နေပြည်တော်၊ ဇွန် ၉
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်အတွင်း ရေရရှိရေး၊ စိုက်ပျိုးရေးနှင့် စိမ်းလန်းစိုပြေရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် အမျိုးသားအထိမ်းအမှတ်ဥယျာဉ်ရှိ အစည်းအဝေးခန်းမ၌ ကျင်းပပြု လုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားသည်။
အစည်းအဝေးသို့ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ပြည်ထောင်စုဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများနှင့် ခရီးစဉ်တွင်လိုက်ပါလာသည့်အဖွဲ့ဝင်များ၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ပြင်ဦးလွင် ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ပြင်ဦးလွင်ခရိုင်အတွင်း ရေရရှိရေး၊ စိုက်ပျိုးရေးနှင့် စိမ်းလန်းစိုပြည်ရေး ဆိုင်ရာ ဆောင်ရွက်ထားရှိမှုများအား အသီးသီးရှင်းလင်းတင်ပြ
ဦးစွာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဧပြီလ အတွင်းပြင်ဦးလွင်ဒေသသို့ ရောက်ရှိစဉ် ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်အတွင်း သောက်သုံးရေဖူလုံစွာရရှိရေးနှင့် ပတ်သက်၍ လမ်းညွှန်မှာကြားချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိမှု၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ် အတွင်း ရေရရှိရေး ဆောင်ရွက်နိုင်မည့်နည်းလမ်းများကို ဖော်ထုတ်ရာတွင် ရေအရင်း အမြစ်များ ကွင်းဆင်းလေ့လာခြင်း၊ ပြင်ဦးလွင်ခရိုင်အတွင်းရှိ ဆည်၊ တာတမံများ အတွင်း ရေပိုမိုသိုလှောင်နိုင်ရေးအတွက် အဆင့်မြှင့်တင်ဆောင်ရွက်နိုင်မည့်အခြေ အနေများနှင့် ဖြစ်ပေါ်လာနိုင်မည့် အကျိုးရလာဒ်များ၊ ရေလှောင်တမံအသစ်များနှင့် ရေလွှဲဆည်များ ထပ်မံဆောင်ရွက်နိုင်မည့်အခြေအနေများအပေါ် ရေအရင်းအမြစ်များ အား မြေပြင်ကွင်းဆင်းစစ်ဆေးချက်များအရ လျာထားသုံးသပ်တင်ပြချက်များနှင့် ဖြစ်ပေါ်လာနိုင်မည့် အကျိုး၊ အပြစ်များ၊ ဘူမိဗေဒဆိုင်ရာအခြေအနေသုံးသပ် တင်ပြချက်များကိုလည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင် က ပြင်ဦးလွင်မြို့နယ်၏ ပထဝီဝင်ဆိုင်ရာ အချက်အလက်များနှင့် မြို့ပြနှင့်ကျေးလက် လူနေထိုင်မှု၊ ပြင်ဦးလွင်မြို့နယ်အတွင်း လက်ရှိရေပေးဝေရာတွင် ရယူလျက်ရှိသည့် ရေအရင်းအမြစ်များနှင့် ရေပေးဝေနိုင်မှု၊ ပြင်ဦးလွင်မြို့နယ်အား ဇုန်များပိုင်းခြား သတ်မှတ်၍ ရေဖူလုံစွာပေးဝေနိုင်ရေး ဆောင်ရွက်နိုင်မည့် နည်းလမ်းများအပေါ် သုံးသပ်တင်ပြချက်များ၊ ပြင်ဦးလွင်မြို့နယ်အတွင်း စိုက်ပျိုးရေး လုပ်ငန်းများဆောင် ရွက်ထားရှိမှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးဇုန် ဖော်ဆောင်ထားရှိမှုနှင့် လုပ်ငန်းဆောင် ရွက်လျက်ရှိမှု၊ ပြင်ဦးလွင်မြို့ သန့်ရှင်းသာယာလှပရေးဆောင်ရွက်လျက်ရှိမှုတို့ကို လည်းကောင်း၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးခင်မောင်ရီ က ပြင်ဦးလွင်မြို့ နယ်အတွင်း သစ်တောမြေတည်ရှိမှုနှင့် သစ်တောဖုံးလွှမ်းမှု၊ မြို့နယ်စိမ်းလန်းစိုပြည်ရေးအတွက် သစ်တောလုပ်ငန်းများအား နှစ်အလိုက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိမှုတို့ကိုလည်းကောင်း၊ ဆောက် လုပ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် က ပြင်ဦးလွင်မြို့နယ် မြို့ပြ စိမ်းလန်းစိုပြည်ရေးနှင့် လမ်းများကောင်းမွန်မှုရှိစေရေး ဆောင်ရွက်လျက်ရှိမှု အခြေ အနေများကိုလည်းကောင်း အသီးသီးရှင်းလင်းတင်ပြကြသည်။
တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးမှာကြား
ရှင်းလင်းတင်ပြချက်များအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ တော် ဝန်ကြီးချုပ်က ပြင်ဦးလွင်ခရိုင်နှင့် မြို့နယ်အတွင်း သောက်သုံးရေဖူလုံစွာရရှိရေး အတွက် လုပ်ငန်းဖြစ်နိုင်ချေများအနက် ကာလတိုအတွင်း ထိရောက်လျင်မြန်သော အစီအမံ (Quick Win Plan) ဖြင့် အောင်မြင်စွာဆောင်ရွက်နိုင်ရေး ဦးစားပေးဆောင်ရွက် ရန်လိုကြောင်း၊ ရေလှောင်တမံများအား အဆင့်မြှင့်တင်ရာတွင် တမံများ၏ သက်တမ်း နှင့်ကြံ့ခိုင်မှုတို့ကို စနစ်တကျစစ်ဆေး ဆောင်ရွက်သွားရန်လိုကြောင်း၊ ရေ လှောင်တမံ များနှင့် ရေလွှဲဆည်များ တည်ဆောက်ရန်လျာထားရာ၌ အကျိုးပြုဧရိယာနှင့် ရေသုံးစွဲမည့် လူဦးရေပမာဏ၊ နောင်အနာဂတ်တွင်တိုးပွားလာနိုင်မည့် လူဦးရေ ပမာဏ တို့ကိုလည်း ထည့်သွင်းတွက်ချက်ဆောင်ရွက်သွားရန်လိုကြောင်း၊ ပြင်ဦးလွင် ခရိုင်နှင့် မြို့နယ်အတွင်း မြို့ပြနှင့်ကျေးလက် လူနေထိုင်မှု၊ အလုပ်အကိုင်ဆောင်ရွက်မှု၊ လူနေမှုပုံစံတို့ကို စနစ်တကျပြုစုဆောင်ရွက်သွားရန်လိုပြီး ယင်းအချက်အလက်များ အပေါ်တွင်အခြေခံ၍ ဒေသနှင့်ဒေသခံများ၏ လူမှုစီးပွားဘဝများကိုမြှင့်တင် ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် စိုက်ပျိုးမြေများကို ပြည့်ပြည့်ဝဝအသုံးချနိုင်ရန်လိုပြီး တောင်ယာစိုက်ပျိုးခြင်းအစား လယ်၊ ကုန်းမြင့်လယ် စိုက်ပျိုးခြင်းကို ဆောင်ရွက်ကြရန်လိုကြောင်း၊ လိုအပ်သည့် ရေအရင်းအမြစ်လုံလောက် စွာရရှိရေးနှင့် သွင်းအားစုများပြည့်မီအောင်ထည့်သွင်းရန်လည်းလိုအပ်မည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးဇုန်များ အကောင်အထည်ဖော်ဆောင်ရာ၌ ဇုန်ဧရိယာများ ဖော်ထုတ်စဉ်ကတည်းကပင် ရေအရင်းအမြစ်ရရှိနိုင်မှု၊ ကုန်ထုတ်လမ်းဖော်ဆောင် ပေးနိုင်မှုနှင့် အခြားအခြေခံအချက်အလက်များအားလုံးကို ထည့်သွင်းတွက်ချက်၍ သတ်မှတ်ဆောင်ရွက်သွားရန်လိုကြောင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများဆောင်ရွက် ရာတွင် မျိုး၊ မြေ၊ ရေ၊ နည်း ဟူသည့် အခြေခံလိုအပ်ချက် ၄ ခုအပေါ် အခြေခံ၍ စဉ်းစားဆောင်ရွက်ရမည်ဖြစ်ကြောင်းဖြင့် ဖြည့်စွက်ဆွေးနွေးမှာကြားသည်။
ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ ဆွေးနွေးမှာကြား
