နေပြည်တော်၊ ဇူလိုင် ၁၆
နိုင်ငံရေးပါတီ တည်ထောင်လိုသူများက ယင်းတို့တည်ထောင်လိုသော ပါတီအမည်ကို ဖော်ပြ၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ လျှောက်ထားလျက်ရှိကြရာ ယနေ့အထိ ပါတီ တည်ထောင်ခွင့်လျှောက်ထားလာသည့်အဖွဲ့ ၂၇ ဖွဲ့ ရှိပြီး၊ ယင်းသို့လျှောက်ထားသည့် အဖွဲ့ များအနက် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးပါတီ နှင့် မျိုးဆက်သစ်ဝံသာနုပါတီ တို့သည် နိုင်ငံရေးပါတီများမှတ်ပုံ တင်ခြင်းဥပဒေ၊ နည်းဥပဒေများနှင့် ညီညွတ်ကြောင်း စိစစ်တွေ့ရှိရသဖြင့် ကော်မရှင်က ယနေ့တွင် နိုင်ငံရေးပါတီတည်ထောင်ခွင့် လျှောက်ထားချက်များကို ခွင့်ပြုလိုက်ကြောင်း သိရှိရသည်။
ပြည်သူ့အင်အားဒီမိုကရေစီပါတီ [People Power For Democracy Party (PPD)] ၏ လျှောက်ထားချက်အပေါ် သက်ဆိုင်ရာဝန်ကြီးဌာနများ၏ စိစစ်ပြန်ကြားချက်များအရ နိုင်ငံရေး ပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၄ ပါ ပြဋ္ဌာန်းချက်များနှင့် ညီညွတ်ခြင်းမရှိသောကြောင့် လည်းကောင်း၊ လီရှောအမျိုးသားပါတီ ၏ လျှောက်ထားချက်အပေါ် သက်ဆိုင်ရာဝန်ကြီးဌာနများ၏ စိစစ်ပြန်ကြားချက်များအရ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၆ ပါ ပြဋ္ဌာန်းချက်များနှင့် ညီညွတ်ခြင်းမရှိသောကြောင့်လည်းကောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် စုံညီအစည်းအဝေး အမှတ်စဉ် (၃၀/၂၀၂၅) ဆုံးဖြတ်ချက်အရ ယင်းပါတီများ၏ ပါတီတည်ထောင်ခွင့် လျှောက်ထားချက် များကို ကော်မရှင်က ယနေ့တွင် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းနည်းဥပဒေပါ ပုံစံ (ဂ) ဖြင့် ငြင်းပယ် လိုက်ရာ ယနေ့အထိ နိုင်ငံရေးပါတီ ၂၁ ပါတီကို တည်ထောင်ခွင့်ပြုပြီးဖြစ်ကြောင်းနှင့် နိုင်ငံရေးပါတီ ၅ ပါတီကို ငြင်းပယ်ပြီးဖြစ်ကြောင်း သတင်းရရှိသည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment