ကန့်ဘလူမြို့နယ်၌ လယ်ယာမြေဧက ၁၀၀ ကို စက်မှုလယ်ယာမြေအဖြစ် ဖော်ထုတ်နိုင်ရေး ဒေသခံတောင်သူများနှင့်တွေ့ဆုံဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကန့်ဘလူမြို့နယ်၌ လယ်ယာမြေဧက ၁၀၀ ကို စက်မှုလယ်ယာမြေအဖြစ် ဖော်ထုတ်နိုင်ရေး ဒေသခံတောင်သူများနှင့်တွေ့ဆုံဆွေးနွေး

 



ကန့်ဘလူ  ၊ ဇွန် ၃၀


စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ညောင်ပင်ကြီးကျေးရွာအုပ်စု ညောင်ပင်ကြီးကျေးရွာ၌ လယ်ယာမြေဧက ၁၀၀ ကို စက်မှုလယ်ယာမြေအဖြစ် စနစ်တကျဖော်ထုတ်နိုင်ရေးအတွက် မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများကယမန်နေ့နံနက်က ဒေသခံတောင်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။


ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှူး ဦးတင်မောင်ထွန်းက စနစ်တကျ စက်မှုလယ်ယာဖော်ထုတ်နိုင်ရန်အတွက် ၂၀၂၅- ၂၀၂၆ ဘဏ္ဍာနှစ် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေများဖြင့် စက်မှုလယ်ယာများ ဖော်ထုတ်မည်ဖြစ်ကြောင်း၊ ပုံသဏ္ဍာန် မမှန်သော လယ်ယာမြေကွက်များကို ပုံသဏ္ဍာန်မှန်သွားအောင် စက်ယန္တရားကြီးများဖြင့် ကန်သင်းဖျက်ခြင်း၊ ထယ်ထိုးထယ်ချခြင်း၊ မြေညှိခြင်း၊ တစ်သီးမှသည်နှစ်သီး သုံးသီးစိုက်ပျိုးနိုင်ရေးအတွက် ရေသွင်းရေထုတ်စနစ်များ၊ ထွက်ရှိလာသည့်သီးနှံများကို သယ်ယူရောင်းချနိုင်ရန် ကုန်ထုတ်လမ်းများလည်းပါဝင်ကြောင်း ရှင်းလင်းပြောကြားသည်။


ထို့နောက်တက်ရောက်လာသော ဒေသခံတောင်သူများက သိရှိလိုသည်များကိုမေးမြန်းကြရာ မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှူးက ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့သည်။ အဆိုပါတွေ့ဆုံ ဆွေးနွေးပွဲသို့ မြို့နယ်စက်မှုလယ်ယာဦးစီးဌာန၊ မြေစာရင်းဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့်ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြပြီး စနစ်တကျ စက်မှုလယ်ယာမြေ ဖော်ထုတ်မည့်နေရာအား ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။


ကန့်ဘလူမြို့နယ်တွင် စနစ်တကျ စက်မှုလယ်ယာမြေများကို ဘဏ္ဍာနှစ်အလိုက် ဖော်ထုတ်ပေးလျက်ရှိရာ စက်မှုလယ်ယာမြေဧက ၆၀၀ ဖော်ထုတ်ပြီးစီးပြီး ယခုဧက ၁၀၀ ဖော်ထုတ်ပြီးပါက စုစုပေါင်းဧက ၇၀၀ ရှိမည်ဖြစ်ကြောင်းနှင့် တောင်သူများအနေဖြင့် စက်မှုလယ်ယာစနစ်တွင် စက်ယန္တရားများအသုံးပြု၍ စိုက်ပျိုးနိုင်ပါက လုပ်သားရှားပါးမှု အခက်အခဲကို ကျော်လွှားနိုင်ပြီး အချိန်တိုအတွင်း သီးနှံများကို နှစ်သီး သုံးသီးစိုက်ပျိုးနိုင်မည် ဖြစ်သည်။


စနစ်ကျလယ်ယာမြေများသည် ရေထိုင်မြေထိုင်ကောင်းမွန်၍ သမားရိုးကျလယ်ယာမြေများထက် သီးနှံအထွက်နှုန်း ပိုမိုကောင်းမွန်ခြင်း၊ စျေးကွက်သို့ပို့ဆောင်ရာတွင် လွယ်ကူခြင်းစသည့် အားသာချက်များရှိကာ ယခုကဲ့သို့စနစ်တကျ လယ်ယာမြေများ ဖော်ထုတ်နိုင်ခြင်းဖြင့် ဒေသခံတောင်သူများအတွက် စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်မှုအတွက်ပါ အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။


အောင်ဝင်းငြိမ်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)