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဆွေးနွေးပြောကြားရာတွင် ပြင်ဦးလွင်မြို့နယ်တွင် လူနေထိုင်မှုပမာဏသည် တစ်နှစ် ထက်တစ်နှစ်များပြားလာသည်ကို တွေ့ရှိရပြီး ရာသီဥတုမျှတကောင်းမွန်ခြင်း၊ သန့် ရှင်း လတ်ဆတ်သည့် အသီးအနှံများကို ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူစားသောက်နိုင် ခြင်းတို့ကြောင့် လာရောက်နေထိုင်ကြခြင်းဖြစ်ကြောင်း၊ လူအများနေထိုင်ရာတွင် ရေသည် မရှိမဖြစ်လိုအပ်သည့်အရာဖြစ်သည့်အတွက် သောက်သုံးရေနှင့် စိုက်ပျိုးရေ များ ဖူလုံစွာရရှိနိုင်ရေး၊ ရေအရင်းအမြစ်များ စဉ်ဆက်မပြတ်ရရှိရေးကို ဖော်ဆောင် ပေးရမည်ဖြစ်ကြောင်း။
ပြင်ဦးလွင်မြို့အား ချယ်ရီမြို့တော်၊ ပန်းမြို့တော်၊ ကော်ဖီမြို့တော်၊ ပညာရေးမြို့ တော်၊ ကျန်းမာရေးမြို့တော် စသည်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ချယ်ရီပင်များ ကောင်းမွန်စွာ ပေါက်ရောက်သည့်ဒေသဖြစ်သည့်အတွက် ချယ်ရီမြို့တော်ဖြစ်စေရေး စနစ်တကျဖြင့် စိုက်ပျိုးသွားကြရန်လိုကြောင်း၊ ပန်းမြို့ တော်ဟု ယခင်ကတည်းကပင် နာမည်ရပြီးသားမြို့ဖြစ်သည့်အတွက် အစဉ်အလာ ကောင်းများကို ဆက်လက် လက်ဆင့်ကမ်းထိန်းသိမ်းဆောင်ရွက်သွားရန်နှင့် ဒေသမျိုး ရင်းပန်းမျိုးများကို ဆက်လက်ထိန်းသိမ်းဆောင်ရွက်သွားရန်လိုကြောင်း၊ ဥပမာအနေ ဖြင့် ဗီယက်နမ်နိုင်ငံသည် ပြည်ပသို့ ပန်းမျိုးစုံတင်ပို့ရောင်းချခြင်းဖြင့် ဝင်ငွေများစွာ ရရှိကြောင်း၊ အဓိကအားဖြင့် ဂန္ဓမာနှင့် သစ္စာပန်းမျိုးများကို တင်ပို့ခြင်းဖြစ်ပြီး ပြင်ဦးလွင်၌ အောင်မြင်ဖြစ်ထွန်းသည့်ပန်းမျိုးများဖြစ် ကြောင်း၊ အလားတူ ပြင်ဦးလွင် ဒေသမှထွက်ရှိသည့် အာရေးဗီးကားကော်ဖီသည် ကမ္ဘာပေါ်တွင် ဈေးကွက်ဝင် လူကြိုက်များသည့် ကော်ဖီအမျိုးအစားဖြစ်သဖြင့် ကော်ဖီ ထုတ်လုပ်မှုများကို စနစ်တကျ စိုက်ပျိုးထုတ်လုပ်ဆောင်ရွက်၍ ပြည်ပသို့ ပိုမိုတင်ပို့ နိုင်ရေး ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ထို့ပြင် ပြင်ဦးလွင်မြို့အနေဖြင့် အားကစားမြို့တော်အဖြစ် ဆောင်ရွက်နိုင်မည့် အခြေအနေကောင်းများကိုလည်း ပိုင်ဆိုင်ထားရှိပြီးဖြစ်ကြောင်း၊ ဘောလုံးအားကစားပွဲများ၊ စက်ဘီးစီးပြိုင်ပွဲများနှင့် အခြားအားကစား နည်းများကို ဆောင်ရွက်၍ရနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် Town Plan များ ရေးဆွဲရာတွင် အားကစားကွင်းများကိုပါ စနစ်တကျတွက်ချက်၍ ထည့်သွင်း ရေးဆွဲဆောင်ရွက်သွားရန်လိုကြောင်း၊ ပြင်ဦးလွင်မြို့အား Green City ၊ Clean City Smart City ဖြစ်စေရေးအတွက်လည်း အကောင်အထည်ဖော် ဆောင်ရွက်သွားရန်လို ကြောင်း၊ ပြင်ဦးလွင်မြို့ပတ်ဝန်းကျင်တွင် သစ်တောများဖုံးလွှမ်းမှုရှိစေရေး သစ်တော သစ်ပင်ထိန်းသိမ်းခြင်းနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကိုလည်း ထိထိရောက် ရောက် ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ပြင်ဦးလွင်ဒေသ၏ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်၍ ဒေသတွင်းနေထိုင်သူများနှင့် ဒေသတွင်လာရောက်တာဝန်ထမ်းဆောင် နေကြသူများက အဓိကဆောင်ရွက်ကြရမည်ဖြစ်ပြီး နိုင်ငံတော်အနေဖြင့်လည်း လိုအပ် သည်များကို ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ပြင်ဦးလွင်ဒေသတွင် မွေးဖွား ခဲ့ပြီး အသက်အရွယ်ကြီးမြင့်စွာရှိနေကြသည့်ဒေသခံများဖြင့် Elder အဖွဲ့ဖွဲ့စည်းသွား ရန်လည်းလိုပြီး ဒေသ၏အစဉ်အလာနှင့်ဂုဏ်သတင်းများကို ဆက်လက်ထိန်းသိမ်းနိုင် ရန်နှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များကို ၎င်းတို့အနေဖြင့် အကြံပြု နိုင်မည်ဖြစ်ကြောင်း။
