အွန်လိုင်းလိမ်လည်မှု (Telecom Fraud) နှင့် ဒုစရိုက်မှုလုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့် တရုတ်နိုင်ငံသား ၃၇၈ ဦး မြန်မာ-ထိုင်း အမှတ်(၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် ထပ်မံလွှဲပြောင်းပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အွန်လိုင်းလိမ်လည်မှု (Telecom Fraud) နှင့် ဒုစရိုက်မှုလုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့် တရုတ်နိုင်ငံသား ၃၇၈ ဦး မြန်မာ-ထိုင်း အမှတ်(၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် ထပ်မံလွှဲပြောင်းပေးအပ်


နေပြည်တော်၊ ဧပြီ  ၃

နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းအသုံးပြု လိမ်လည်မှု (Online Scam) နှင့် အွန်လိုင်းလောင်းကစားမှု (Online Gambling) လုပ်ဆောင်နေသူများ၊ ပါဝင်ပတ်သက် သူများအားလုံးကို ပြတ်ပြတ်သားသား စုံစမ်းဖော်ထုတ်လျက်ရှိရာ မြန်မာနိုင်ငံအတွင်းသို့  နယ်စပ်လမ်းကြောင်းများမှ တရားမဝင် ဝင်ရောက်လာပြီး ကရင်ပြည်နယ် မြဝတီမြို့ - ရွှေကုက္ကိုလ် နှင့် KK Park နယ်မြေများတွင် အွန်လိုင်း လောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများအပါအဝင်ဒုစရိုက်မှုများ ကျူးလွန်ခဲ့ကြ သည့် တရုတ်နိုင်ငံသား ၃၇၈ ဦးကို ယနေ့တွင်  မြန်မာ-ထိုင်း အမှတ်(၂) ချစ်ကြည်ရေး တံတားမှတစ်ဆင့်သက်ဆိုင်ရာနိုင်ငံသို့ လူသားချင်း  စာနာထောက်ထားမှုနှင့်  နိုင်ငံ အချင်းချင်း  ချစ်ကြည် ရင်းနှီးမှုတို့ကို  ရှေးရှု၍ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ  ထပ်မံပြည်နှင်လွှဲပြောင်းပေးသည်။

ဦးစွာ ကရင်ပြည်နယ် လူမှုရေးရာဝန်ကြီး ဦးစောထွန်းအောင်က ယနေ့ နံနက်ပိုင်းတွင် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ပြည်ပနိုင်ငံသားများအား ပြည်နှင်လွှဲပြောင်းပေးရေး လုပ်ငန်းစဉ်များတွင် လိုအပ်သည့်  အထောက်အထား၊  စာရင်းဇယား အချက်အလက်များ မှန်ကန်ပြည့်စုံကိုက်ညီမှုရှိရေးတို့ကို မှာကြားသည်။

ထို့နောက် ပြည်နှင်လွှဲပြောင်းပေးအပ်ပွဲကို ကျင်းပခဲ့ရာ ကရင်ပြည်နယ် လူမှုရေးရာဝန်ကြီး ဦးစောထွန်းအောင်နှင့် တာဝန်ရှိသူများ၊  တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ပြစ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးရေးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ်  Mr. Liu Ning  Ning  နှင့် တာဝန်ရှိသူများ၊  ထိုင်းနိုင်ငံ တာ့ခ်ခရိုင်  လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံမှ တာဝန်ရှိသူတို့က သက်ဆိုင်ရာနိုင်ငံမှ တာဝန်ရှိသူထံသို့ ပြည်နှင် လွှဲပြောင်း လက်ခံရေးဆိုင်ရာ အထောက်အထား စာရွက်စာတမ်းများကို လွှဲပြောင်း ပေးအပ်သည်။

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်မှ ဧပြီလ ၃ ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား စုစုပေါင်း  ၈၇၂၄ ဦးကို စစ်ဆေး ဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ကာ ၎င်းတို့အနက်မှ ၇၀၆၅ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ  စနစ်တကျ လွှဲပြောင်းပေးခဲ့ပြီး ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၁၆၅၉ ဦးကို သက်ဆိုင်ရာနိုင်ငံများသို့  လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်းနှင့်  ၎င်းတို့ကို ကောင်းမွန်စွာထိန်းသိမ်း စောင့်ရှောက်ထားရှိသည်။

နိုင်ငံတော်မှယနေ့အထိ စစ်ဆေးဖော်ထုတ် ထိန်းသိမ်းနိုင်ခဲ့သည့်  ပြည်ပနိုင်ငံသား ၈၇၂၄   ဦးသည် တရုတ်၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ မလေးရှား၊ ပါကစ္စတန်၊ အိန္ဒိယ၊ ယူဂန္ဓာ၊  အီသီယိုးပီးယား၊  နီပေါ၊   ထိုင်း၊  ရဝမ်ဒါ၊  ကင်ညာ၊  ကာဇက်စတန်၊  ကမ္ဘောဒီယား၊  ဂါနာ၊ ဘင်္ဂလားဒေ့ရှ်၊ ဂျပန်၊  သီရိလင်္ကာ၊  တောင်အာဖရိက၊  တူနီးရှား၊  အယ်ဂျီးရီးယား၊  ကွန်ဂို၊ ကင်မရွန်း၊ ဥဇဘတ်ကစ္စတန်၊  နိုင်ဂျီးရီးယား၊  ကာဂျစ္စတန်၊  နမီးဘီးယား၊  မာဒါဂတ်စကား၊ ရိုမေးနီးယား၊ လိုက်ဘေးရီးယား၊ ရှရှား၊ ဖိလစ်ပိုင်နှင့် တရုတ်(တိုင်ပေ)တို့မှ  နိုင်ငံသားများ ဖြစ်ကြပြီးအများစုမှာတရုတ်နိုင်ငံသားများ ဖြစ်ကြကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)