ချမ်းအေးသာစံ၊ ဇွန် ၈
မန္တလေးတိုင်းဒေသကြီး၊ အဆောက်အဦများ ပြန်လည်ပြုပြင် အသုံးပြုရေးနှင့်အသစ်တည်ဆောက်ရေးကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇွန်လ(၇)ရက်နေ့မွန်းလွဲပိုင်းက မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင်ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအဆောက်အဦများ ပြန်လည်ပြုပြင်အသုံးပြုရေးနှင့် အသစ်တည်ဆောက်ရေးလုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများမှ ညွှန်ကြားရေးမှူးများ၊ တက္ကသိုလ်၊ ဒီဂရီ ကောလိပ်တို့မှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီနှင့် သက်ဆိုင်ရာဌာနများမှ အင်ဂျင်နီယာပညာရှင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
အဆိုပါအစည်းအဝေး၌ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် အင်အားအလွန်ပြင်းထန်သည့် မန္တလေးငလျင်ကြီးကြောင့် တိုင်းဒေသကြီးတွင် ထိခိုက်ပျက်စီးခဲ့သည့် အဆောက်အဦများအနက် ပြန်လည်ပြုပြင်အသုံးပြုနိုင်သည့် အဆောက်အဦများအား ပြန်လည်ပြုပြင် အသုံးပြုနိုင်ရေးနှင့် လုံးဝဖျက်သိမ်း၍ အသစ်ပြန်လည်တည်ဆောက်ရမည့် အဆောက်အဦများအား ငလျင်ဒဏ်ခံနိုင်သည့် အဆောက်အဦများဖြစ်အောင် တည်ဆောက်နိုင်ရေးအတွက် ကြီးကြပ်မှုကော်မတီ ဖွဲ့စည်းတာဝန်ပေးထား ပြီးဖြစ်ပါကြောင်း၊ ကျွမ်းကျင်သူပညာရှင်များ ပါဝင်သည့်အဖွဲ့များဖြင့် စစ်ဆေးရရှိသည့် အရောင်ခွဲခြားသတ်မှတ်ချက်အရ အငယ်စား/အလတ်စား/အကြီးစား ပြင်ဆင်ရမည့် အဆောက်အဦ၊ ပြုပြင်၍မရတော့သဖြင့် ဖယ်ရှားရှင်းလင်းပြီး အသစ်တည်ဆောက်ရမည့် အဆောက်အဦများနှင့်ပတ်သက်၍ ဆောင်ရွက်ရမည့်လုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ ပြန်လည်ပြုပြင်ခြင်းနှင့် အသစ်တည်ဆောက်ခြင်းများ ဆောင်ရွက်ရာတွင် ငလျင်ဒဏ်အပါအဝင် အခြားကြုံတွေ့လာနိုင်သည့် သဘာဝဘေး အန္တရာယ်များအတွက် ကြိုတင်ထည့်သွင်းတွက်ချက် ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ ပြန်လည်ထူထောင်ရေး နှင့် တည်ဆောက်ရေးလုပ်ငန်းများကို အချင်းချင်းညှိနှိုင်းပေါင်းစပ်၍ ပိုမိုလျင်မြန်ထိရောက်စွာ ဆောင်ရွက် သွားကြရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီးက အဆောက်အဦများ စစ်ဆေးဆောင်ရွက် မှုများနှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြပြီးနောက် မန္တလေးမြို့တော် စည်ပင်သာယာ ရေးကော်မတီ၊ အတွင်းရေးမှူးက စည်ပင်သာယာ နိမိတ်အတွင်းရှိ အဆောက်အဦများ ဖယ်ရှား ရှင်းလင်းနေမှုများနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းအစီအမံများကိုလည်းကောင်း ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆွေးနွေးတင်ပြချက်များနှင့် တက်ရောက်လာကြသူများ၏ ရှင်းလင်းတင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီးနောက် နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
ထွန်းထွန်းနိုင်
https://t.me/MyanmarNationalPost
No comments:
Post a Comment