ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တရုတ်နိုင်ငံ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များအား ဂုဏ်ပြုနှုတ်ဆက်ခြင်းအခမ်းအနားသို့ တက်ရောက်ဂုဏ်ပြုအမှာစကားပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တရုတ်နိုင်ငံ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များအား ဂုဏ်ပြုနှုတ်ဆက်ခြင်းအခမ်းအနားသို့ တက်ရောက်ဂုဏ်ပြုအမှာစကားပြောကြား









နေပြည်တော်၊ ဧပြီ  ၈

မြန်မာနိုင်ငံ၌ မတ် ၂၈ ရက်တွင် ဖြစ်ပွားခဲ့သည့် ပြင်းထန်ငလျင်နှင့် နောက်ဆက် တွဲငလျင်များကြောင့် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည့် မြန်မာနိုင်ငံသို့ အရေးပေါ် ကူညီကယ်ဆယ်ရေး လုပ်ငန်းများလာရောက်လုပ်ဆောင်ခဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်း စဉ်များ ပြီးမြောက်သဖြင့် တရုတ်ပြည်သူ့သမ္မနိုင်ငံသို့ ပြန်လည်ထွက်ခွာမည့် တရုတ်နိုင်ငံ အရေးပေါ်ကူညီကယ်ဆယ်ရေးအဖွဲ့များအား ဂုဏ်ပြုနှုတ်ဆက်ခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ တပေါင်းကွင်း၌ ကျင်းပပြုလုပ်ရာ အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်၍ ကျေးဇူးတင် ဂုဏ်ပြုအမှာစကား ပြောကြားသည်။

အခမ်းအနားသို့ ကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးနှင့် စစ်သံရုံးတို့မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ တရုတ်နိုင်ငံမှ ကယ်ဆယ်ရေးအဖွဲ့များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ 

ဦးစွာ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် တက်ရောက်လာကြသူများသည် ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့တွင် အလွန်ပြင်း ထန်သည့်ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် အသက်ဆုံးရှုံးခဲ့မှုများနှင့် ပျက်စီးဆုံးရှုံးမှုများအတွက် စာနာနားလည်မှုနှင့်အတူ ထပ်တူဝမ်းနည်းကြေကွဲခြင်း အထိမ်းအမှတ်အဖြစ် တစ်မိနစ် ငြိမ်သက်စွာ ရပ်တန့်၍ ဦးညွှတ်ဂါရဝပြုကြသည်။

ထို့နောက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က ကျေးဇူးတင် ဂုဏ်ပြုအမှာစကား ပြောကြားရာတွင် ၂၀၂၅ ခုနှစ်၊ မတ် ၂၈ ရက်တွင် လှုပ်ခတ်ခဲ့သည့် ၇ ဒသမ ၇ ရစ်(ခ်)တာစကေးရှိ အင်အားပြင်းငလျင် လှုပ်ခတ်မှုကြောင့် အသက်ဆုံးရှုံးမှုများ နှင့် ပျက်စီးဆုံးရှုံးခဲ့မှုများ များစွာဖြစ် ပေါ်ခဲ့ကြောင်း၊ ယနေ့အချိန်ထိ နောက်ဆက်တွဲ ငလျင်(၉၆)ကြိမ် ရှိပြီဖြစ်ပါကြောင်း၊ အဆိုပါဖြစ်စဉ်အပေါ် စာနာနားလည်မှုများနှင့်အတူ ထပ်တူခံစားကြလျက် နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်းအထိမ်း အမှတ်နေ့ရက်အဖြစ် ၂၀၂၅ ခုနှစ် မတ် ၃၁ ရက်မှ ၂၀၂၅ ခုနှစ် ဧပြီ ၆ ရက်အထိ ၇ ရက်တိုင်တိုင် သတ်မှတ် ကြေညာခဲ့ပြီး ထိုရက်များအတွင်း နိုင်ငံတော်အလံအား တိုင်ဝက်လျော့ချ လွှင့်ထူကြရန် ကြေညာ ဆောင်ရွက်ခဲ့ကြောင်း။

မြေငလျင်လှုပ်ခတ်မှုကြောင့် နိုင်ငံတဝှမ်း လူနေအိမ်ပေါင်း ၄၈၈၃၄ အိမ်၊ ဘုန်းတော်ကြီးကျောင်းနှင့် သီလရှင်ကျောင်း ၃၀၉၄ ကျောင်း၊ စာသင်ကျောင်း ၂၀၄၅ ကျောင်း၊ ဌာနဆိုင်ရာ ရုံး/ အဆောက်အဦ ၂၁၇၁ လုံး၊ တံတား ၁၄၈ စင်း၊ ဘုရားစေတီ ၅၂၇၅ ခု ထိခိုက်ပျက်စီးခဲ့ကြောင်း၊ ၂၀၂၅ ခုနှစ် မတ် ၂၈ ရက်မှ ၂၀၂၅ ခုနှစ် ဧပြီ ၇ ရက်အထိ သေဆုံးသူ ဦးရေပေါင်း ၃၅၅၀ ဦး၊ ဒဏ်ရာရရှိသူဦးရေပေါင်း ၄၈၁၄ ဦး၊ ပျောက်ဆုံးသူဦးရေ ၁၆၀ ရှိခဲ့ကြောင်း။

ယခုကဲ့သို့ သေဆုံးဒဏ်ရာရသူများကို တရုတ်နိုင်ငံအပါအဝင် နိုင်ငံတကာမှ အရေးပေါ်ကူညီကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များက ယနေ့အထိ  အသက်ရှင်လျက် လူဦးရေ ၆၅၃ ဦး ရှာဖွေကယ်ဆယ်နိုင်ခဲ့ပြီး သေဆုံးသူ ၇၀၀ ကိုလည်း  ရှာဖွေဖော်ထုတ်နိုင်ခဲ့ ကြောင်း၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်အောင်လှိုင် အပါအဝင် မိမိတို့ တာဝန်ရှိသူများအနေဖြင့်လည်း မြေငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် နိုင်ငံ့ ဝန်ထမ်းများနှင့် ပြည်သူများထံကိုလည်း စိတ်ဓာတ်ခွန်အားဖြစ်စေရေး သွားရောက် အားပေးခဲ့သလို ကူညီကယ်ဆယ်ရေးဆောင်ရွက်နေမှုများကိုလည်း စဉ်ဆက်မပြတ် သွားရောက်အားပေးခဲ့ပါကြောင်း။ 

ငလျင်ဘေးဒဏ်သင့်ခဲ့ရသည့် ဒေသများတွင် ရှာဖွေကူညီကယ်ဆယ်ရေး လုပ်ငန်း များကို မိမိနိုင်ငံ မှစနစ်တကျ ဖွဲ့စည်းလေ့ကျင့်ပေးထားသည့် ကူညီကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များမှ နေ့/ည ဆောင်ရွက်ပေးခြင်းအပြင် နိုင်ငံတကာမှလည်း ထောက်ပံ့ရေးနှင့် ကူညီကယ်ဆယ်ရေးပစ္စည်းများ၊ အရေးပေါ်ကူညီကယ်ဆယ်ရေး အထောက်အကူပြု အဖွဲ့များနှင့် ဆေးအဖွဲ့များစေလွှတ်ပြီး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးခဲ့ကြကြောင်း။

