ပညာရေးနဲ့ပတ်သက်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို သိစေချင်သည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပညာရေးနဲ့ပတ်သက်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို သိစေချင်သည်



၂၀၁၉ ဇွန်လ သူရိယနေဝန်းမှတဆင့် ဒေါ်အောင်ဆန်းစုကြည်ထံပေးပို့ခဲ့တဲ့ ၂၀၁၉ထိ သုံးသပ်ထားတဲ့ပညာရေးစစ်တမ်းပါ။ ဒီနေ့လည်း ကိုက်ညီနေဆဲမို့ ပညာရေးနဲ့ပတ်သက်လို့ (ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို သိစေချင်သည်) လို့ ဆိုရှယ်မီဒီယာကတဆင့် တင်ပြပါတယ်။ နိုင်ငံ လူမျိုးကိုချစ်လို့ ရေးခဲ့တာဖြစ်ပြီး အခုတင်ပြတာလည်း နိုင်ငံလူမျိုးကို ချစ်လို့ဆိုတာ သိစေချင်ပါတယ်။ (မမစုနေရာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ထားဖတ်ပါရန်)

နိုင်ငံတော်၏ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို သိစေချင်သည် ပညာရေးနဲ့ ပတ်သက်လို့ (၂)

မမစု ခင်ဗျား။ King=Government= Ruler= တိုင်းပြည်အုပ်ချုပ်သူမင်းများမှာ နားတထောင်ရှိတယ်ဆိုတဲ့စကားအတိုင်း ယနေ့ ပညာရေးဟာ ရင်မှာမအေး ရင်သာလေး ရင်အနာပေးတဲ့ ပညာရေးဖြစ်နေကြောင်း တခါ ပညာရေးနဲ့ပတ်သက်လို့ ကျော်မကောင်း ကြားမကောင်းဖြစ်နေတာ မမစု ရွှေနားမှာ သိကြားနေမှာပါ။ ဆရာမင်းသစ်က ၁၇. ၂. ၂၀၁၇ ကတည်းက (မှားလိုက် လွဲလိုက်ရမှ စားဝင်အိပ်ပျော်တဲ့ ပညာရေးဝန်ကြီးဌာန) လို့ နောင်များ မှန်စေ မလွဲစေဖို့ အသိ သတိပေးစာရေးခဲ့ပေမယ့် ပညာရေးဌာန ဆောင်ရွက်ပုံတွေက ၂၀၁၇-၁၈ မှာလည်း လွဲ။၂၀၁၈-၁၉ မှာလည်း မှား။ ယခု ၂၀၁၉-၂၀ ပညာသင်နှစ်မှာလည်း သည်အမှားအလွဲခရီးကို ဇွဲကြီးကြီးနဲ့ သဲကြီးမဲကြီး ချီတက်ဦးမှာမို့ နိုင်ငံမှာလည်း မွဲသထက်မွဲ လူမျိုးမှာလည်း ဆင်းရဲသထက်ဆင်းရဲ၊ ခြုံလိုက်တော့ နိုင်ငံလူမျိုး ကိုယ်ကျိုးနည်းစေတဲ့ ပညာရေးဖြစ်နေဦးမှာဖြစ်ကြောင်း အကျိုး အကြောင်းနဲ့ ဒုတိယမ္ပိ တင်ပြလိုက် ပါတယ်။

