နေပြည်တော်၊ ဇွန် ၂၆
ငြိမ်းချမ်းရေးဖိုရမ် (Peace Forum 2025) ဖွင့်ပွဲအခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က အဖွင့်မိန့်ခွန်း ပြောကြားရာတွင် ကျွန်တော်တို့အနေနဲ့ ရွေးကောက်ပွဲကို ဖြစ်နိုင်သမျှ ကျယ်ကျယ်ပြန့်ပြန့် ကျင်းပနိုင်ဖို့အတွက်လိုအပ်တဲ့ ကြိုတင်ပြင်ဆင်မှုတွေကို အလေးထားဆောင်ရွက်နေကြောင်း၊ အဓိက ကတော့ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့လိုကြောင်း အလေးပေးပြောကြားသွားခဲ့သည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က -
ကျွန်တော်တို့နိုင်ငံရဲ့ အန္တိမမျှော်မှန်းထားတဲ့ ရည်မှန်းချက်ကတော့ ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ “ပြည်ထောင်စုနိုင်ငံ” ထူထောင်နိုင်ဖို့ဖြစ်ပါတယ်။ ဒီမိုကရေစီစနစ်ဆိုတာ ပြည်သူကရွေးချယ်တဲ့ အုပ်ချုပ်ရေးစနစ်ဖြစ်ပြီး ဖက်ဒရယ်စနစ်ဆိုတာက လုပ်ပိုင်ခွင့်အာဏာနဲ့ရပိုင်ခွင့်တွေကို မျှဝေခံစားစေခြင်းဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ဖက်ဒရယ်ဆိုတာ မတူကွဲပြားတဲ့ တိုင်းဒေသကြီးတွေ၊ ပြည်နယ်တွေ၊ လူမျိုးတွေနဲ့လူမျိုးစုတွေ စုစည်းလုပ်ကိုင်ရာကနေ လုပ်ပိုင်ခွင့်တွေကို ခွဲဝေကျင့်သုံးတဲ့ သဘောတရားဖြစ်ပြီး ပေါင်းစည်းနေထိုင်ခြင်းနဲ့ မျှဝေခံစားခြင်းတို့ပဲဖြစ်ပါတယ်။
ဒါကြောင့် မတူကွဲပြားတဲ့ ကိုယ်စားပြုမှုတွေရှိပြီးပါတီတွေ၊ တိုင်းရင်းသားလူမျိုးစုတွေကို ကျယ်ကျယ်ပြန့်ပြန့် ကိုယ်စားပြုနိုင်ဖို့အတွက် ယခုနှစ်အကုန်ပိုင်းမှာကျင်းပမယ့် ရွေးကောက်ပွဲမှာ လက်ရှိကျင့်သုံးနေတဲ့ မဲအများဆုံးရသူ အနိုင်ယူစနစ်(FPTP)အပြင် အချိုးကျကိုယ်စားပြုစနစ် (PR)စနစ်ကိုလည်း ပေါင်းစပ်ကျင့်သုံးသွားမယ်လို့ ကျွန်တော်ပြောကြားခဲ့ပြီး ဖြစ်ပါတယ်။
ကျွန်တော်တို့အနေနဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ နိုင်ငံတော်ကို တာဝန်ယူဆောင်ရွက်ခဲ့တာဖြစ်တဲ့အတွက် ပြည်သူတွေလိုလားတဲ့ ပါတီစုံဒီမိုကရေစီစနစ်ကို မဖြစ်မနေ အကောင်အထည်ဖော်ပေးမှာ ဖြစ်ပါတယ်။ စတင်တာဝန်ယူကတည်းက ရှေ့လုပ်ငန်းစဉ် အမှတ်စဉ်(၅)မှာလည်း ထည့်သွင်းချမှတ်ထားပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့အစိုးရက မူလရည်မှန်းထားတဲ့အတိုင်း ရွေးကောက်ပွဲကို ကျင်းပပြုလုပ်မှာဖြစ်ပါတယ်။
အထွေထွေရွေးကောက်ပွဲ ပြုလုပ်တယ်ဆိုရာမှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဆောင်ရွက်နိုင်ရင်အကောင်းဆုံးပဲဖြစ်ပါတယ်။ ဒါပေမယ့် ၂၀၁၀၊ ၂၀၁၅ နဲ့ ၂၀၂၀ ရွေးကောက်ပွဲကာလတွေတုန်းကလည်း ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွေကို ရာနှုန်းပြည့် ဆောင်ရွက်နိုင်ခဲ့ခြင်းမရှိတာကိုလည်း တွေ့ရှိရမှာဖြစ်ပါတယ်။ ဖဆပလခေတ်တုန်းကလည်း အခက်အခဲတွေကြားကနေ ဆောင်ရွက် ခဲ့တာတွေ့ရပါတယ်။ အခုလည်း ကျွန်တော်တို့အနေနဲ့ ရွေးကောက်ပွဲကို ဖြစ်နိုင်သမျှ ကျယ်ကျယ်ပြန့်ပြန့် ကျင်းပနိုင်ဖို့အတွက်လိုအပ်တဲ့ ကြိုတင်ပြင်ဆင်မှုတွေကို အလေးထားဆောင်ရွက်နေပါတယ်။ အဓိက ကတော့ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့လိုပါတယ်။
ယခုလက်ရှိအခြေအနေမှာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ လွှတ်တော်အသီးသီးရဲ့ ရွေးကောက်ပွဲဥပဒေများအရ ရွေးကောက်ပွဲနဲ့ လွှတ်တော်အသီးသီး ခေါ်ယူကျင်းပခြင်းတို့ကို ဥပဒေနဲ့အညီ ဆောင်ရွက်နိုင်ကြောင်းတွေ့ရှိရပါတယ်။ ရွေးကောက်ပွဲကျင်းပဖို့အတွက် အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီရဲ့အဆုံးအဖြတ်နဲ့ ဆောင်ရွက်နိုင်တာကို ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြဋ္ဌာန်းထားပါတယ်။ ဒါကြောင့်ကျွန်တော်တို့ မူလရည်မှန်းထားခဲ့တဲ့အတိုင်း ဥပဒေပြဋ္ဌာန်းချက်များနဲ့အညီ ရွေးကောက်ပွဲကျင်းပပြီးတော့ ပြည်သူက ရွေးကောက်တင်မြှောက်လိုက်တဲ့အစိုးရကို နိုင်ငံတော်အာဏာ လွှဲပြောင်းပေးမှာ ဖြစ်ပါတယ်။
ရွေးကောက်ပွဲကျင်းပနိုင်ရေးဟာ နိုင်ငံတော်အတွင်း တည်ငြိမ်အေးချမ်းရေးနဲ့ ငြိမ်းချမ်းရေးဖြစ်ပေါ်တိုးတက်မှု အခြေအနေပေါ်မှာ အများကြီး မူတည်ပါတယ်။ ရွေးကောက်ပွဲကျင်းပပြီးရင် ဥပဒေနဲ့အညီ လွှတ်တော်အသီးသီးပေါ်ပေါက်လာပြီး နိုင်ငံတော်တည်ဆောက်ရေး လုပ်ငန်းတွေနဲ့ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ရှေးရှုဆောင်ရွက်နိုင်မှာဖြစ်တဲ့အတွက် လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲတစ်ရပ် အောင်မြင်စွာကျင်းပနိုင်ဖို့ ကျွန်တော်တို့ အားလုံးဝိုင်းဝန်းပူးပေါင်း ကြိုးပမ်းဆောင်ရွက်သွားရမှာဖြစ်ပါတယ်။ လွှတ်တော်ပေါ်ပေါက်လာပြီး ကျွန်တော်တို့သွားချင်တဲ့ ဒီမိုကရေစီလမ်းကြောင်းကို လျှောက်လှမ်းနိုင်တဲ့အချိန်အခါမျိုးမှာ လက်နက်စွဲကိုင်ပြီး မိမိတို့လိုချင်တာကို တောင်းဆိုတာမျိုး၊ လက်နက်ကိုင်လမ်းစဉ်ကို ဖက်တွယ်ပြီး လူမျိုးစွဲ၊ ဒေသစွဲကြီးမားစွာနဲ့ မိမိတို့ရဲ့ဆန္ဒကိုသာ ဦးစားပေးလုပ်ဆောင်ဖန်တီးနေတာမျိုးတွေဟာ ဒီမိုကရေစီနဲ့ သွေဖည်နေတယ်၊ မှန်ကန်တဲ့လမ်းစဉ်မဟုတ်ဘူးဆိုတာကိုလည်း အလေးအနက် သတိပြုကြစေလိုပါတယ်။ မိမိတို့လိုလားချက်များကို လွှတ်တော်အသီးသီးမှာ ဆွေးနွေးဆုံးဖြတ်အတည်ပြုဆောင်ရွက်ရမှာ ဖြစ်ပါတယ်။
https://t.me/MyanmarNationalPost
No comments:
Post a Comment