ချင်းပြည်နယ်၊ ဟားခါးမြို့တွင် ကကုဿန်စေတီတော်မြတ်ကြီး ရွှေထီးတော်တင်ကပ်လှူပူဇော်ပွဲနှင့် မြို့မသာသနာပြုကျောင်း အတုလဂုဏ်ရည်သာသနာ့ဗိမာန်တော်ကြီး၌ ကဆုန်လပြည့် ဗုဒ္ဓနေ့ စုပေါင်းညောင်ရေသွန်းလောင်းပွဲတော် အခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ချင်းပြည်နယ်၊ ဟားခါးမြို့တွင် ကကုဿန်စေတီတော်မြတ်ကြီး ရွှေထီးတော်တင်ကပ်လှူပူဇော်ပွဲနှင့် မြို့မသာသနာပြုကျောင်း အတုလဂုဏ်ရည်သာသနာ့ဗိမာန်တော်ကြီး၌ ကဆုန်လပြည့် ဗုဒ္ဓနေ့ စုပေါင်းညောင်ရေသွန်းလောင်းပွဲတော် အခမ်းအနားကျင်းပ

 






ဟားခါး  ၊ မေ ၁၂


ချင်းပြည်နယ်၊ ဟားခါးမြို့သာသနာ့ရက္ခိတ တပ်ဦးကျောင်းအတွင်း တည်ထားကိုးကွယ်သည့် ကကုဿန်စေတီတော်မြတ်ကြီး ရွှေထီးတော်တင်ကပ်လှူပူဇော်ပွဲအခမ်းအနားကို မေလ ၁၁ ရက်နေ့ နံနက် ၈ နာရီက အဆိုပါတပ်ဦးကျောင်းရှိ အောင်မြင်ချမ်းသာဓမ္မာရုံ၌ ကျင်းပသည်။


ဦးစွာ နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဟားခါး−ထန်တလန် သံဃာ့နာယကဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္ဓပညောဘာသ ၊ အဂ္ဂမဟာသဒ္ဒမ္မဇောတိကထံမှ ရှစ်ပါးသီလခံယူကြပြီး ဆရာတော် အရှင်သူမြတ်များမှ မေတ္တာသုတ်တရားတော်များ ချီးမြှင့်၍ ချင်းပြည်နယ်အစိုးရအဖွဲ့မှ လှူဒါန်းသည့် ငွေကျပ်သိန်း ၃၀၀ အား ပြည်ဝန်ကြီးများက ပေးအပ်လှူဒါန်းရာ အနောက်မြောက်တိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်မိုးဟိန်း ၊ စစ်ဗျူဟာ (အခြေချ) (ဟားခါး)မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စိုးဝင်းထွန်းတို့က လက်ခံရယူကြသည်။


ထို့နောက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်မိုးဟိန်း၊ စစ်ဗျူဟာ(အခြေချ) (ဟားခါး)မှ စစ်ဗျူဟာမှူး ၊ ချင်းပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးနေစိုး၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သိန်းထွန်းအောင်၊ သယံဇာတရေးရာဝန်ကြီး ဦးကျော်ငြိမ်း၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေလင်းအောင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိန်ထွန်းလှနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက စိန်ဖူးတော်၊ ငှက်မနားတော်နှင့် ဘုံအဆင့်ဆင့်တို့ကို ဆရာတော်သံဃာတော်အရှင်သူမြတ်များထံသို့ ဆက်ကပ်လှူဒါန်းပြီး ကကုဿန် စေတီတော်အား လက်ယာရစ် ၃ ပတ် ပင့်ဆောင်ပူဇော်၍ စေတီတော်မြတ်ကြီးအား ထီးတော်အဆင့်ဆင့် တင်လှူပူဇော်ကာ ရတနာ ရွှေမိုး ၊ ငွေမိုး ရွာသွန်းဖြိုးသည်။


ဆက်လက်၍ မွန်းလွှဲ ၂ နာရီတွင် ချင်းပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပပြုလုပ်သော ကဆုန်ညောင်ရေသွန်းပွဲတော်အခမ်းအနားကို ဟားခါးမြို့ ၊ မြို့မသာသနာပြုကျောင်း အတုလဂုဏ်ရည် သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပရာ “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ပြီး ဆရာတော်အရှင်သူမြတ်များထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြကာ ညောင်ရေသွန်းလောင်းမည့် ရေစင်တော်များအား သံဃာတော်များ၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် စစ်ဗျူဟာအဖွဲ့(အခြေချ) (ဟားခါး)မှ စစ်ဗျူဟာမှူးတို့က ဗုဒ္ဓမြတ်စွာဘုရားထံ ကပ်လှူပူဇော်ကြသည်။


ယင်းနောက် သံဃာတော်အရှင်သူမြတ်များအတွက် လှူဒါန်းသည့် လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မဝတ္ထုငွေများအား အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ ၊ စစ်ဗျူဟာအဖွဲ့ (အခြေချ) (ဟားခါး) မှ စစ်ဗျူဟာမှူးနှင့် ပြည်နယ်အဆင့်ဌာန ဆိုင်ရာတာဝန်ရှိသူများက သံဃာတော်များအား ဆက်ကပ်လှူဒါန်းကြသည်။


ထို့နောက် ဧည့်ပရိသတ်အပေါင်းတို့က ဘုရားဂုဏ်တော် ၉ ပါး သံပြိုင် ၉ ခေါက် ရွတ်ဆိုပူဇော်၍ ကဆုန်လပြည့် “ဗုဒ္ဓနေ့” တွင် ပြုပြုသမျှကုသိုလ်ကောင်းမှုများကို “ဤသို့ပြုရ မြတ်ပုည” အစရှိသော အမျှဝေစာတမ်းအား သံဃာတော်များနှင့် ဧည့်ပရိတ်သတ်အပေါင်းတို့ သံပြိုင်ရွတ်ဆို၍ ရေစက်ချအမျှပေးဝေကာ ပထမအစီအစဉ်အခမ်းအနား ရုပ်သိမ်းသည်။


ယင်းနောက် သံဃာတော်များ၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ စစ်ဗျူဟာအခြေချ (ဟားခါး)မှ စစ်ဗျူဟာမှူးနှင့် ဌာနဆိုင်ရာ ဝာာဝန်ရှိသူများက ညောင်ရေသွန်းလောင်းမည့် ရေစင်တော်များ၊ ရေစင်ငွေဖလားများကိုင်ဆောင်၍ မဟာဗောဓိပင်ကို လက်ယာရစ် ၃ ကြိမ် လှည့်လည်ပူဇော်ပြီး မေတ္တာသုတ် ပရိတ်တရားတော် ရွတ်ဖတ်ပူဇော်၍ မဟာဗောဓိပင်အား ကဆုန်ညောင်ရေသွန်းလောင်းကာ ရတနာရွှေမိုးငွေမိုး ရွာသွန်းဖြိုးခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)