တရုတ်နိုင်ငံအနေဖြင့် ရှာဖွေကယ်ဆယ်ရေးအဖွဲ့  ၄ ဖွဲ့ စုစုပေါင်းအင်အား ၂၆၅ ဦးကို အစောဆုံးနှင့် ပထမဆုံးအနေဖြင့် နေပြည်တော်ကို စေလွှတ်ပေးခဲ့သည်ကို တွေ့ရကြောင်း၊ ၂၀၂၅ ခုနှစ် မတ် ၂၉ ရက် မှ မတ် ၃၀ ရက်အထိ မန္တလေးမြို့ပေါ်သို့ China International Search and Rescue Team (CISAR) (Beijing) မှ တပ်ဖွဲ့ဝင်အင်အား  ၁၁၈ ဦး နှင့် ရှာဖွေကယ်ရေးလုပ်ငန်းသုံး ခွေး ၇ ကောင်၊ Chinese Blue Sky Search and Rescue တပ်ဖွဲ့ဝင် အင်အား ၈၉ ဦးနှင့် Hong Kong China Search Rescue Team တပ်ဖွဲ့ဝင် ၅၁ ဦးကိုလည်း တရုတ်ပြည်သူ့သမ္မတနိုင်ငံက ၇၂ နာရီ မတိုင်မီ စေလွှတ်ပေးခဲ့ မှုအပေါ်လည်း များစွာကျေးဇူးတင်ပါကြောင်း။

၂၀၂၅ ခုနှစ် မတ် ၂၈ ရက် ငလျင်လှုပ်ခတ်ပြီးနောက် မတ် ၂၉ ရက်နေ့တွင် နေပြည်တော်ကောင်စီနယ်မြေသို့ တရုတ်နိုင်ငံမှ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ ၄ ဖွဲ့ စုစုပေါင်း အင်အား ၂၆၅ ဦးနှင့် ရှာဖွေကယ်ရေးလုပ်ငန်းသုံး ခွေး ၇ ကောင် ရောက်ရှိပြီးနောက် ၎င်းအနက် မန္တလေးမြို့သို့ ၃ ဖွဲ့၊ နေပြည်တော်တွင် ၁ ဖွဲ့ အသီးသီး တာဝန်ခွဲဝေ၍ သက်ဆိုင်ရာမြို့နယ်များရှိ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များ၊ ဒေသခံလုပ်အားပေး ပြည်သူများ၊ တပ်မတော်သားများအပါအဝင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း ဆောင်ရွက်ခဲ့သည်ကိုလည်း ဂုဏ်ယူဝမ်း မြောက်စွာတွေ့မြင်ရကြောင်း။

နေပြည်တော်တွင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးကြသည့် ယူနန်ပြည်နယ်၊ သတ္တုတွင်းနှင့် ဥမင်လှိုဏ်ခေါင်း Search and Rescue Team ၃၇ ဦး အနေဖြင့် ၂၀၂၅ ခုနှစ် မတ် ၂၉ ရက် ည ၇ နာရီ အချိန်မှစ၍ ဥတ္တရသီရိမြို့နယ်ရှိ ပင်လုံဆေးရုံ၌ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို အဆင့်မြင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းသုံးပစ္စည်းများဖြင့် အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်ခဲ့ ကြောင်း၊ ထိုသို ဆောင်ရွက်ခဲ့သည့်အတွက် ၂၀၂၅ ခုနှစ် မတ် ၃၀ ရက်နေ့ နံနက် ၅ နာရီတွင် အမျိုးသမီး တစ်ဦးကို အသက်ရှင်လျက် ကယ်တင်နိုင်ခဲ့ပြီး ညနေပိုင်း တွင်လည်း ရှာဖွေကယ်ရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ပေးခဲ့သောကြောင့် သေဆုံးသူ အမျိုးသမီး ၂ ဦး၏ ရုပ်အလောင်းများကိုလည်း ရှာဖွေထုတ်ယူပေးနိုင်ခဲ့ကြောင်း။

ဇမ္ဗူသီရိမြို့နယ်တွင်ရှိသည့် တိုက်များတွင် ရှာဖွေကယ်ရေးလုပ်ငန်းများ ဆောင် ရွက်ပေးခဲ့ရာ  ဧပြီ ၃ ရက်တွင် တိုက်အမှတ် ၁၃၃၈၊ ၂၃၇၆ ၌ သေဆုံးသူ ၂ ဦး တို့၏ ရုပ်အလောင်းများကိုလည်း ခက်ခက်ခဲခဲ ရှာဖွေထုတ်ယူပေးခဲ့ပြီး ယူနန်ရှာဖွေ ကယ်ဆယ်ရေးအဖွဲ့အနေဖြင့် စုစုပေါင်း အသက်ရှင်လျက် ၁ ဦး၊ သေဆုံးသူ ၄ ဦးအား ရှာဖွေထုတ်ယူပေးနိုင်ခဲ့သည့်အတွက် ငလျင်ဘေးဒုက္ခရောက်ခဲ့ရသည့်  မိသားစုများ ကိုယ်စား အထူးပင်ကျေးဇူးတင် ကြောင်းကို ပြောကြားလိုကြောင်း။

နေပြည်တော်ကောင်စီနယ်မြေအတွင်း ရှာဖွေကယ်ဆယ်ရေးနှင့် အထောက်အကူပြု အဖွဲ့မှ Mr.Mu Shu Yuan (မစ္စတာ မူရှုယွမ်) ဦးဆောင်သည့် ယူနန်ရှာဖွေ ကယ်ဆယ်ရေးအဖွဲ့သည် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းပြီး  ခေတ်မီနည်း ပညာစွမ်းအားမြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းသုံး စက်ပစ္စည်းကိရိယာများဖြင့် ပူးပေါင်းဆောင်ရွက်သကဲ့သို့  Mr. Feng Zeli (မစ္စတာ ဖုန်းဇယ်လိ) ဦးဆောင်သည့် ယူနန် ကျန်းမာရေးကော်မရှင်နှင့် Medical Emergency Department တို့မှ အဖွဲ့ဝင် ၁၅ ဦးကလည်း နေပြည်တော် ခုတင် ၁၀၀၀ ဆေးရုံကြီးရှိ ဆေးကုသမှု လုပ်ငန်းများကို  ပူးပေါင်းဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ ထို့ပြင် ကျန်းမာရေးဝန်ကြီးဌာန၏ Rapid Response Team အဖွဲ့များနှင့် ပူးပေါင်းပါဝင်ကာ မြို့နယ်အလိုက် ရေနမူနာစစ် ဆေးခြင်း အပါအဝင် ရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်းများကိုလည်း ပူးပေါင်းဆောင်ရွက်ပေးခဲ့ သည်ကို တွေ့ရှိရသည့်အတွက် လည်း အထူးပင်ကျေးဇူးတင်ရှိကြောင်း။

တစ်ချိန်တည်းမှာပင် မန္တလေးမြို့သို့ ထပ်မံရောက်ရှိလာသည့် China International Search and Rescue Team (CISAR) (Beijing)မှ တပ်ဖွဲ့ ဝင်အင်အား  ၁၁၈ ဦး၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းသုံး ခွေး ၇ ကောင်၊ Chinese Blue Sky Search and Rescue တပ်ဖွဲ့ဝင် အင်အား ၈၉ ဦးနှင့် Hong Kong China Search Rescue Team တပ်ဖွဲ့ဝင်အင်အား ၅၁ ဦးတို့ကလည်း ၂၀၂၅ ခုနှစ် မတ် ၃၀ ရက်မှ ဧပြီ ၇ ရက်အထိ ရှာဖွေကယ်ဆယ်လုပ်ငန်းများကို အင်တိုက်အားတိုက် အပင်ပန်းခံပြီး ဆောင်ရွက်ပေးခဲ့ သည်ကို တွေ့ရှိရသည့်အတွက် ဘေးဒုက္ခရောက်ခဲ့ကြရသည့် မိသားစုများကိုယ်စား များစွာ ဝမ်းမြောက်မိပါကြောင်းနှင့် ကျေးဇူးတင်ကြောင်းကို ပြောကြားလိုကြောင်း။

ထိုသို့ ဆောင်ရွက်ပေးခဲ့သည့်အတွက် မြေပြင်တွင် လုံးဝပြိုလဲကျနေသည့် SKY Villa အဆောက်အဦထဲမှ ၂ ဦး၊ Golden Country Hotel ထဲမှ ၁ ဦး စုစုပေါင်း ၃ ဦးတို့ကို အသက်ရှင်လျက် ရှာဖွေကယ်ဆယ်နိုင်ခဲ့သည့်အတွက် မိသားစုများကိုယ်စား ကျေးဇူးတင် ရှိမှုကို ပြောကြားလိုကြောင်း၊ ပျက်စီးခဲ့မှုအလွန်များပြားသည့် မန္တလေးမြို့အတွင်းတွင် အရေးပေါ်ကူညီကယ်ဆယ်ရေးများကို ခက်ခက်ခဲခဲ ဆောင်ရွက်ကြရင်း  SKY Villa မှ ၅၁ ဦး၊ Win Star Hotel မှ ၅ ဦး၊ Paragon Hotel မှ ၄ ဦး၊ Golden Country Hotel မှ ၁ ဦး၊ Great Wall Hotel မှ ၂ ဦး နှင့် (၂၆ x ၈၁) လမ်းရှိ လူနေအိမ်မှ ၁ ဦးတို့ ၏ သက်မဲ့ခန္ဓာများကိုလည်း ရှာဖွေ ထုတ်ယူပေးနိုင်ခဲ့ သည်ကို တွေ့ရပါကြောင်း။

တရုတ်နိုင်ငံရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့များအနေဖြင့် နေပြည်တော်နှင့် မန္တလေး မြို့များတွင် စုစုပေါင်း အသက်ရှင်လျက် ၄ ဦး၊ သေဆုံးသူ ၆၄ ဦးတို့ကို လူသားချင်း စာနာထောက်ထားမှု စိတ်ထားဖြင့် နေ့/ ညမပြတ် အားသွန်ခွန်စိုက် ကြိုးပမ်းရှာဖွေ ထုတ်ယူကာ သက်ဆိုင်ရာမိသားစုဝင်များထံ အပ်နှံပေးနိုင်ခဲ့သည့်အတွက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ကိုယ်စား၊ ဘေးဒုက္ခရောက်ရှိခဲ့ကြသည့် မိသားစုများ ကိုယ်စား၊  အမျိုးသားအဆင့် အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ကိုယ်စား မိမိအနေဖြင့် အမှတ်တရနှင့် အထူးပင်ကျေးဇူးတင်ရှိကြောင်းကို ပြောကြားလိုကြောင်း။

ယခုကဲ့သို့ မြန်မာနိုင်ငံအတွင်း သဘာဝဘေးအန္တရာယ်ကြုံတွေ့ နေရချိန်တွင်  အိမ်နီးချင်းကောင်းပီသစွာနှင့် ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရင်းနှီးမှုပီသစွာ မြန်မာ နိုင်ငံသူ၊ နိုင်ငံသားများကို အချိန်နှင့် တစ်ပြေးညီ ရှာဖွေကယ်ဆယ်ပေးနိုင်ခြင်း၊ Mobile Clinic ဖြင့်ဆေးကုသပေးခြင်းများအပြင် ယနေ့အထိ ကယ်ဆယ်ရေးထောက်ပံ့ပစ္စည်း တန်ချိန် စုစုပေါင်း ၄၄၇ ဒသမ ၆၉ တန်ကို တရုတ်နိုင်ငံအစိုးရနှင့် ပြည်သူများက ပေးပို့ခဲ့ပြီး ယနေ့တွင်လည်း တန် ၁၁၀ ထပ်မံရောက်ရှိမည်ဟု သိရပါကြောင်း၊ ယခုကဲ့သို့ အိမ်နီးချင်းကောင်း မိတ်ဆွေကောင်း ပီသစွာဖြင့် မည်သည့်နှောင်ဖွဲ့မှုမျှ မရှိဘဲ လူသားချင်းစာနာထောက်ထားမှု စိတ်ထား၊ ကိုယ်ချင်းစာစိတ်ထား အပြည့်အဝဖြင့် မိမိတို့ နိုင်ငံရှိ ငလျင်ဘေးဒုက္ခရောက်ရှိကြရသည့် ပြည်သူများအပေါ် ကူညီကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးပစ္စည်းများ ပေးပို့မှုအပေါ် လှိုက်လဲစွာကျေးဇူးတင်ဝမ်းမြောက်ပါကြောင်း နှင့် ထောက်ပံ့ရေးပစ္စည်းများကိုလည်း ဘေးဒုက္ခရောက်သူ ပြည်သူ တစ်ဦးချင်းစီ၏ လက်ဝယ်အရောက် စနစ်တကျပေးပို့ဆောင်ရွက်လျက်ရှိပါကြောင်းကိုလည်း ဖြည့်စွက် ပြောကြားလိုပါကြောင်း၊ အရေးပေါ်ကူညီကယ်ဆယ်ရေးအဖွဲ့နှင့် ကယ်ဆယ်ရေး ထောက်ပံ့ပစ္စည်းများ ပေးပို့ပါသော တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ His Excellency Mr. Xi Jinping (ရှီကျင့်ဖျင်) ဦးဆောင်သော အစိုးရအဖွဲ့၊ တရုတ်နိုင်ငံ ဘေဂျင်း၊ ဟောင်ကောင်နှင့် ယူနန်ပြည်နယ်တို့မှ အရေးပေါ် ကူညီကယ်ဆယ်ရေးအဖွဲ့နှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတ နိုင်ငံ သံအမတ်ကြီး Her Excellency Ms. Ma Jia နှင့်တကွ သံရုံးအဖွဲ့ဝင်များ အားလုံးကို အထူးပင် လှိုက်လှိုက်လဲလဲ ကျေးဇူးတင်ရှိပါကြောင်းနှင့် မိမိတို့ပြည်သူများ အားလုံးက ကူညီကယ်ဆယ် ထောက်ပံ့မှုများအတွက် အမြဲပင်အမှတ်ရနေမည် ဖြစ်ပါ ကြောင်း ပြောကြားသည်။ 

ထို့နောက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း က တရုတ်နိုင်ငံကယ်ဆယ်ရေးအဖွဲ့များဖြစ်သည့် China Search and Rescue Team၊ China International Search and Rescue Team နှင့်  China Search and Rescue Team (Hong Kong)တို့ကို ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် အမှတ်တရ လက်ဆောင် များပေးအပ်ရာ အဖွဲ့များကိုယ်စား  ကိုယ်စားကိုယ်စားလှယ်တစ်ဦးစီက လက်ခံရယူကြသည်။ 

အခမ်းအနားအပြီးတွင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက တရုတ်နိုင်ငံ ကယ်ဆယ်ရေးအဖွဲ့အား စားသောက်ဖွယ်ရာများ ဖြင့် တည်ခင်းဧည့်ခံပြီး တစ်ဦးချင်းအား ရင်းရင်းနှီးနှီးနှုတ်ဆက်ကာ လက်ဆောင် ပစ္စည်းများ ပေးအပ်သည်။

အဆိုပါ တရုတ်နိုင်ငံမှ ကယ်ဆယ်ရေးအဖွဲ့များသည် ရှာဖွေကယ်ဆယ်ရေး ဆောင်ရွက်မှု စံသတ်မှတ်ချက် (Assessment, Search & Rescue Level - ASR Level) အဆင့်(၅) ခုအနက် အဆင့်(၄) (ASR Level 4) အထိ ဆောင်ရွက်ပြီးစီးခဲ့ပြီး  ယခုအခါ ၎င်းတို့၏ တာဝန်များပြီးဆုံး၍ ပြန်လည်ထွက်ခွာခြင်းဖြစ်ပြီး  တရုတ်ပြည်သူ့ သမ္မတ နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအတွင်း ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးခဲ့မှုများ အတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် လိုအပ်သည့် ကူညီ ထောက်ပံ့ရေးပစ္စည်းများနှင့် နည်းပညာအကူအညီများကို ဆက်လက်ကူညီ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)