(၁) ၂၀၁၈-၁၉ စာသင်နှစ်ဟာ၁၀တန်း မြန်မာစာမေးခွန်းက (မြင်စိုင်းရွှေပြည်)ကို (မြင်းစိုင်း)ဆိုပြီး မှားခဲ့တာ ရန်ကုန်တက္ကသိုလ် ရူပ- ဓာတုဂျာနယ်တွေမှာ အမှားမကင်းတာနဲ့ ဆုံးခဲ့ပြီး ၂၀၁၉-၂၀ ပညာသင်နှစ်အစမှာတော့ ဒီနှစ်မှစတဲ့ G-3 ဖတ်စာ သတ်ပုံသံပေါက်ကဗျာ (လည်း)နဲ့ရေးရမှာ (လဲ)လို့ ရေးတာ မှားကြောင်း G-3 သင်တန်း ဆရာတွေ ဆွေးနွေးတာ မမစုကြားစေချင်ပါရဲ့။ ဆရာကြီး ဦးမျိုးချစ်(ပေါင်းဝ)က ၁. ၆. ၂၀၁၉ သူရိယ နေဝန်းဂျာနယ်မှာ (လဲ)နဲ့ ရေးတာမှားကြောင်း တင်ပြထားတာလဲ မမစု သိစေချင်ပါရဲ့။ ၁. ၆. ၂၀၁၉ မြေလတ်ဂျာနယ်မှာ ဆရာအတတ်သင် ကောလိပ် ကထိက ဆရာကြီးဝိဇ္ဇာ မောင်ပိန်ကလည်း ရှေးရေးသုံး(လည်း) အသုံးပဲ ကြိုက်ကြောင်းကို (ဘုရားဖူးသွားမယ်။ ပုတီးစိတ်မယ်။ ညီလေး(လည်း)လိုက်။ ညီမလေး (လည်း)လိုက်။နောက်ဘယ်သူလိုက်ဦးမ(လဲ)လို့ နမူနာပြပြီး အပြောစကားမို့(လည်း)တွေကို (လဲ)ပြောင်းသလို လိုက်ပြောင်းနေရင် (ဖယား) ဖူးမယ်၊ ဗဒီးစိတ်မယ်)လို့ ပြင်ရမလို ဖြစ်နေတာပေါ့လို့ အပြောစကားပြေ ရှင်သန်ချင်သူတွေကို ငေါ့တော့တော့ ရေးထားတာလေးလဲ မမစုကို ပြောချင် ပါရဲ့။ ဘာပဲဖြစ်ဖြစ် အခု G-3 စာ ၃၄ နဲ့ ၄၆ မှာပါတဲ့ သတ်ပုံသံပေါက်ကဗျာက (လည်း)ရေးရမယ့်နေရာ (လဲ)နဲ့ရေးတာ လွဲမှားကြောင်း ဒီကနေ့ လက်ရှိ သုံးနေတဲ့ သတ်ပုံကျမ်း၊ အဘိဓာန်ကျမ်း၊ သဒ္ဒါကျမ်းအရ ခိုင်မာစွာပြောနေကြပါတယ်။ ဒါပေမယ့် အခု NLD အစိုးရ ပညာရေးဌာနက မူဝါဒဖော်ဆောင်သူတွေ သင်ရိုးရေးဆွဲသူ ပညာရေးအာဏာရှင်တို့က (ကျားကျားး- မီးယတ်ပဲ)ဆိုတဲ့ ဆေးဆရာအလွဲ သမားတော်ကြီးလို ဘယ်သူတွေ ဘယ်လိုဝေဖန်၊ ဝေဖန် သတ်ပုံသံပေါက်က (လဲ)ပဲ မှန်တယ်ဆိုလည်း ဟုတ်ကဲ့ မမစု အနာဂတ်လူငယ်လေးတွေ အသည်းမှာ စီမံခွင့်အာဏာရှိရင် ထင်ရာကျဲနိုင်တယ်ဆိုတဲ့ အစွဲဝင်သွားတော့မှာပါပဲ။ ဦးနေဝင်းခေတ်က ရှေးကရေးလာတဲ့ (၁ခု= တခုကို (တစ်ခု၊ တစ်ယောက်၊ တစ်ပွင့် စသဖြင့်ရေးသင့်တယ်ဆိုလုပ်လိုက်တော့ ကလေးတွေ ရင်ထဲ (တ)နေရာရေးရမယ့် နေရာ (တစ်)တွေရေးကြတော့ (တပေါင်း)က တစ်ပေါင်းဖြစ်၊ (တခဏ)က တစ်ခဏဖြစ် (တဖန် )က တစ်ဖန်ဖြစ်နဲ့ ပြင်ဖို့မလိုတာ ပြင်လိုက်တော့ နောင်မျိုးဆက် မမှားသင့်တာတွေ မှားကုန်တာပေါ့ မမစု။ အခုလည်း (လဲ)ဇာတ်လမ်းကြောင့် သတ်ပုံကျမ်းအသစ် မမစု ခေတ်မှာဖြစ်လာမတဲ့။ အဲဒါ မှတ်တမ်းတခု ဖြစ်တော့မှာပါပဲ။

(၂) ၂၀၁၉-၂၀ G-3  တတိယတန်းသင်ရိုးသစ် လူမှုရေးဘာသာပြဌာန်းစာအုပ် သင်ထောက်ကူပုံ လွဲချက်ကလည်း အနာဂတ်မျိုးဆက် သိမှတ်မှု အမှားကြီးကြီး အလွဲကြီးကြီးကို ဖြစ်စေတာ တင်ပြပါရစေဦး။ ဒီနေရာမှာ (သင်ထောက်ကူ) အကြောင်းပြောချင်ပါတယ်။ ကျောင်းသုံးပြဌာန်းစာအုပ်ဆိုတာ သင်ထောက်ကူတမျိုးပါ။ သင်ထောက်ကူပစ္စည်းဆိုတာ (က) ဖြစ်နိုင်ရင် တကယ့်အစစ် (ခ) ပစ္စည်းစစ်မရရင် မူပုံ(ပုံစံတူ) (ဂ) အဲဒီ ၂ချက် မရရင် ဆရာကိုယ်တိုင်ပုံဆွဲ လုပ်ရပါတယ်။ အဲသလိုလုပ်ရင်တောင် အနီးစပ်ဆုံးဖြစ်ရပါတယ်။ စေတနာပညာအားသာတဲ့ ၁၉၄၈ မှ ၁၉၈၃ ထိ မူ-လယ်-ထက် ဆင့် သင်ရိုးပြုစုသူတွေဟာ သင်ရိုးပြဌာန်းစာအုပ်ကို မြင်ရုံ ကြည့်ရုံ ကြားရုံ ဖတ်ရုံမျှနှင့် သင်ကြားသူဆရာ သင်ယူသူတပည့်နဲ့ လေ့လာသူမိဘတို့ကို အသိ၊ အတတ် ပညာရအောင် ကြိုးစားအားထုတ်ခဲ့ကြပါတယ်။ ၁၉၄၈-၈၃ မူ-လယ် စာအုပ်တွေပြန်ကြည့်ရင် ယခု ၂၀၁၆ မှ ၂၀၁၉ မူ-လယ်စာအုပ်ထက် သာတာ  သိသိသာသာမြင်နိုင်ပါတယ်။

ယခု KG+၁၂ တန်း သင်ရိုးပြုစုသူတွေရဲ့ စေတနာပညာအား အလွန့် အလွန် အတော်လေးကို ညံ့ဖျင်းတာ၊ အခု၂၀၁၉-၂၀ တတိယတန်း လူမှုရေး စာအုပ် စာမျက်နှာ ၄၂- အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းအကြောင်းက သက်ထောက်ကူပုံမှာ တွေ့နိုင်ပါတယ်။ စာ-၄၂ ပုံဟာ (ဗိုလ်ချုပ်အောင်ဆန်း နေခဲ့တဲ့အိမ်နဲ့ ဗိုလ်ချုပ်နဲ့ မိခင်ဒေါ်စုပုံတွေကို ဖြစ်ကတန်းဆန်း ဆွဲထားတာတွေ့ရပါမယ်။ ဒါမျိုးကို သင်ထောက်ကူ အစစ်သုံးရပါတယ်။ ပန်းချီမသုံးရပါဘူး။ သင်ရိုးပြဌာန်းစာအုပ်ဆိုတာ ဆရာကိုယ်စား ဆရာ့ကိုယ်ပွားလည်း ဟုတ်ပါတယ်။သင်ထောက်ကူသုံးစရာမလိုတဲ့ သင်ခန်းစာ (အခု- ဗိုလ်ချုပ်အောင်ဆန်းအကြောင်းလို သင်ခန်းစာမျိုး)မှာ ပုံအစစ်ရတာကို ပုံအစစ်သုံးရပါတယ်။ ဒါမှ နတ်မောက် မရောက်ဖူးတဲ့သူက ဗိုလ်ချုပ်နေခဲ့တဲ့အိမ်က ( ရိုး-ယဉ်၊ခန့်-သန့်)ပြီး ဟိတ်ဟန်မရှိ ပကတိဖြောင့်စင်းတာကို ကလေးငယ်ကတည်းက မသိစိတ်မှာ စွဲသွားမှာပေါ့။ ကျွန်တော့်မြေးမ တတိယ တန်းကျောင်းသူက နတ်မောက်ဇာတိဆိုတော့ အဲဒီစာ ၄၂ က ပုံကြည့်ပြီး (ဘဘ - ဗိုလ်ချုပ်နေတဲ့ အိမ်နဲ့လည်းမတူဘူး မိခင်ဒေါ်စုပုံကလည်း ဓာတ်ပုံနဲ့ မတူဘူး)လို့ ပိုင်းခြားတတ်ပါတယ်။

(သင်ရိုးပြုစုသူများခင်ဗျား။ ယခု လူကြီးမင်းတို့ဖော်ပြလိုက်တဲ့ ပြီးကပစ်ပုံက လူကြီးမင်းတို့ နိုင်ငံနဲ့ လူမျိုးအပေါ် စေတနာ ပညာအားနည်းတယ်ဆိုတာ သက်သေတခုမျှသာပါ။ စာမျက်နှာ ၃၆ က မင်းတုန်းမင်းပုံနဲ့ နန်းညီလာခံပုံဟာလည်း ပစ်စလက်ခတ် ပြီး-ပြီးရော ဆွဲထားတာပါ။ စာမျက်နှာ ၄၃ က ဗိုလ်ချုပ်အောင်ဆန်းနေခဲ့တဲ့ ဦးသောဘိတ ကျောင်းပုံဟာ မမှန်ပါ။ ရေနံချောင်း အမျိုးသားကျောင်းပုံ အစစ်ရနိုင်ပါရဲ့နဲ့ မရှာဖွေတာ စေတနာညံ့ဖျင်းတဲ့ ပြယုဂ်ပါ ခင်ဗျာ။ ဆက်ပြောရရင် စာ-၄၄ နဲ့ ၄၅က ဗိုလ်ချုပ်အောင်ဆန်းနဲ့ပတ်သက်တဲ့ ပုံအစစ်သုံးနိုင်ပါရက်နဲ့ မသုံးပဲ လွဲမှားအသိပေးပုံတွေ သုံးတာလူကြီးမင်းတို့ရဲ့ဝတ်ကျေတန်းကျေ စိတ်ကိုပြပါတယ်။ လူကြီးမင်းတို့ဟာ နိုင်ငံနဲ့လူမျိုးချစ်ရင် လာမည့်နှစ်မှာ ပြုပြင်ပါလို့ တိုက်တွန်းပါတယ်။ အနာဂတ်လူငယ်တွေကို ပညာစစ်မပေးချင်တဲ့ စေတနာနဲ့ တိုင်းပြည်နဲ့လူထု အကျိုးပြုစိတ်မရှိရင်တော့ အဲဒီပုံတွေကို အဲဒီအတိုင်းပဲ ထားပါခင်ဗျာ။ ယခု  စာသင်နှစ်မှာ ပြင်မယ်ဆိုတောင် နိုင်ငံလူမျိုး အပေါ် စေတနာစစ်ထားရင် ပြင်လို့ရပါတယ်ခင်ဗျာ။ )

