Pages

Pages

ဆေးသမားကြီး(IDP)စခန်းတွင် မီးဘေးသင့်အိမ်ထောင်စုများအတွက် ဆန်ရိက္ခာဖိုးငွေ ၆၃၀၀၀၀၀ ကျပ် ထောက်ပံ့ပေးအပ်


စစ်တွေ၊ မေ  ၅

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က  စစ်တွေမြို့နယ် သဲချောင်းကျေးရွာ ဘုန်းတော်ကြီးကျောင်းတိုက်သို့သွားရောက်၍ ကျောင်းထိုင်ဆရာတော်အား ဖူးမြော်ကာ  လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းကြပြီး  ကျောင်းတိုက်အတွင်းလုံခြုံရေးအတွက်  ဆိုလာမီးများတပ်ဆင်ပေးနိုင်ရေးနှင့် လိုအပ်သည်များကို  ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး တာဝန်ရှိသူများအား မှာကြားခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မှန်စီလမ်းဆုံတွင် IDP စခန်းများစီမံခန့်ခွဲမှုကော်မတီရုံးဆောက်လုပ်နေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးကြပြီး ရုံးအတွင်းလိုအပ်သောပစ္စည်းများ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးနှင့် ရုံးဆောက်လုပ်ပြီးစီးပါက ဌာနဆိုင်ရာများနှင့် စခန်းတာဝန်ခံ များက မီးဘေးလုံခြုံရေးဆိုင်ရာကိစ္စရပ်များနှင့် IDP စခန်းရှိပြည်သူများအတွက် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် သွားနိုင်ရေး စီစဉ်ဆောင်ရွက်သွားကြရန် မှာကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့နယ် ဆေးသမားကြီး(IDP) စခန်းမီးလောင်ပြင်အားရှင်းလင်းပြီးစီးနေမှုကိုသွားရောက်ကြည့်ရှုကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ပေးကြသည်။

စစ်တွေမြို့နယ် ဆေးသမားကြီး(IDP)စခန်းတွင် မေလ ၂ ရက် နံနက် ၄ နာရီ  ၁၅ မိနစ်တွင်   မီးလောင်မှုဖြစ်ပွားရာ မီးလောင်ကျွမ်းမှုကြောင့်   ၁၀ ခန်းတွဲ လူနေအဆောင်  ၁၈ ဆောင်  မီးလောင်ပျက်စီးခဲ့ပြီး အိမ်ထောင်စု ၁၈၀ စုမှ လူဦးရေ ၁၂၆၀ ဦး မီးဘေးကြုံတွေ့ခဲ့ရသည့်အတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက မီးဘေးသင့်အိမ်ထောင်စု ၁၈၀ စု၊   လူဦးရေ ၁၂၆၀ ဦးအတွက်  ဆန်ရိက္ခာဖိုးငွေ   ၆၃၀၀၀၀၀ ကျပ်နှင့်   ၁၉၃၈၂၀၄၀ ကျပ်တန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုးပါ ၁၈၀ ပုံး၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ASEAN Family Tent ၁၈၀ ခုနှင့်  Jerry Can ရေပုံး၁၈၀ ပုံးတို့ကို ထောက်ပံ့ပေးအပ်ခဲ့ပြီးဖြစ်ကြောင်းနှင့် ယာယီနေထိုင်ရေးအတွက် လိုအပ်သည်များကို ပြည်နယ်အစိုးရအဖွဲ့က ဆက်လက်ဆောင်ရွက်ပေးလျက်ရှိသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မီးဘေးသင့်ပြည်သူများအား နယ်မြေခံတပ်မတော်ဆေးအဖွဲ့နှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူးဒေါက်တာကြည်လွင် ဦးဆောင်၍ ဆရာဝန်၊ သူနာပြုများက ကျန်းမာရေးစောင့်ရှောက်ပေးနေမှုကိုကြည့်ရှုအားပေးကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့်ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။ ဆက်လက်၍ မီးဘေးသင့်ပြည်သူများအား သောက်သုံးရေများဖြန့်ဝေပေးနေမှုနှင့် ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများက ရေသန့်ဆေးပြားများ  ဖြန့်ဝေပေးနေမှုတို့ကို   ကြည့်ရှုအားပေးကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မီးဘေးသင့်ပြည်သူများအတွက် နယ်မြေခံတပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊   ဌာနဆိုင်ရာပူးပေါင်းအဖွဲ့နှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များက    ယာယီ မိုးကာတဲများ ဆောက်လုပ်ပေးနေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က မိုးကာတဲများစနစ်တကျ  ဆောက်လုပ်ပေးပြီး နေရာချထားကြရန်၊ မီးဘေးသင့်ပြည်သူများအတွက် သန့်ရှင်းသောရေရရှိရေး၊   ယင်လုံအိမ်သာများအသုံးပြုနိုင်ရေး၊  စနစ်တကျချက်ပြုတ်စားသောက်နိုင်ရေး စီစဉ်ဆောင်ရွက်သွားကြရန်မှာကြားသည်။

စစ်တွေမြို့နယ်၌ ၂၀၂၅ ခုနှစ် မတ်လ ၁ ရက်ကလည်း  ခေါင်းဒုက္ကာကျေးရွာအုပ်စု၊ ခေါင်းဒုက္ကာ(၂) IDP စခန်းမီးလောင်မှုဖြစ်ပွားခဲ့ရာ   လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့တို့က ဆန်ရိက္ခာဖိုး၊ ကယ်ဆယ်ရေးပစ္စည်းများ၊ ယာယီနေထိုင်ရန်စီစဉ်ဆောင်ရွက်ပေးထားကြောင်းနှင့် မီးလောင်ပျက်စီးခဲ့သည့် တဲတန်းလျားများ ပြန်လည်ဆောက်လုပ်ရန် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ ငွေကျပ်၂၉၇၂ ဒသမ ၀၃၁ သန်းကျခံ၍ ပြန်လည်ဆောက်လုပ်ရန် စီမံပေးထားကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment