အွန်လိုင်းလိမ်လည်မှု (Telecom Fraud)နှင့် ဒုစရိုက်မှုလုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့် ပြည်ပနိုင်ငံသား ၈၅ ဦးအား သက်ဆိုင်ရာနိုင်ငံများသို့ ပြည်နှင်လွှဲပြောင်းပေးအပ်ခဲ့ပြီး အီသီယိုးပီးယားနိုင်ငံသားတစ်ဦး ထပ်မံစစ်ဆေးဖော်ထုတ်ထိန်းသိမ်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အွန်လိုင်းလိမ်လည်မှု (Telecom Fraud)နှင့် ဒုစရိုက်မှုလုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့် ပြည်ပနိုင်ငံသား ၈၅ ဦးအား သက်ဆိုင်ရာနိုင်ငံများသို့ ပြည်နှင်လွှဲပြောင်းပေးအပ်ခဲ့ပြီး အီသီယိုးပီးယားနိုင်ငံသားတစ်ဦး ထပ်မံစစ်ဆေးဖော်ထုတ်ထိန်းသိမ်း


နေပြည်တော်၊ မေ ၁၆

နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်မှု(Telecom Fraud)နှင့် ဒုစရိုက်မှုလုပ်ငန်း များကို အိမ်နီးချင်းနိုင်ငံများအပါအဝင် နိုင်ငံတကာမှ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ပြတ်ပြတ် သားသား စုံစမ်းဖော်ထုတ်တိုက်ဖျက်လျက်ရှိပြီး အဆိုပါလုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့် ပြည်ပနိုင်ငံသားများကို သက်ဆိုင်ရာနိုင်ငံများသို့ စနစ်တကျလွှဲပြောင်းပေးအပ်လျက်ရှိရာ ယနေ့တွင် အီသီယိုးပီးယားနိုင်ငံသား ၇၈ ဦးနှင့် လိုက်ဘေးရီးယားနိုင်ငံသား ၇ ဦးတို့အား မြန်မာ-ထိုင်းအမှတ် (၂)ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့ကိုရှေးရှု၍ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ပြည်နှင် လွှဲပြောင်းပေးအပ်ခဲ့ပြီး အီသီယိုးပီးယားနိုင်ငံသား ၁ ဦးကို ထပ်မံစစ်ဆေးဖော်ထုတ် ထိန်းသိမ်းနိုင်ခဲ့သည်။

အဆိုပါ ပြည်နှင်လွှဲပြောင်းပေးမှုလုပ်ငန်းများ စနစ်တကျရှိစေရေးနှင့် အဆင်ပြေချောမွေ့ စေ ရေးအတွက် ကရင်ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးစောထွန်းအောင်နှင့် တာဝန်ရှိသူများက ဌာန ဆိုင်ရာများနှင့်တွေ့ဆုံကာ စာရင်းဇယား၊ အချက်အလက်များကိုက်ညီမှုရှိရေး၊ ပြည့်စုံမှန်ကန်မှုရှိရေးတို့ကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်စွက်မှာကြားသည်။

ထို့နောက် ပြည်နှင်လွှဲပြောင်းပေးအပ်ပွဲကို ကျင်းပခဲ့ရာ ကရင်ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးစောထွန်းအောင်နှင့် တာဝန်ရှိသူများ၊ တရုတ်နိုင်ငံဆိုင်ရာ လိုက်ဘေးရီးယားသမ္မတနိုင်ငံသံရုံး First Secretary Mr. Moses Barclay နှင့် တာဝန်ရှိသူများ၊ အိန္ဒိယနိုင်ငံဆိုင်ရာ အီသီယိုးပီးယား ဖယ်ဒရယ်ဒီမိုကရက်တစ်သမ္မတနိုင်ငံသံရုံးမှ Second Secretary Mr.Wendwosen Melkamu နှင့် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများတက်ရောက် ခဲ့ကြပြီး မြန်မာနိုင်ငံမှ တာဝန်ရှိသူများက သက်ဆိုင်ရာနိုင်ငံများမှ တာဝန်ရှိသူများထံသို့ ပြည်နှင် လွှဲပြောင်းလက်ခံရေးဆိုင်ရာ အထောက်အထားစာရွက်စာတမ်းများကို စနစ်တကျ လွှဲပြောင်းပေးအပ်သည်။

အလားတူ မြဝတီမြို့-ကျောက်ခတ်နယ်မြေသို့ တရားမဝင်လမ်းကြောင်းမှတစ်ဆင့် ဝင်ရောက် ခဲ့သည့် အီသီယိုးပီးယားနိုင်ငံသား ၁ ဦးကို ယနေ့တွင် ထပ်မံစစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ပြီး သက်ဆိုင်ရာနိုင်ငံသို့ အမြန်ဆုံးပြန်လည်လွှဲပြောင်းပေးအပ်နိုင်ရေး လိုအပ်သည့် ကိုယ်ရေးအချက်အလက်များနှင့် မှတ်တမ်းများစာရင်းကောက်ယူခြင်းလုပ်ငန်းကို ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့ များဖြင့် ဆောင်ရွက်လျက်ရှိသည်။

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်မှ မေလ ၁၆ ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား စုစုပေါင်း ၉၀၇၁ ဦး စစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ကာ ၎င်းတို့အနက်မှ ၈၄၁၂ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံးလုပ်နည်း များနှင့်အညီ စနစ်တကျ ပြည်နှင်လွှဲပြောင်းပေးခဲ့ပြီး ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၆၅၉ ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်းနှင့် ၎င်းတို့ကို ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားရှိသည်။

နိုင်ငံတော်အစိုးရအနေဖြင့် တရားမဝင်အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများအား စုံစမ်းဖော်ထုတ် စစ်ဆေး၍ ထိရောက်စွာ အရေးယူဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံ၏ နယ်စပ်ဒေသများတွင် ဖြစ်ပေါ်လျက်ရှိသည့် အွန်လိုင်းလောင်းကစားမှုနှင့် ငွေကြေးလိမ်လည်မှုလုပ်ငန်းများကို တားဆီး ကာကွယ်တိုက်ဖျက်နိုင်ရန်အတွက် အိမ်နီးချင်းနိုင်ငံများအပါအဝင် နိုင်ငံတကာမှအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ စုံစမ်းဖော်ထုတ်အရေးယူမှုများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)