(၃) မမစု ခင်ဗျား။ နောက်အလွဲတခုကတော့ ဂီတသင်ရိုး ကိစ္စပါ။ KG+၁၂ တန်း စနစ်အရ ယခင်က ဖွံ့ဖြိုးရေးဘာသာရပ်တွေကို သင်ရိုးအဖြစ် ပြဌာန်းလိုက်တာဟာ အခြေခံပညာရေးမူဝါဒ ပန်းတိုင်ကို ဝေးသွားစေတဲ့ လွဲမှားမှုပါပဲ။ ဒါကို ဆွေးနွေးရတာ ကျယ်ပြန့်လို အခု မတင်ပြတော့ပါ။ ပြောချင် တာက ဗန်းမော်က ပညာရေးစိတ်ဝင်စားသူ ရဲမှူးအငြိမ်းစားက ဖုန်းဆက်ပါတယ်။ သူဟာ ရှမ်းတိုင်းရင်းသားတဦးလည်းဖြစ်ပါတယ်။ သူက (ဂီတာသင်ရိုး မှာ ဗမာစည်းဝါးအကကို ပြဌာန်းတာဟာ မှားတယ်လို့ သူယူဆကြောင်း တိုင်းရင်းသားတွေမှာ ကိုယ့်ကကွက် ကိုယ့်ကဟန် ကိုယ့်ယဉ်ကျေးမှု အနုပညာ ကိုယ်စီရှိကြပြီး ဗမာအကကိုမှ သင်ရိုးပြဌာန်းတာဟာ ဗမာလူမျိုးကြီး ဆန်တာကိုဖော်ပြပြီး အမျိုးသားညီညွတ်ရေးမူဝါဒနဲ့ ဆန့်ကျင်တာကိုပြတဲ့ အကြောင်း) ပြောပါတယ်။ သူပြောတာ စဉ်းစားစရာပါ။ ၁၉၆၄ ခုနှစ် ဦးနေဝင်းခေတ် စစ်ကိုင်း ရွာသစ်ကြီး တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးသိပ္ပံ (နောက်ပိုင်း တက္ကသိုလ်)မှာ တိုင်းရင်းသားညီအကိုတွေရဲ့ ယဉ်ကျေးမှုအနုပညာတွေကို တိုင်းရင်းသားတိုင်း ကိုယ်စီသင်ယူကြရတာဟာ အလွန်မှန်ကန် လှပါတယ်။ အခု ဖွံ့ဖြိုးရေးဘာသာရပ်တွေကို သင်ရိုးတခုအနေနဲ့ ပြဌာန်းစရာမလိုပါဘူး။ နိုင်ငံမှာ (မန္တလေး၊ ရန်ကုန်လိုအနုပညာ ပန်တျာကျောင်း အားကစားကျောင်းတွေ တည်ထောင်ပြီးသင်ပေးရင် ဘာသာရပ်သင်ဆရာတွေထက် ပိုပြီးတော့ ထူးချွန်တာပေါ့။ ဘာသာရပ်သင် ဆရာဆိုတာက ဝါသနာ ကို ပြုစုပျိုးထောင်ပေးလိုက်ရုံသာပါ။ မမစု ခင်ဗျား။ အဆိုတော် တွံတေးသိန်းတန်၊ မောင်မောင်ညွန့်၊ ဟင်္သာတထွန်းရင်၊ တင်တင်မြ၊ မာမာအေး၊ ချစ်စံပယ် စသူတို့ဟာ မူ-လယ်-ထက်မှာ ဂီတသင်ရိုးနဲ့ ကြီးခဲ့သူတွေ မဟုတ်ပါ။ ပန်းချီ၊ ဂီတ၊ အက အနုပညာဆိုတာ သီးသန့်သင်ယူရပြီး ဝါသနာ ပါရမီ ဗီဇပါမှ ထွန်းပေါက်တာပါ။ တချိန်က မြန်မာ့ဂုဏ်ဆောင် ဘောလုံးသမား ဗဟာဒူး၊ သံလုံးပစ် ဂျနီဖာမတင်လေး၊ အပြေးမယ် မဝိပ္ပံတို့ဟာ အခုလိုအားကစားသင်ရိုးနဲ့ နေခဲ့သူတွေမဟုတ်ပါ။ အချိန်ကုန်ခံ သီးသန့်သင်ရိုးပြဌာန်းစရာ မလိုပါ။ အခုတော့ ဆရာတွေခမျာ ဘာသာရပ်ပိုင်နိုင်စရာမလို စည်းမကျ ဝါးမကျ ကခုန် အရူးလို အပေါလို ဇာတ်လမ်းတွေထွက် ပုံမမှန်တဲ့ ပန်းချီတွေဆွဲ ရီစရာ အားကစားပုံစံတွေနဲ့ ပညာရေးရှက်ဖွယ်ဖြစ်နေတဲ့ သင်တန်းဟာ ၂၀၁၆ က စလာတာ ၄ နှစ် ရှိသွားပါပြီ။ ကဲဒီလေးနှစ် ပုလွေမှုတ်အဆင့် ဘယ်မှာတိုးတက်လို့လဲ။ သင်တန်းဆရာတောင် မသင်တတ်တာ ဘယ်ကျောင်း၊ ဘယ်ဆရာ၊ ဘယ်တပည့်၊ ထူးချွန်မှုရှိလို့လဲ။ 

အနုပညာအကြောင်းပြန်ကောက်ရရင် စစ်ကိုင်း ရွာသစ်ကြီးလို ဆရာအတတ်သင် ကောလိပ်တွေက တက်ရောက်လာတဲ့ ဆရာတိုင်းကို ပြည်ထောင်စုသားတွေရဲ့ ရိုးရာဓလေ့ယဉ်ကျေးမှု အနုပညာအခြေခံတွေသင်ပေးရင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနဲ့ အမျိုးသားညီညွတ်ရေးကို တည်ဆောက်ပြီးဖြစ်သွားပါတယ်။ အရင်လည်းဒီလိုလုပ်လာတာပါ။

ဒါပေမယ့် ၂၀၁၆ KG+၁၂ တန်းစနစ် ဉာဏ်ကြီးရှင် သင်ရိုးပြုစုသူတွေက အမေရိကန်နဲ့ ဂျာမနီရိုးရာတေးမှ ဒို၊ ရေ၊ မီ၊ ဖာ၊ ဆို၊ လာ၊ တီ တွေ လုပ်လိုက်တော့ မြန်မာတိုင်းရင်းသားရိုးရာတေးနဲ့ ဆရာကြီးမင်းသုဝဏ်၊ ဇော်ဂျီ၊ တင်မိုးတို့ ကဗျားသင်ရိုးတွေ ဖျောက်ဖျက်ပစ်နေတာပေါ့။ ဘာပဲဖြစ်ဖြစ် မလုပ်သင့်တာကိုလုပ်၊ လုပ်သင့်တာကို မလုပ်တဲ့ KG+၁၂ တန်းစနစ်ကြောင့် နောင်လာမယ့် F မျိုးဆက်တွေဟာ အောက်ကလိအာတွေအဖြစ် နောင် အနှစ် ၂၀ မှာ မြင်တွေ့ရတော့မှာပါ။ ဒီစနစ်အတိုင်းတာ သွားမယ်ဆိုရင် ပြည်သူတွေမြင်ချင်တဲ့ ပညာရေးမြင့်မားမှု မရဘူးဆိုတာ အစ်မအရင်းတယောက် ကို မောင်လေးတယောက်က တင်ပြသလို တင်ပြလိုက်ပါတယ်။

(၄) တဆက်တည်း မူလတန်းဆင့်မှာ အင်္ဂလိပ်စာမသင်သင့်တာ ထပ်ခါထပ်ခါပြောပါရစေဦး။ ဒါဦးနေဝင်းရဲ့၁၉၈၁အလွဲပါ။ ယခုပညာရေးပြုပြင်တဲ့ ပုဂ္ဂိုလ်တွေဟာ JICAဆိုတဲ့ ဂျပန်အကူအညီယူပေမယ့် ဂျပန်မှာ မူဆင့်မှာ မိခင်စာသင်တာ၊ အထက်တန်းနဲ့ တက္ကသိုလ်မှာ မိခင်ဂျပန်စာနဲ့သင်တာတွေ သိပါလျက် မြန်မာပညာရေးမှာ အင်္ဂလိပ်စာ ဦးစားပေးနေတာ စာပေမှာ အင်္ဂလိပ်ကျွန်ဘဝက မလွတ်သေးပါ။ ဂျပန်၊ တရုတ်၊ ကိုရီးယား တို့လိုမိခင်စာနဲ့ ပညာရပ်တွေကို သင်ယူပြီး အင်္ဂလိပ်စာ အထူးသီးသန့် သင်ယူသူတွေထားရမှာပါ။ ဆရာကြီး(ဒေါက်တာအောင်မြင့်ဦး၊ မောင်ခင်မင်(ဓနုဖြူ)၊ ဒေါက်တာခင်မောင်ညို)တို့လို ပညာရှင်တွေကတောင် မိခင်စာနဲ့သင်တာ အကျိုးရှိကြောင်း တင်ပြနေကြတာပါ။ အခုပြောချင်တာက G-3 အင်္ဂလိပ်စာက စာ၅၄က I usually study (my lesson) at 7:30.ဝါကျမှာ studyနောက်က lesson မလိုက်ရဘူးလို့ ငြင်းခုန်သံတွေ f.b မှာတွေ့ရပါတယ်။ ၂၉မေ f.bမှာ Saya Kyaw Swar Htet က Longman Dictionary of Common Errors မှာ study နောက်က lesson မလိုက်ကြောင်း၊ have/take lesson သာရှိကြောင်း၊ LDCE, Oxford, Webster, Cambridge အဘိဓာန်တွေမှာလည်း study နောက်က lesson လိုက်တာမရှိကြောင်း (အခု စင်္ကာပူမှာ၊ ဧမာနွေလမှာ study နောက်က lesson သုံးတယ်၊ NativeSpeaker တွေလည်းသုံးတယ်)ဆိုပြီး မလုပ်သင့်ကြောင်း၊ Native ဖြစ်လို့ အင်္ဂလိပ်စကားပြောတတ်ပေမယ့် သဒ္ဒါမသိနိုင်ကြောင်း၊ Native Speaker နဲ့ Websiteတွေကို ဆရာတင်ချင်သူတို့ ပြောတာအမှန်ပဲလို့ ထင်နေတဲ့ ဆရာတွေကြောင့်  Longman, Oxford, Webster, Cambridge ကပညာရှင်တွေကို ခြေနဲ့ကန်ထုတ်လိုက်တာနဲ့တူနေကြောင်းနဲ့ အဘိဓာန်ပညာရှင်တွေကို အားနာမိလို့ ဒီစာရေးတင်ရကြောင်း ဖတ်ရပါတယ်။ မမစုက Oxford ကျောင်းထွက်မို့ ဆရာကျော်စွာထက် တင်ပြတာပိုနားလည်ပါလိမ့်မယ်။ ကျွန်တော့်ဆိုလိုရင်းက မူဆင့်မှာ အင်္ဂလိပ်စာသင်တာက လေးတွေအဖို့ ဗူးလေးရာ ဖရုံဆင့်ဖြစ်နေလို့ ၁၉၈၁ကတည်းက လက်မခံပါဘူး။ တိုင်းရင်းသားလေးတွေဆို ၅နှစ်+အရွယ်မှာ ဘာသာစကား ၃မျိုး သင်ရတာ ကလေးကိုနှိပ်စက်နေတာပါ။ မူဆင့်မှာ မိခင်မြန်မာစာ အားကောင်းနေရမှာပါ။ မမစုသိစေချင်တာက မူဆင့် အင်္ဂလိပ်လိုသင်နေသမျှ Master တန်းမဟုတ်ဘဲ ပညာရပ်တွေကို အင်္ဂလိပ်လို သင်ကြား သင်ယူနေသမျှ မြန်မာ့ပညာရေး ဘယ်တော့မှ မဖွံ့ဖြိုးမတိုးတက်ဘူးဆိုတာ ပြောလိုက်ပါရဲ့။

(၅)ဒီတပတ်တော့ G-3 သင်ရိုးအလွဲကိုပဲ တင်ပြလိုက်ပါတယ်။ စာအဆုံးမသတ်ခင် ၂. ၃. ၂၀၁၉ သူရိယနေဝန်းမှာ တင်ပြခဲ့တဲ့ စာအမှတ်-၁ မှာ စာသင်နှစ်တနှစ်၊ စာသင်ရက် ၁၉၉ ရက် ရှိပေမယ့် မြန်မာ့ပညာရေးမှာ တကယ်သင်တာ ရက် ၁၂၀= ၄ လပဲ ရှိတယ်လို့ ဖော်ပြခဲ့လို့ အခု ၂၀၁၉-၂၀ မှာ ပညာရေးဌာနကြီးက ၂၀၂၀ မတ် ၃၁ ထိအောင် စာသင်ရမယ်ဆိုတဲ့ နှုတ်မိန့်စကား ထွက်လာပါတယ်။ ရီစရာတော့ ကောင်းပါတယ် မမစုခင်ဗျား။ ပညာရေးဌာနကြီးဟာ ဆရာတပည့်တွေ ကိုယ်စိတ်နှစ်ပါး ချမ်းသာအောင် ပညာပြည့်ပြည့်၀၀ရအောင် ဘယ်လို ဘယ်အချိန် ဘာ့ကြောင့် ဘယ်သူတွေနဲ့ ပူးပေါင်းသင်ကြားမယ်ဆိုတဲ့ ကိုယ်ပိုင်အတွေးအခေါ်မရှိဘဲ နိုင်ငံတကာ နိုင်ငံတကာနဲ့ (သြဇီက ဘယ်လို၊ ဂျပန် ဘယ့်နှယ်၊ နော်ဝေက ဘယ်ပုံ၊ ဖင်လန်၊ ဆွစ်ဇာလန်ကဘယ်နည်း) စကားလုံးကြီးကြီးနဲ့ မစားရ ဝခမန်းပြော။ ကိုယ်ပိုင်ဟန် ကိုယ်ပိုင်နည်းနဲ့ ကိုယ့်နည်းစနစ်ကို သူတပါးက နည်းယူလာအောင်မလုပ်နိုင်ဘဲ သူတပါး ပေးစာ ကမ်းစာနဲ့ သူတပါးခိုင်းတာ နောက်က လိုက်လုပ်နေကြတာ မရှက်တာအံ့သြပါရဲ့။ ဆရာကြီးမင်းသုဝဏ်၊ ဇော်ဂျီတို့နဲ့ ဆရာကြီးတို့ရဲ့အရင် ၁၉၂၀ က ကိုဘဦး၊ ကိုဖိုးကျား စတဲ့ အမျိုးသားကျောင်းတည်ထောင်သူတွေဟာ နိုင်ငံနဲ့ လူမျိုးတိုးတက်အောင် ဆောင်ရွက်ခဲ့ကြတာဟာ ဘယ်ပြည်ပ ပညာရှင်ကိုမှ ဆရာမတင်ခဲ့ကြပါဘူး။ ဒါ့ကြောင့် ၁၉၄၈ မှ ၁၉၈၃ မူ-လယ်-ထက် သင်ရိုးတွေဟာ ပြည့်စုံကောင်းမွန်တာ အခု ၂၀၁၆ KG+၁၂ စနစ်အရ ဖြစ်လာမယ့်သင်ရိုးတွေနဲ့ ယှဉ်ကြည့်ရင် မြင်သိနိုင်ပါတယ်။

မမစု ခင်ဗျား။ ပညာရေးမြှင့်တင်ဖို့ဆိုတာ စနစ်ကောင်းချရတာပါ။ ၁၉၄၈ နဲ့ ၁၉၆၆ သင်ရိုးစနစ်တွေကို ဆရာဇော်ဂျီနဲ့ ဆရာကြီးမင်းသုဝဏ်တို့ အုပ်စု ဦးဆောင်ခဲ့ကြတဲ့ စနစ်ဟာ အလွန်ကောင်းခဲ့ပါတယ်။ ၁၉၈၄ မှာ သင်ရိုးတွေ ပျက်စီးလာပါတယ်။ ၂၀၁၆ ခု KG+၁၂ တန်းစနစ်ကတော့ နိုင်ငံမွဲ လူထုဆင်းရဲ စနစ်ဖြစ်ပါကြောင်း၊ ဆင်းရဲမွဲဆိုတာမှာ ငွေကြေး၊ ဓန၊ ဥစ္စာတို့အပြင် ဆရာတပည့် အသိ အတတ် ဆင်းရဲမွဲတာကိုပါ ဆိုလိုပါကြောင်း၊ စာသင်ရက် ၁၉၉ ရက် ပြည့်အောင် စာသင်ချင်လျှင် စာသင်နှစ်စပုံစံပြောင်းရမယ်ဆိုတာ မူဝါဒဖော်ဆောင်သူတွေ သိစေချင်ပါကြောင်းနဲ့ အခု ပုံစံအတိုင်း သွားနေလို့ကတော့ အပြောဖိုးစိန်နဲ့ ရွှေမန်းတို့ဖြစ်ပြီး ထွက်လာတော့ ချိုမိုင်မိုင်တောင် သင်ရိုးကုန်မကတတ်သူတွေလို့ ပြည်သူတွေက သိရှိနေပါကြောင်း တင်ပြလိုက်ရပါတယ်။


ကိုဌေး ( နတ်မောက်)

စာပြီးရက်- ၃. ၆. ၂၀၁၉ နေ့ (၁၂း၀၀)

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သိစေရန်

(မူလတန်းမှာ Eng သင်တာကို အားလုံးမပယ်ချင်ရင် KG ကနေ G-3 ထိ ဗိုလ်ချုပ်မှူးကြီးတို့ခေတ်ကလို မြန်မာလိုပြည့်ပြည့်ဝဝသင်။ G-4 ရောက်မှ အင်္ဂလိပ်စာသင်ရင် လိုရာခရီးရောက်ပါမယ်။)


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)