုမာသင်တန်း (Dip.EP) ဖွင့်ပွဲအခမ်းအနား တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ပညာရေး နှင့်သင်ပြနည်းပညာ ဒီပလိုမာသင်တန်း (Dip.EP) ဖွင့်ပွဲအခမ်းအနား တက်ရောက်





မုံရွာ၊ မတ် ၂၅

စစ်ကိုင်းတိုင်းဒေသကြီး ပညာရေးမှူးရုံးနှင့် မုံရွာပညာရေးဒီဂရီကော်လိပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ပညာရေးနှင့်သင်ပြနည်းပညာ ဒီပလိုမာ သင်တန်း (Dip.EP) ဖွင့်ပွဲအခမ်းအနားကို မတ်လ ၂၄ ရက်၊ နံနက်ပိုင်းတွင် မုံရွာပညာရေး ဒီဂရီကောလိပ်ရှိ ပဉ္စဗလဘက်စုံသုံးခန်းမတွင်ကျင်းပပြုလုပ်ရာ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး ပညာရေးမှူးရုံးမှ တာဝန်ရှိသူများ၊ မုံရွာပညာရေးဒီဂရီကော်လိပ်မှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ သင်တန်းသား/သင်တန်းသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က ဆရာ/ဆရာမများ၏ သင်ကြားမှုအရည်အချင်းသည် ပညာရေး၏အရည်အသွေးအား သတ်မှတ်ပေးသကဲ့သို့ ကျောင်း သားများ ကျောင်းနေမြဲရေး၊ တန်းစဉ်ကူးပြောင်းနှုန်းမြင့်မားရေး၊ အသိပညာ၊ အတတ်ပညာဖွံ့ဖြိုးတိုးတက်စေရေးနှင့် ပညာရေးဆိုင်ရာရလဒ်များ ပိုမိုကောင်းမွန်မြင့် မားလာစေရေးအတွက် အလွန်အရေးကြီးပါကြောင်း၊ ယခုသင်တန်းတွင် နည်းပြများအဖြစ် ဆောင်ရွက်ကြမည့် ပညာရေးဒီဂရီကောလိပ်မှ တာဝန်ရှိသူများ၊ ကထိကများ၊ နည်းပြများနှင့် မဟာပညာရေးဘွဲ့ရ အထက်တန်းပြ ဆရာ၊ဆရာမများသည် အရည်အသွေးပြည့်ဝသူများ ဖြစ်နေရန်လိုအပ်ပြီး သင်တန်းသားများအား ဆရာစားမချန်ဘဲ ကြိုးစားသင်ကြားခြင်းဖြင့် သင်တန်း၏ရည်မှန်းချက်ပြည့်မီရေးနှင့် သင်တန်းထိရောက်အကျိုးရှိရေးအတွက် ပါဝင်ဆောင်ရွက်သွားကြရန်လိုအပ်ပါကြောင်း၊ သင်တန်းသို့တက်ရောက်လာကြသည့် ဆရာ/ဆရာမများအနေဖြင့် သင်တန်းမှပို့ချပေးမည့် ဘာသာရပ်အလိုက် သင်ပြနည်းများအား စိတ်ဝင်တစား လေ့လာသင်ယူမှတ်သားပြီး သင်ကြားမှုအရည်အသွေးများ တိုးတက်အောင်ကြိုးစားသွားကြရန်နှင့် သင်ကြားရေးနယ်ပယ်တွင် အကျိုးရှိစွာပြန်လည်အသုံးချ၍ မြန်မာနိုင်ငံ၏ ပညာရေးအဆင့်အတန်း မြင့်မားစေရေးအတွက် ပူးပေါင်းပါဝင်ကြိုးစားသွားကြရန်လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ပညာရေးနှင့်သင်ပြနည်းပညာ ဒီပလိုမာသင်တန်း (Dip.EP) သင်တန်းသား/သင်တန်းသူများအတွက် သင်တန်းသား/သင်တန်းသူ ၂ ဦးထံ ဂုဏ်ပြုချီးမြှင့်ငွေကျပ် သိန်း - ၃၀ အားပေးအပ်ချီးမြှင့်သည်။

ဆက်လက်၍ တိုင်းဒေသကြီးပညာရေးမှူးရုံးမှညွှန်ကြားရေးမှူး (စီမံ/ဘဏ္ဍာ) မှ ဦးဟန်တင်က ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ပညာရေးနှင့်သင်ပြနည်းပညာ ဒီပလိုမာသင် တန်း(Dip.EP) ဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သင်တန်းသား/သင် တန်းသူများနှင့် စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးကာ သင်တန်းသား/သင်တန်းသူများအားရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြသည်။

အဆိုပါ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ပညာရေးနှင့်သင်ပြနည်းပညာ ဒီပလိုမာသင်တန်း (Dip.EP)အား စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၆ မြို့နယ်တွင် သင်တန်းသား/သင်တန်းသူစုစုပေါင်း - ၂၄၅၆ ဦးဖြင့် မတ်လ ၂၄ ရက်မှ မေလ ၃၀ ရက်နေ့ထိ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)