မြေအသုံးချမှုနှင့်ပတ်သက်၍ မိမိတို့အနေဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မြေနေရာများကို အမျိုးအစားအလိုက် အကျိုးရှိစွာ အသုံးချနိုင်ရမည်ဖြစ်ကြောင်း၊ မြေ နှင့်ပတ်သက်၍ တာဝန်ရှိသူအဆင့်ဆင့်အနေဖြင့် စနစ်တကျစီမံခန့်ခွဲသွားရန်လို ကြောင်း၊ သစ်တောနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တောင်ယာခုတ်ထွင်မှုများ ပပျောက်အောင်ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ ရှိပြီးဖြစ်သည့် စပါးစိုက်ပျိုးနေသည့် ယာမြေများကို သီးထပ်စွမ်းအားမြှင့် တင်နိုင်မည့် စပါးစိုက်ပျိုးနိုင်သည့် လယ်မြေများအဖြစ် ဖော်ဆောင်ပေးနိုင်ရေး သုတေသနပြုဆောင်ရွက်သွားရန်လိုကြောင်း၊ တောင်ယာများနှင့်ပတ်သက်၍ ရွှေ့ ပြောင်းတောင်ယာစနစ်များ ပပျောက်အောင် ဆောင်ရွက်သွားရန်လိုပြီး ကုန်းမြင့်လယ် များဖော်ထုတ်ပေးရန်လိုကြောင်း။
ပြင်ဦးလွင်မြို့သည် ပြည်တွင်းပြည်ပမှ ခရီးသွားအများအပြားလာရောက်သည့် မြို့တစ်ခုဖြစ်သည့်အတွက် မိမိတို့ဒေသသို့ လာရောက်သည့်သူများကို အကောင်းဆုံး ဝန်ဆောင်မှုများပေးခြင်းဖြင့် ဒေသဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်နိုင်ရမည်ဖြစ် ကြောင်း၊ ဒေသထွက် သန့်ရှင်းလတ်ဆတ်သည့် အသီးအနှံနှင့် စားသောက်ဖွယ်ရာများ၊ ဒေသရိုးရာ အစားအသောက်များဖြင့် ခရီးသွားများကို ဆွဲဆောင်နိုင်ရမည်ဖြစ်ကြောင်း၊ ထို့ပြင် အိမ်သာမှ ဧည့်လာမည်ဖြစ်သည့်အတွက် မိမိတို့ဒေသ သန့်ရှင်းသာယာလှပ ရေးအတွက်အားလုံးက ဝိုင်းဝန်းဆောင်ရွက်ကြရန်လိုကြောင်း၊ လမ်းများနှင့်ပတ်သက် ၍ သတ်မှတ်ထားသည့် လမ်းအင်္ဂါရပ်များအတိုင်းပြည့်မီရန်လိုပြီး လမ်းမကြီးများ ဥပဒေကိုလည်း ပြည်သူများလိုက်နာမှုရှိစေရေး အသိပညာပေးဆောင်ရွက်ရမည်ဖြစ် ကြောင်း၊ စိမ်းလန်းစိုပြေမှုသည် မျက်စိပသာဒကိုဖြစ်စေပြီး အေးချမ်းမှုကို ခံစားရစေ နိုင်သည်ဖြစ်သဖြင့် လမ်းမကြီးများ ဝဲ၊ ယာ၌ အရိပ်ရအပင်များကို စနစ်တကျဖြင့် စိုက် ပျိုးသွားရန်လိုကြောင်း၊ တိုင်းဒေသကြီး၊ ပြည်နယ်၊ မြို့၊ ကျေးရွာများ သန့်ရှင်းသာယာ လှပရေးအတွက် အမှိုက်ခွဲခြားစွန့်ပစ်သည့် အလေ့အကျင့်ကောင်းများကို ဆောင်ရွက် ရန် လိုအပ်ကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် စံပြအဖြစ် ဝန်ကြီးဌာနများ၊ ဌာနဆိုင်ရာ များမှ စံနမူနာပြ ဆောင်ရွက်သွားရန်လိုအပ်ပြီး ရပ်ရွာလူထုထံသို့ နမူနာယူ အသိပညာ ပြန့်ပွားအောင်ဆောင်ရွက်သွားကြရန်လိုကြောင်း၊ သို့မှသာလျှင် တစ်နိုင်ငံလုံးအတိုင်း အတာဖြင့် Green City ၊ Clean City ဖော်ဆောင်မှု အောင်မြင်လာနိုင်မည်ဖြစ်ကြောင်း ဖြင့် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment