တက္ကသိုလ်ဝင် စာမေးပွဲနှင့်ပတ်သက်၍ ပြည်သူ့ရှေ့ဆောင်ပါတီ က ၂၀၂၅ခုနှစ်၊ ဧပြီလ ၂၁ ရက် အကြံပြုတိုက်တွန်းချက် ထုတ်ပြန်ထားရာတွင် Grade-12 စာမေးပွဲပြန်လည်ကျင်းပမည်ဆိုပါက နိုင်ငံတော်နှင့် နိုင်ငံ့ဝန်ထမ်းများ၊ အထူးသဖြင့် ငလျင်ဘေးဒဏ်ခံစားနေရသောဝန်ထမ်းများနှင့် ငလျင်ဘေးဒဏ်ခံစား နေရသော ကျောင်းသား/သူများ၊ ကျောင်းသားမိဘများအတွက် တစ်ပူပေါ်နှစ်ပူဆင့်ပြီး မလိုလားအပ် သည့် ဝန်ထုပ်ဝန်ပိုးဖြစ်စေနိုင်သည့်အပြင် တိုက်ပွဲဒဏ်သင့်ဒေသများမှ ကျောင်းသား/သူများအတွက် ပို၍ပင် ဒုက္ခဖြစ်စေနိုင်ကြောင်း ထောက်ပြပြောဆိုထားသည်။
၂၀၂၅ ခုနှစ်၊ မတ်လ (၂၈)ရက်နေ့တွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် မန္တလေး တက္ကသိုလ် ပင်မဆောင်ပြိုကျပျက်စီး၍ မီးလောင်ဆုံးရှုံးခဲ့ရခြင်းတွင် မြန်မာနိုင်ငံအထက် ပိုင်း Grade-12 ကျောင်းသူ၊ ကျောင်သားများ၏ အဖြေလွှာများပါဝင်ခဲ့ကြောင်း၊ ဤဖြစ်ရပ်သည် ကာယကံရှင်ကျောင်းသား/သူများနှင့် ကျောင်းသားမိဘများအပြင် နိုင်ငံတော်အစိုးရအတွက်လည်း ဖြေရှင်းရန်အခက်အခဲ တစ်ရပ်ကိုဖြစ်ပေါ်စေပါကြောင်း၊ ဤကိစ္စတွင် နိုင်ငံတော်အနေဖြင့် လတ်တလောပြင်းထန် ငလျင်၏ နောက်ဆက်တွဲဆိုးကျိုး များအတွက် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများဦးစားပေး ဆောင်ရွက် နေရချိန်တွင် နိုင်ငံတော်အစိုးရ နှင့် ကျောင်းသားလူငယ်ထုတစ်ရပ်လုံးက လက်ခံနိုင်မည့်ဖြေရှင်းမှု တစ်ရပ် အရေးတကြီးလိုအပ်လျက်ရှိသည်ဟု ပြည်သူ့ရှေ့ဆောင်ပါတီမှ အလေးအနက်ခံယူပါကြောင်း ပြောဆိုထားသည်။
၂၀၂၅ ခုနှစ်၊ မတ်လ (၂၈)ရက်နေ့တွင် ကြုံတွေ့ခဲ့ရသည့်ငလျင်သည် ကြိုတင်ခန့်မှန်းနိုင်ခြင်း မရှိသည့် သဘာဝဘေးအန္တရာယ်ဖြစ်သည့် မလွန်ဆန်နိုင်သောဖြစ်ရပ်(Force Majeure)ဖြစ်ပါကြောင်း၊ ဤကဲ့သို့သော အခြေအနေတွင် Grade-12 စာမေးပွဲပြန်လည်ကျင်းပမည်ဆိုပါက နိုင်ငံတော်နှင့် နိုင်ငံ့ဝန်ထမ်းများ၊ အထူးသဖြင့် ငလျင်ဘေးဒဏ်ခံစားနေရသောဝန်ထမ်းများနှင့် ငလျင်ဘေးဒဏ်ခံစား နေရသော ကျောင်းသား/သူများ၊ ကျောင်းသားမိဘများအတွက် တစ်ပူပေါ်နှစ်ပူဆင့်ပြီး မလိုလားအပ် သည့် ဝန်ထုပ်ဝန်ပိုးဖြစ်စေနိုင်သည့်အပြင် တိုက်ပွဲဒဏ်သင့်ဒေသများမှ ကျောင်းသား/သူများအတွက် ပို၍ပင် ဒုက္ခဖြစ်စေနိုင်ပါကြောင်း ပြောဆိုသည်။
သို့ပါ၍ စာမေးပွဲပြန်လည်စစ်ဆေးခြင်းနှင့်ပတ်သက်၍ နိုင်ငံတော်မှ အုပ်ချုပ်စီမံမှုလုပ်ငန်း ဝန်ထုပ်ဝန်ပိုးမရှိစေပဲ ကျောင်းသား/သူတစ်ဦးချင်းစီအတွက်လည်း အဆင်ပြေမည့်ဖြေရှင်းမှု အဖြစ် ငလျင်ကြောင့်အဖြေလွှာ မီးလောင်ဆုံးရှုံးခံခဲ့ရသောကျောင်းသား/သူများအား G-12 စာမေးပွဲအောင်မြင်ပြီးဟုယူဆ၍ လာမည့်ကျောင်းဖွင့်ကာလအတွက် ၎င်းတို့စိတ်ပါဝင်စားသည့် တက္ကသိုလ်တစ်ခုခုသို့ လျှောက်ထားခွင့်ပြုပြီး သက်ဆိုင်ရာတက္ကသိုလ်များက ကြီးမှုးကျင်းပသည့် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ သို့ G-12 တစ်နှစ်လုံး အတန်းတွင်း လစဉ်အရည်အချင်းစစ် ရမှတ်အထောက်အထားများ၊ အခြားသော လှုပ်ရှားမှုများမှ ရရှိသောရမှတ်အထောက်အထားများဖြင့်သက်ဆိုင်ရာ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲများ တွင် ဖြေဆိုစေသင့်ပါကြောင်းနှင့် ထိုကဲ့သို့ဝင်ရောက်ဖြေဆိုသော်လည်း သက်ဆိုင်ရာတက္ကသိုလ်၏ သတ်မှတ်အရည်အချင်း မပြည့်မီသည့်ကျောင်းသား/သူများကို လာမည့်စာသင်နှစ်တွင် Grade-12 ၌ ပြန်လည်ပညာသင်ကြားစေသင့်ပါကြောင်း နိုင်ငံတော်အစိုးရအား အကြံပြုတိုက်တွန်းထားသည်။
အထက်ပါအတိုင်းဆောင်ရွက်ပါက လက်ရှိရင်ဆိုင်နေရသည့် အကြပ်အတည်းအား ကျော်လွှား နိုင်မည့်အပြင် -
(က) ကျောင်းသား/သူ တစ်ဦးချင်းအနေဖြင့် ၎င်းတို့ဝါသနာပါရာ ပညာရပ်ကို ဆည်းပူးခွင့်ရရှိခြင်း၊
(ခ) လက်ခံမည့်တက္ကသိုလ်ကလည်း မိမိတို့လိုချင်သောကျောင်းသား/သူများကို ရွေးချယ်လက်ခံ နိုင်ခြင်း၊
(ဂ) နိုင်ငံတော်နှင့် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ပို၍အရေးကြီးသော ငလျင်ကပ်ဘေးအလွန် ကူညီ ကယ်ဆယ်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကိုအာရုံစူးစိုက်နိုင်ခြင်း။
အစရှိသော ကောင်းကျိုးများကို ရရှိစေနိုင်ပါကြောင်း ပြည်သူ့ရှေ့ဆောင်ပါတီ က အကြံပြုတိုက်တွန်းချက် ထုတ်ပြန်ထားခြင်း ဖြစ်သည်။
https://t.me/MyanmarNationalPost


No comments:
Post a Comment