လေးဆူဓါတ်ပုံ ရွှေတိဂုံစေတီတော်မြတ်ကြီး (၄၂)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လေးဆူဓါတ်ပုံ ရွှေတိဂုံစေတီတော်မြတ်ကြီး (၄၂)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲ အခမ်းအနားကျင်းပ












ရန်ကုန်၊ မေ ၁၁

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ကြီးမှူးကျင်းပသော ကဆုန်လပြည့်(ဗုဒ္ဓနေ့) ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲ အခမ်းအနားကို ရွှေတိဂုံစေတီတော်ရင်ပြင်၌ ယနေ့နံနက်ပိုင်းတွင် ကျင်းပခဲ့သည်။

နံနက် (၀၅:၃၀)နာရီအချိန်တွင် ရင်ပြင်တော်တောင်ဘက် ဧည့်ခံတန်ဆောင်း၌ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များ၊ ဗုဒ္ဓဝေယျာဝစ္စအသင်းအဖွဲ့များနှင့် ဝန်ထမ်းများက ရွှေတိဂုံစေတီတော်မြတ်ကြီးအား ဆွမ်း၊ သစ်သီး၊ ပန်း၊ ရေချမ်း၊ ဆီမီး၊ အမွှေးနံ့သာများဖြင့် အရုဏ်ဆွမ်းတော်ကြီး ကပ်လှူပူဇော်ခြင်း၊ ရွှေတိဂုံ စေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယဆရာတော်ကြီးများအား ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များတန်ဆောင်း၌ အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းခြင်းများ ဆောင်ရွက်ကြသည်။

နံနက်(၇)နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့တို့ ကြီးမှူးကျင်းပသည့် ကဆုန်လပြည့်(ဗုဒ္ဓနေ့) ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲအခမ်းအနားကို ရင်ပြင်တော်အင်္ဂါထောင့်ရှိ ဗောဓိညောင်ပင်၌ကျင်းပရာ အခမ်းအနားသို့ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယဆရာတော်ကြီးများကြွရောက်တော်မူကြပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ပြည့်စုံလင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဝင်များ၊ ဗုဒ္ဓဝေယျာဝစ္စအသင်းအဖွဲ့များနှင့် ဝန်ထမ်းများ တက်ရောက်ကြည်ညိုကြသည်။

ဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ကြပြီး ဩဝါဒါစရိယဆရာတော်ကြီးများက ပရိဘောဂစေတီဖြစ်တော်မူသော ဗောဓိညောင်ပင်အား ဗုဒ္ဓါဘိသေကအနေကဇာတင်တော်မူကြသည်။ ထို့နောက် ဥပါသကာတစ်ဦးက ကုသိုလ်တော် အတူပြုရန် နတ်၊ဗြဟ္မာများအား ဖိတ်ကြားခြင်း၊ ရွှေတိဂုံ‌စေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ဩဝါဒါစရိယ၊  တိပိဋကဓရ၊ တိပိဋကကောဝိဒ၊ ဓမ္မဘဏ္ဍာဂါရိက စွန်းလွန်းဆရာတော် ဘဒ္ဒန္တသုန္ဒရထံမှ နဝင်္ဂသီလခံယူဆောက်တည်ခြင်းနှင့် အလှည့်ကျသဘာပတိ ဂေါပကအဖွဲ့ဝင် ဦးအောင်ဇေယျလင်းက ဗောဓိရုက္ခဥဒကပူဇာမင်္ဂလာ စာတမ်းလွှာကို ဖတ်ကြားလျှောက်ထားခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များက ဩဝါဒါစရိယဆရာတော်ကြီးများအား လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး

ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယ၊ တိပိဋကရွေးချယ်ရေးအဖွဲ့ ဩဝါဒါစရိယ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ သ.စ.အ ဓမ္မာစရိယ၊ ဝဋံသကာပါဠိပါရဂူ၊ စေတိယင်္ဂဏပဝရသိရီမဟာဓမ္မဂုရု၊ ပါဠိတက္ကသိုလ်ညောင်တုန်း ကျောင်းတိုက် ပဓာနနာယက ဘဒ္ဒန္တနာရဒါဘိဝံသ(လှရတနာဆရာတော်)ထံမှ  လှူဒါန်းမှုအစုစုတို့အတွက် အနုမောဒနာတရားနာကြား၍ ရေစက်သွန်းချ အမျှပေးဝေခဲ့သည်။

ထို့နောက် ဩဝါဒါစရိယဆရာတော်ကြီးများက အင်္ဂါထောင့် ဗောဓိညောင်ပင်အား ရေစင်သွန်းလောင်းပူဇော်ကြပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များကအစဉ်အတိုင်း  ညောင်ရေသွန်းလောင်းပူဇော်‌ကြသည်။

ဆက်လက်၍ ဗြဟ္မာ၊ သိကြား၊ နတ်၊ နဂါး၊ ဂဠုန် အဆောင်အယောင်များဖြင့် ဗောဓိညောင်ပင်၏အရပ်လေးမျက်နှာ၌ နေရာယူလျက် ဇယော ဟိ ဗုဒ္ဓဿ ဂါထာရွတ်ဆို၍ အစဉ်အတိုင်းရေသွန်းလောင်းပူဇော်ခြင်း၊ အရံယောဂီများက ဗောဓိညောင်နန်း အစချီသော ရှစ်လုံးဘွဲ့ကဗျာရွတ်ဆို၍ ညောင်ရေသွန်းလောင်းပူ‌ဇော်ခြင်း၊ ဧည့်ပရိသတ်အပေါင်းက ဇယန္တောအစချီသည့် ဆုတောင်းပတ္တနာ(၆)ဂါထာနှင့် သွန်းကြ သွန်းကြ အစချီသည့် ဂါထာများကို ရွတ်ဖတ်ပူဇော်ခြင်းများ ဆောင်ရွက်ကြသည်။ ထို့နောက် ကုသိုလ်တော်အတူပြုရန် ပင့်ဖိတ်ထားသည့် နတ်ဗြဟ္မာများအား ဂါထာပါး၍ ပြန်လည်ပို့ဆောင်ပြီးနောက် အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းခဲ့သည်။

 အခမ်းအနားပြီးနောက် ရင်ပြင်တော် အရပ်မျက်နှာအသီးသီးရှိ ဗောဓိညောင်ပင်(၅)ပင်တွင် အများပြည်သူတို့ ညောင်ရေသွန်းလောင်းပူဇော်နိုင်ရန်အတွက် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ စီမံမှုဖြင့် ဗုဒ္ဓဝေယျာဝစ္စအသင်းများနှင့် ဝန်ထမ်းများက တစ်နေ့တာ ကုသိုလ်ယူဆောင်ရွက်ခဲ့ကြောင်း ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ထံမှ သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)