တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းပွဲအခမ်းအနားသို့ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းပွဲအခမ်းအနားသို့ တက်ရောက်




ထားဝယ် ၊  ဇွန် ၂၁


တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်သူနာပြုသင်တန်းကျောင်း၊ အပတ်စဉ် (၃၂) ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းပွဲအခမ်းအနားကို ယမန်နေ့နံနက် (၉)နာရီခွဲက ထားဝယ်မြို့၊ ထားဝယ်သူနာပြုသင်တန်းကျောင်း၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက မြန်မာနိုင်ငံတွင် ကျန်းမာရေးစောင့်ရှောက်မှုပေးရာ၌ အလွန်အရေးပါသော သူနာပြုဆရာ/ဆရာမများအဖြစ် မွေးထုတ်မည့် သူနာပြုဆရာ/ဆရာမ လောင်းလျာများအတွက် အရေးကြီးလှသည့် ဂုဏ်ယူဖွယ်အခမ်းအနားတစ်ခုလည်းဖြစ်ကြောင်း၊ သူနာပြုဆိုသည် ကျန်းမာရေးကဏ္ဍတွင် များစွာအရေးပါသော လုပ်ငန်းတစ်ရပ်ဖြစ်ကြောင်း၊ ကရုဏာကြီးမားပြီး ကိုယ်ကျိုးစွန့်အနစ်နာခံတတ်ခြင်း၊ စိတ်ထားမွန်မြတ်ခြင်း၊ အပင်ပန်းဆင်းရဲခံနိုင်ခြင်း စသည့်အင်္ဂါရပ်များနှင့် ထူးကဲစွာပြည့်စုံသူများသာ ထမ်းဆောင်နိုင်သည့် တာဝန်မျိုးဖြစ်ကြောင်း၊ သူနာပြုနှင့် သားဖွားပညာရေးကိုလည်း ဒီပလိုမာသင်တန်းမှ သူနာပြုသိပ္ပံဘွဲ့၊ သူနာပြုမဟာသိပ္ပံ ဘွဲ့လွန်သင်တန်းများ၊ သူနာပြုပါရဂူဘွဲ့လွန်သင်တန်းများကို ပြည်တွင်းရော ပြည်ပမှာပါ လေ့လာသင်ယူနိုင်ကြောင်း၊ သင်ကြားရေးအပိုင်းမှာ နိုင်ငံတော်၏ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်ချက်နှင့်အညီ အရည်အသွေးပြည့်ဝသည့် သူနာပြုသားဖွားများ မွေးထုတ်ပေးနိုင်ရေးသည်  အရေးကြီးကြောင်း၊ နိုင်ငံတော်က အရည်အသွေးပြည့်မီသော ကျန်းမာရေးစောင့်ရှောက်မှုနှင့် အဆင့်အတန်းမြင့်မားစေရေး ဆောင်ရွက်ရာတွင် ပြည်သူများအားထားရသည့် အရည်အချင်းရှိသော ဘက်စုံတော်သည့် သူနာပြုကောင်းများ လေ့ကျင့်မွေးထုတ်ပေးရမှာဖြစ်ကြောင်း၊ မိမိတို့၏ အသက်မွေးဝမ်းကြောင်းအတတ်ပညာရပ်ဖြစ်သော သူနာပြုပညာရပ်ကိုမွန်မြတ်သော လုပ်ငန်းအဖြစ် ရေရှည်တိုးတက်အောင်မြင်စေရန်အတွက် အထူးအလေးထား ကြိုးစားဆောင်ရွက်ကြပါရန်နှင့် ဖလော့ရင့်နိုက်တင်ဂေးကဲ့သို့ သူနာပြုများစွာ ပေါ်ထွန်းလာစေလိုပါကြောင်း ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီး ကုသရေး/ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး၊ ထားဝယ်သူနာပြုသင်တန်းကျောင်း (စီမံဥက္ကဋ္ဌ)ဒေါက်တာမိုးဇော်က အမှာစကားပြောကြားပြီး ထားဝယ်သူနာပြုသင်တန်းကျောင်း၊ ကျောင်းအုပ်ကြီး ဒေါ်သင်းသင်းလှိုင် က (Coating and Capping) နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားကာ တာဝန်ရှိသူများက အပတ်စဉ် (၃၂) သင်တန်းသား၊ သင်တန်းသူ (၇၇)ဦးအား ဂျူတီကုတ်အင်္ကျီနှင့် ဦးဆောင်းအပ်နှင်းသည်။

ဆက်လက်၍ ကျောင်းအုပ်ကြီး၊ ကျောင်းအုပ်(စီမံ)နှင့် ကျောင်းအုပ်(သင်ကြား)တို့ထံမှ လက်ဆင့်ကမ်းဆီမီးတိုင်များကို ထွန်းညှိ၍ သူနာပြုသစ္စာအဓိဋ္ဌာန်ရွတ်ဆိုပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ထားဝယ်သူနာပြုသင်တန်းကျောင်းအတွက် ငွေကျပ် (၁၅) သိန်းနှင့် ပထမ၊ ဒုတိယ၊ တတိယ ပညာရည်ချွန်ဆုရရှိသူများအား ဆုချီးမြှင့်သည်။

ထို့နောက် အပတ်စဉ် (၃၂) သင်တန်းသား၊ သင်တန်းသူများကိုယ်စား သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကားပြောကြားပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများက သင်တန်းသား၊ သင်တန်းသူများနှင့် စုပေါင်းအမှတ်တရ မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးကြကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)