ဗီယင်နာ၊ ဇွန် ၁၈
အစ္စရေးက အီရန် နျူကလီးယားအဆောက်အဦအား တိုက်ခိုက်မှု အရေးကိစ္စနှင့်စပ်လျဉ်းသည့် အထူးအစည်းအဝေးကို အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင် အေဂျင်စီ (IAEA) က ဇွန် ၁၆ ရက်တွင် ကျင်းပခဲ့သည်။ အစည်းအဝေးတွင် IAEA ဆိုင်ရာ တရုတ်နိုင်ငံ ကိုယ်စားလှယ် သံအမတ်ကြီး လီဆုန်းက တရုတ်နိုင်ငံ ရပ်တည်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။
အစ္စရေးက အီရန်အပေါ် လုပ်ဆောင်သည့်စစ်ရေးလှုပ်ရှားမှုကြောင့် အီရန်ဘက်တွင် နျူကလီးယားအဆောက်အဦ ပျက်စီးမှုနှင့် လူထိခိုက်သေဆုံးမှုများ ဖြစ်ပွားစေခဲ့ကာ အီရန်နျူကလီးယားအရေးနှင့်စပ်လျဉ်းသည့် နိုင်ငံရေးနှင့် သံတမန်ရေး လုပ်ငန်းစဉ်ကို ထိခိုက်စေခဲ့ကြောင်း၊ နိုင်ငံတကာ နျူကလီးယား မပြန့်ပွားရေးစနစ် ကာကွယ်ထိန်းသိမ်းရန်အတွက် ကြိုးပမ်းမှုကို အားလျော့စေပြီး ဒေသတွင်း ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် တည်ငြိမ်ရေးအတွက် အလွန်အနုတ်လက္ခဏာဆောင်သော သက်ရောက်မှုများ ဖြစ်စေကြောင်း လီဆုန်းက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် အစ္စရေးက အီရန်အပေါ် စစ်ရေးလှုပ်ရှားမှု လုပ်ဆောင်ခြင်းအား ပြစ်တင်ရှုတ်ချကြောင်း၊ ငြိမ်းချမ်းစွာ အသုံးပြုသော နျူကလီးယားအဆောက်အဦအပေါ် လက်နက်ကိုင်တိုက်ခိုက်မှုကို ဆန့်ကျင်ကြောင်း၊ အီရန်နိုင်ငံ အချုပ်အခြာအာဏာ၊ လုံခြုံရေးနှင့် နယ်မြေပိုင်နက်ပြည့်စုံမှုအား ချိုးဖောက်မှုကို ကန့်ကွက်ကြောင်း၊ ပဋိပက္ခဖြစ်မှုများ ဆိုးရွားလာစေပြီး ထိပ်တိုက်ရင်ဆိုင်မှုများတိုးချဲ့လာခြင်းအား ဆန့်ကျင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
အရှေ့အလယ်ပိုင်းဒေသ အခြေအနေ တစ်ဖန်အရှိန်မြင့်တက်လာမှုသည် မည်သည့်ဘက်၏ အကျိုးစီးပွားနှင့်မျှ ကိုက်ညီမှုမရှိကြောင်း၊ အပြစ်မဲ့ပြည်သူများသည် လူသားချင်းစာနာမှု ကပ်ဘေးကို နောက်ထပ်တစ်ကြိမ် ခံနိုင်ရည်မရှိကြောင်း လီဆုန်းက ထောက်ပြပြောကြားခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် လက်ရှိအခြေအနေတိုးတက်လာမှုနှင့် သံတမန်နည်းလမ်းဖြင့် ဆွေးနွေးညှိနှိုင်းရေး အနာဂတ်အလားအလာအပေါ် အနုတ်လက္ခဏာဆောင်သော သက်ရောက်မှုအား များစွာစိုးရိမ်ဂရုပြုကြောင်း၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက အီရန်၊ အစ္စရေးနိုင်ငံခြားရေးဝန်ကြီးများနှင့် သီးခြားစီ ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့ပြီး ဘက်အသီးသီးအနေဖြင့် သတိထားဆောင်ရွက်ရန်၊ တင်းမာသောအခြေအနေ အဖန်တလဲလဲ ဆိုးရွားကာ အဆင့်မြင့်တက်လာစေနိုင်သည့် လှုပ်ရှားမှုများ လုပ်ဆောင်ခြင်းအား ရှောင်ကြဉ်ရန် တိုက်တွန်းခဲ့ကြောင်း၊ နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် ဒေသတွင်းအခြေအနေ အရှိန်လျော့လာစေရန်၊ ပဋိပက္ခတိုးချဲ့ပျံ့နှံ့ခြင်းအား လက်တွေ့ကျကျ တားဆီးရန် အတူတကွ ကြိုးပမ်းသင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
အခြေအနေမည်ကဲ့သို့ တိုးတက်လာစေကာမူ တရုတ်နိုင်ငံအနေဖြင့် နိုင်ငံရေးနှင့် သံတမန်ရေးနည်းလမ်းဖြင့် အီရန်နျူကလီးယားအရေးအား ငြိမ်းချမ်းစွာဖြေရှင်းခြင်းသည် တစ်ခုတည်းသော မှန်ကန်သည့်လမ်းကြောင်း ဖြစ်သည်ဟု အမြဲတစေကိုင်စွဲထားကာ လက်နက်အင်အားနှင့် တရားမဝင် တစ်ဖက်သတ် ဒဏ်ခတ်အရေးယူမှုများအား ဆန့်ကျင်ကန့်ကွက်ကြောင်း လီဆုန်းက အလေးထား ပြောကြားခဲ့သည်။
အီရန်အနေဖြင့် နျူကလီးယားလက်နက် ဖော်ဆောင်မှုမပြုဘဲ အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင် အေဂျင်စီ (IAEA) နှင့် ပူးပေါင်းဆောင်ရွက်ရန် ကြိုးပမ်းမည့်ကတိကို များစွာအလေးထားခံရသင့်ကြောင်း၊ “နျူကလီးယားလက်နက် မပြန့်ပွားရေးစာချုပ်” အဖွဲ့ဝင်နိုင်ငံက ခံစားခွင့်ရသည့် နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာအသုံးချပိုင်ခွင့်အား အပြည့်အဝ လေးစားသင့်ပြီး IAEA ၏ အာမခံ၍ကြီးကြပ်မှုကို လက်ခံသည့် နျူကလီးယား အဆောက်အဦ ဘေးကင်းလုံခြုံမှုနှင့် လုံခြုံရေးကို လက်တွေ့တကျ အာမခံပေးသင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် အရှေ့အလယ်ပိုင်းဒေသ နျူကလီးယားလက်နက်နှင့် အခြားအများအပြား သေကြေထိခိုက်မှုဖြစ်စေသည့် လက်နက် ကင်းစင်ရေးဇုန်တည်ဆောက်မှုကို ထောက်ခံအားပေးကြောင်း၊ အပြုသဘောဆောင်၍ ဓမ္မဓိဋ္ဌာန်ကျသည့်ရပ်တည်ချက်ကို ဆက်လက်အရင်းခံကာ နိုင်ငံတကာ နျူကလီးယား မပြန့်ပွားရေးစနစ် ကာကွယ်ထိန်းသိမ်းရန်၊ အရှေ့အလယ်ပိုင်းဒေသ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး မြှင့်တင်ရန်အတွက် ငြိမ်းချမ်းရေးဆွေးနွေးမှုအား တက်ကြွစွာ တွန်းအားပေးသွားမည်ဖြစ်ကြောင်း၊ အီရန်နျူကလီးယားအရေးအား နိုင်ငံရေးနှင့် သံတမန်ရေးနည်းလမ်းဖြင့် ဖြေရှင်းသည့် လုပ်ငန်းစဉ်အား တွန်းအားပေးကာ ဘက်ပေါင်းစုံ၏ ကျိုးကြောင်းဆီလျော်သော စိုးရိမ်ဂရုပြုမှုများကိုပါ ထည့်သွင်းထားသည့် ဖြေရှင်းရေးနည်းလမ်းဖော်ဆောင်မှုအား ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ IAEA ၏ အပြုသဘောဆောင်၍ ဓမ္မဓိဋ္ဌာန်ကျစွာ တာဝန်ထမ်းဆောင်မှုကို ထောက်ခံအားပေး၍ ယင်းအတွက် အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်သွားမည်ဖြစ်ကြောင်း လီဆုန်းက ပြောကြားခဲ့သည်။
အစည်းအဝေးတွင် IAEA အဖွဲ့ဝင်နိုင်ငံများက လက်ရှိအခြေအနေ တိုးတက်ဖြစ်ပေါ်လာမှုအပေါ် များစွာစိုးရိမ်ဂရုပြုကြောင်း ပြောကြားခဲ့ကြပြီး ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ပြောကြားချက်များတွင် အစ္စရေးအား ပြင်းထန်စွာ ပြစ်တင်ရှုတ်ချခဲ့ကြသည်။ သက်ဆိုင်ရာ ဘက်အသီးသီး နိုင်ငံရေးနှင့် သံတမန်နည်းလမ်းကသာလျှင် အီရန်နျူကလီးယားအရေးအား ဖြေရှင်းရန် မှန်ကန်သောရွေးချယ်မှု ဖြစ်ကြောင်း အလေးထားပြောကြားခဲ့ပြီး နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် အခြေအနေ အရှိန်ပြေလျော့လာရေးအား အတူတကွကြိုးပမ်းတွန်းအားပေးရန် တိုက်တွန်းခဲ့ကြသည်။
Ref - (Xinhua)
https://t.me/MyanmarNationalPost
No comments:
Post a Comment