နေပြည်တော်၊ ဧပြီ ၁၂
အင်အားပြင်း မန္တလေးငလျင်ကြီးလှုပ်ခတ်မှုကြောင့် ငလျင်ဘေးဒဏ်သင့်ခဲ့သည့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၏ ဝန်ထမ်းများအတွက် တရုတ်နိုင်ငံ CITIC Myanmar Company ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ စီးပွားရေးသံမှူး၊ Myanmar Jiangxi General Chamber of Commerce အဖွဲ့၊ Myanmar Airways International Company Limited၊ တော်ဝင်ညီညွတ်သော အိမ်ခြံမြေအကျိုးဆောင်အသင်းနှင့် Mega Lifesciences Limited တို့မှ ဧပြီ ၉ ရက်က ငွေကြေး၊ စားသောက်ဖွယ်ရာနှင့် လူသုံးကုန်ပစ္စည်းများကို လာရောက်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်နှင့် ဒုတိယဝန်ကြီး ဒေါက်တာ ဝါဝါမောင်တို့က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။
ယမန်နေ့က ဝန်ကြီးဌာနရှိ ယာယီလူနေခန်းများတွင် နေထိုင်မည့် ဝန်ထမ်းမိသားစုများ ရေအသုံးပြုနိုင်ရန်အတွက် Good Brother Company Limited မှ ရေစက်လေးလုံးနှင့် Best Oil Company မှ ငွေကျပ်သိန်း ၅၀၀ အား လာရောက်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ဝန်ကြီးဌာနရှိ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ သင်္ကြန်ရုံးပိတ်ရက် ကျရောက်တော့မည်ဖြစ်သဖြင့် ဝန်ထမ်းများ စနစ်တကျတာဝန်ချထားရေး၊ လာရောက်လှူဒါန်းကြသည့် ငွေကြေးနှင့်ပစ္စည်းများကို စနစ်တကျ လက်ခံမှတ်တမ်းပြုစုရေး၊ မုတ်သုံ ရာသီကျရောက်တော့မည့် အချိန်ဖြစ်သဖြင့် ကြိုတင်ပြင်ဆင်ထားမှုများ ဆောင်ရွက်ရေး၊ ဝန်ထမ်းများအား ဌာနခွဲအလိုက် Guardian စနစ်ဖြင့် အနီးကပ်ကြည့်ရှုစောင့်ရှောက်စေရေး၊ သင်္ကြန်ကာလအပြီးတွင် ဝန်ထမ်းများ အင်ပြည့်အားပြည့်ဖြင့် ရုံးလုပ်ငန်းတာဝန်များကို ပြန်လည်ထမ်းဆောင်နိုင်ရေးတို့ မှာကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် အရာထမ်း၊ အမှုထမ်းများအား မဟာသင်္ကြန်ကာလ အလှူဒါနနှင့် မိသားစုများနေထိုင်နိုင်ရေးအတွက် အကြိုထောက်ပံ့ကြေး ငွေကျပ်တစ်သိန်းစီကို ဝန်ထမ်းများအား ထောက်ပံ့ပေးအပ်သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်တာဝန် ရှိသူများသည် ရုံးဝင်းရှေ့ရှိ မော်တော်ယာဉ် ရပ်နားဝင်းအတွင်း ဝန်ကြီးဌာနအစီအစဉ်ဖြင့် ဆောင်ရွက်လျက်ရှိသော စတုရန်းပေ ၁၁၀ ကျယ်ဝန်းသည့် ယာယီလူနေခန်းများ တည်ဆောက်ပြီးစီးမှု၊ ထပ်မံ တည်ဆောက်လျက်ရှိသော အလွယ်တကူ တပ်ဆင် အသုံးပြုနိုင်သည့်အိမ်(Prefabricated Houses)များ တည်ဆောက်နေမှု၊ ရေချိုးခန်း၊ အိမ်သာစီစဉ်မှုများ၊ “အတူတူချက်ကြစို့” ရည်ရွယ်ချက်များဖြင့် ဝန်ထမ်းမိသားစုများ စုပေါင်းချက်ပြုတ်စားသောက်ရန် အများသုံးမီးဖိုဆောင် (Community Kitchen) စီစဉ်ထားရှိမှုတို့ကို လှည့်လည်ကြည့်ရှုပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးရန် တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment