မန္တလေး၊ မေ ၅
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှဝန်ကြီးများ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် မဟာဂန္ဓာရုံကျောင်းတိုက်တွင် သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်များဆက်ကပ်ပွဲအခမ်းအနားသို့တက်ရောက်၍ ဆရာတော်ကြီး၂ ပါးအား ဘွဲ့တံဆိပ်တော်များဆက်ကပ်သည်။
ဦးစွာ မဟာမြိုင်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တသာသနက ငါးပါးသီလ ချီးမြှင့်တော် မူပြီး သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဘွဲ့တံဆိပ်တော်ရ မဟာဂန္ဓာရုံကျောင်းတိုက် မဟာနာယကချုပ် ဆရာတော် ဘဒ္ဒန္တဣန္ဒော ဘာသာဘိဝံသ မထေရ်မြတ်အား ဘွဲ့တံဆိပ်တော် အဆောင်အယောင်နှင့် နဝကမ္မဝတ္ထုငွေကျပ်သိန်း ၅၀ ကိုလည်းကောင်း၊ အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ်တော်ရ မဟာမြိုင်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တသာသနမထေရ်မြတ်တို့ထံ ဘွဲ့တံဆိပ်တော်နှင့် အဆောင်အယောင်များကိုလည်းကောင်း ဆက်ကပ်လှူဒါန်းသည်။
ထို့နောက် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့်မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများက လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းကြကာ မဟာမြိုင်ကျောင်းတိုက်ဆရာတော်က အနုမောဒနာတရားချီးမြှင့်သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မန္တလေးတောင်တော်သို့ ရောက်ရှိပြီး ပြန်လည်ပြင်ဆင်လျက်ရှိသည့် ရွှေသိမ်တော်စေတီနှင့် စန္ဒမုခိစေတီတော်များကိုလည်းကောင်း၊ မန္တလေးတောင်တော်သမိုင်းနှင့် ဆက်စပ်လျက်ရှိသော မြွေကြီးနှစ်ကောင်ဘုရားကိုလည်းကောင်း ဖူးမြော်ကြည်ညို၍ တောင်တော်ဂေါပကအဖွဲ့ထံ ဘုရားစေတီများပြုပြင်ရာ၌ လိုအပ်သည့်နေရာတွင် အသုံးပြုရန် အလှူငွေများပေးအပ်လှူဒါန်းခဲ့သည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment