မုံရွာ၊ ဇွန် ၁၃
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာ-သူနာပြုနှင့် သားဖွားသင်တန်းကျောင်း သူနာပြု-သားဖွားဒီပလိုမာ(၃၁)ကြိမ်မြောက် သင်တန်းသား/သူများ၏ ဂျူတီကုတ်နှင့်ဦးဆောင်း အပ်နှင်းပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် အဆိုပါကျောင်းခန်းမတွင် ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရွာ-သူနာပြုနှင့်သားဖွားသင်တန်းကျောင်း ကျောင်းအုပ်ကြီးနှင့် နည်းပြများ၊ သင်တန်းသား/သင်တန်းသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က ပြည်သူများအားလုံး ကျန်းမာကြံ့ခိုင်ရေးအတွက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် သူနာပြု-သားဖွားများ၏ အခန်းကဏ္ဍသည် အလွန်ပင်အရေးကြီးပါကြောင်း၊ စိတ်ဓာတ်ခံယူချက် မှန်ကန်ပြီး ပြည်သူ့အကျိုးပြုလုပ်ငန်များ ဆောင်ရွက်နိုင်သည့် သူနာပြုကောင်းများ ဖြစ်အောင် ယခုအချိန်မှစပြီး စာတွေ့/လက်တွေ့များအား စဉ်ဆက်မပြတ်ဆည်းပူးလေ့လာသွားကြရန်လိုအပ်ပါကြောင်း၊ ပြည်သူများကြားတွင် လက်တွေ့ကျန်းမာရေးစောင့်ရှောက်မှုပေးသည့်အခါ စေတနာ၊ ဝါသနာ၊ အနစ်နာ၊ အကြင်နာ၊ ကရုဏာ-နာ(၅)နာဖြင့် ပြုစုစောင့်ရှောက်မှုများပေးသွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ အတန်းတင်စာမေးပွဲတွင် ပထမဆုရရှိကြသည့် ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဂုဏ်ပြုဆုလက်မှတ်များအား ပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ အတန်းတင်စာမေးပွဲတွင် ဒုတိယဆုရရှိကြသော သင်တန်းသား/သူများအားဂုဏ်ပြုချီးမြှင့်ငွေနှင့် ဂုဏ်ပြုဆုလက်မှတ်များအားလည်းကောင်း၊ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူးက ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ အတန်းတင်စာမေးပွဲတွင် တတိယဆုရရှိကြသော သင်တန်းသား/သူများအား ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဂုဏ်ပြုဆုလက်မှတ်များအားလည်းကောင်း ပေးအပ်ချီးမြှင့်ကာ တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီးက မုံရွာ-သူနာပြုနှင့်သားဖွားသင်တန်းကျောင်းအတွက် ကျောင်းအုပ်ဆရာမကြီးထံ ငွေကျပ် - ၁၀ သိန်းအား ပေးအပ်ချီးမြှင့်သည်။
ယင်းနောက် မုံရွာ-သူနာပြုနှင့်သားဖွားသင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးက ဂျူတီကုတ်နှင့်ဦးဆောင်းများ အပ်နှင်းရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် မုံရွာ-သူနာပြုနှင့်သားဖွားသင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် တာဝန်ရှိသူများက သူနာပြုသားဖွားဒီပလိုမာ(ပထမ)နှစ် သင်တန်းသား/သူများအား ဂျူတီကုတ်နှင့် ဦးဆောင်းများအပ်နှင်းကြပြီး သင်တန်းသား/သူများက သူနာပြုသစ္စာအဓိဋ္ဌာန်ရွတ်ဆိုကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက မုံရွာ-သူနာပြုနှင့် သားဖွားသင်တန်းကျောင်းမှ သင်တန်းသူများ၏ တေးသီချင်းများဖြင့် ဧည့်ခံဖျော်ဖြေမှုအား ကြည့်ရှုအားပေးပြီး တိုင်းဒေသကြီးလမ်းပန်းဆက်သွယ်ရေးဝန်ကြီးက ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ကာ သင်တန်းသား/သူများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment