Pages

Pages

စံပြကျေးရွာများသည် အခြားဒေသများထက်စံနမူနာပြဖြစ်စေရေး စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်ရမည်


နေပြည်တော်၊ မေ  ၅

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ဧရာဝတီတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေမျိုးအောင်နှင့် အတူ ယမန်နေ့က ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့နယ်   ရွှေတောင်စုခေတ်မီစံပြကျေးရွာ (Smart Village)သို့သွားရောက်၍ ကျေးရွာဘက်စုံသုံးခန်းမတွင်  ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျေးရွာသူ၊ ကျေးရွာသားများနှင့်တွေ့ဆုံ၍   ဒုတိယဝန်ကြီးက ဧရာဝတီတိုင်းဒေသကြီးအတွင်း မြို့နယ် (၂၆) မြို့နယ်တွင် ကျေးရွာပေါင်း ၁၂၀၀၀ ကျော်ရှိသည့်အနက် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်မှစ၍  မြို့နယ် (၁၁) မြို့နယ်အတွင်း၌ ခေတ်မီစံပြကျေးရွာ (Smart Village) ၁၁ ရွာ ထူထောင်ပေးခဲ့ကြောင်း၊ စံပြကျေးရွာနှင့်လျော်ညီစွာ ကဏ္ဍကြီး(၆)ရပ်သတ်မှတ်၍ လမ်းတံတားနှင့် ရေ၊ မီးအပါအဝင် စီမံကိန်းလုပ်ငန်းများကို ငါးနှစ်ကာလသတ်မှတ်၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊  စံပြကျေးရွာဆိုသည့်အတိုင်း အခြားဒေသများထက် စံနမူနာပြဖြစ်ရေးအတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကိုပါ ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားသည်။

ယင်းနောက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဆောင်ရွက်ပေးထားသည့် အိမ်သွယ်ရေတိုင်စနစ်နှင့် ရေမီတာတပ်ဆင်ပေးထားမှုများကိုလည်းကောင်း၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သော ကျေးရွာတွင်း ပေ ၃၀၀ ကွန်ကရစ်ဘီးလမ်း ဆောင်ရွက်ပေးထားမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးသည်။   

ဆက်လက်၍ ဇလွန်မြို့နယ်  ကျောင်းစုကျေးရွာသို့သွားရောက်၍    ဘက်စုံသုံးခန်းမ၌ ကျေးရွာကော်မတီဝင်များ၊ အပ်ချုပ်သင်တန်းသူများ၊ ကျေးရွာသူ၊ကျေးရွာသားများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ဒုတိယဝန်ကြီးက ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် နယ်မြေတည်ငြိမ်အေးချမ်းရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးမှာကြားသည်။

ယင်းနောက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဆောင်ရွက်ပေးထားသည့် အမြင့်တင်ရေစင်၊ အိမ်သွယ်ရေတိုင်စနစ်နှင့်ရေမီတာတပ်ဆင်ပေးထားမှုများကိုလည်းကောင်း၊ ဝင်ငွေတိုးစီမံကိန်းတက်ရောက်အောင်မြင်ပြီး ကိုယ်ပိုင်လုပ်ငန်းထူထောင် ထားသော ဒေါ်မေသူဇာဦး၏ စက်ချုပ်လုပ်ငန်းကိုလည်းကောင်း ကြည့်ရှုအားပေးသည်။

ဒုတိယဝန်ကြီးသည် ယမန့်နေ့ညနေပိုင်းကလည်း လေးမျက်နှာမြို့နယ်   ခတ္တူကျေးရွာနှင့်  ခုံကြီး -ခြောက်ဆယ် - ရိုးကြီးကျေးရွာတို့သို့ ဆက်သွယ်ထားသော လမ်းပေါ်ရှိ ပေ ၂၂၀ သံကူကွန်ကရစ်တံတားအား သွားရောက်ကြည့်ရှုစစ်ဆေး၍ ခတ္တူနှင့်တံတားအကြား ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်  ခွင့်ပြုရန်ပုံငွေဖြင့်ဆောင်ရွက်မည့်   ကျောက်လမ်းကိုလည်းကောင်း၊ တံတားနှင့်ခုံကြီးကျေးရွာအကြား ပြင်ထိန်းဆောင်ရွက်ပေးရမည့် လုပ်ငန်းများကိုလည်းကောင်း ကြီးကြပ်ဆောင်ရွက်သွားရန် မှာကြားသည်။

ထို့နောက်  သမိုင်းဝင်စတုမုခထူပါရုံစေတီတော်မြတ်ကြီးအားဖူးမြော်၍ ငဝန်မြစ်ကမ်းထိန်းလုပ်ငန်း ဆောင်ရွက်ထားမှုအခြေအနေများကို လိုက်လံကြည့်ရှုသည်။ယင်းနောက် လေးမျက်နှာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးသို့ သွားရောက်ပြီး တာဝန်ရှိ သူများ၊ ဝန်ထမ်းများနှင့်တွေ့ဆုံကာ ဒေသတည်ငြိမ်အေးချမ်းရေးအတွက်  တာဝန်သိသိ၊ သစ္စာရှိရှိဖြင့် ဝိုင်းဝန်းလက်တွဲဆောင်ရွက်ကြရန်   တိုက်တွန်းမှာကြားပြီး လေးမျက်နှာမြို့နယ်အတွင်း နယ်မြေစိုးမိုးရေးဆောင်ရွက်နေကြသည့် တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအတွက် ငွေကျပ်သိန်း ၁၁၀ တန်ဖိုးရှိ   စားသောက်ဖွယ်ရာများနှင့်   အုပ်ချုပ်မှုလုပ်ငန်းသုံးပစ္စည်းများကိုလည်းကောင်း၊ ဒေသခံပြည်သူ့စစ်များအတွက်ဂုဏ်ပြုချီးမြှင့်ငွေကျပ်သိန်း ၃၀ ကိုလည်းကောင်း ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြကြောင်း  သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment