မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား သံတမန်ဆက်ဆံရေး (၇၅) နှစ်ပြည့် စိန်ရတုအထိမ်းအမှတ်ဖိုရမ်သို့ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား သံတမန်ဆက်ဆံရေး (၇၅) နှစ်ပြည့် စိန်ရတုအထိမ်းအမှတ်ဖိုရမ်သို့ တက်ရောက်















ချမ်းအေးသာစံ  ၊ ဇွန် ၆


မန္တလေးမြို့အခြေစိုက် တရုတ်ပြည်သူ့သမ္မတနိုင်ငံကောင်စစ်ဝန်ချုပ်ရုံးမှ ကြီးမှူးကျင်းပသည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား သံတမန်ဆက်ဆံရေး(၇၅)နှစ်ပြည့် စိန်ရတုအထိမ်းအမှတ်ဖိုရမ် "ချစ်ကြည်ရေးတိုးမြှင့်စေ အေးအတူပူအမျှ လက်တွဲ၍ အနာဂတ်တည်ဆောက်" အခမ်းအနားကို ဇွန်လ(၅)ရက်နေ့ နံနက်ပိုင်းက အမရပူရမြို့နယ်ရှိ တရုတ်-မြန်မာရေနံဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းရုံးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်၊ မန္တလေးမြို့အခြေစိုက် တရုတ်ပြည်သူ့ သမ္မတနိုင်ငံကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ် H.E.Ms. Gao Ping နှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။

အခမ်းအနား၌ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် မန္တလေးမြို့အခြေစိုက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကောင်စစ်ဝန်ချုပ်တို့က တရုတ်-မြန်မာသံတမန်ဆက်ဆံရေး (၇၅)နှစ်တာ ကာလမှစပြီး နောင်နှစ်ပေါင်းများစွာ တရုတ်-မြန်မာ နှစ်နိုင်ငံအကြား ဆက်ဆံမှုတိုးမြှင့်ဆောင်ရွက်ရေး ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်နိုင်ရေး၊ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရင်းနှီးမှုနှင့် အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်ရေး၊ ဒေသတွင်း တည်ငြိမ်အေးချမ်းရေးဆိုင်ရာ ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆက်လက်တိုးမြှင့်ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း အထိမ်းအမှတ် ဂုဏ်ပြုစကားများ ပြောကြားခဲ့သည်။

ဆက်လက်၍ မြန်မာနိုင်ငံတွင်ဖြစ်ပွားခဲ့သော မန္တလေးငလျင်ကြီးကြောင့် မန္တလေးမြို့တွင် ထိခိုက်ပျက်စီးခဲ့မှုများကို ပြန်လည်ထူထောင်နိုင်ရန် မန္တလေးမြို့ပြည်သူ့ဆေးရုံကြီး ပြန်လည်ပြုပြင်နိုင်ရေးအတွက် ငွေကျပ် (၁၆၀၀) သိန်းခန့်နှင့် မန္တလေးမြို့ဇီဝိတဒါန သံဃာ့ဆေးရုံကြီး ပြန်လည်ပြုပြင်နိုင်ရန်အတွက် ငွေကျပ်(၁၄၀၀)သိန်းခန့်တို့ကို မန္တလေးမြို့အခြေစိုက် တရုတ်ပြည်သူ့သမ္မတနိုင်ငံကောင်စစ်ဝန်ချုပ်ရုံး၊ South-East Asia Crude Oil Pipeline Co.,Ltd(SEAOP) နှင့် Myanmar Conch Cement Co.ltd တို့က လှူဒါန်းမှုပြုရာ တာဝန်ရှိသူများက လက်ခံခြင်းနားလည်မှုသဘောတူစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြသည်။

၎င်းနောက် မန္တလေးငလျင်ကြီးကြောင့် မန္တလေးမြို့တွင် အဆောက်အဦများ ထိခိုက်ပြိုကျပျက်စီးခဲ့မှုများအပေါ် ကူညီကယ်ဆယ်ရေးဆောင်ရွက်ခဲ့မှု vedio clip အား ပြသပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ကောင်စစ် ဝန်ချုပ်တို့သည် ကူညီကယ်ဆယ်ဆောင်ရွက်ပေးခဲ့မှုများတွင် ပါဝင်ခဲ့ကြသည့် လုပ်ငန်းရှင်များအား မှတ်တမ်းတင်ဂုဏ်ပြုလွှာများ ချီးမြှင့်ခဲ့ကြောင်း၊ နယ်ပယ်ကဏ္ဍ အသီးသီးမှ ကိုယ်စားလှယ်များက အထိမ်းအမှတ် ဂုဏ်ပြုစကားများပြောကြားခဲ့ကြောင်းနှင့် အခမ်းအနားကို အစီအစဉ်တိုင်း ဆက်လက်ကျင်းပခဲ့ကြောင်း သိရသည်။


ထွန်းထွန်းနိုင်

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)