အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၆ - ၂၀၃၀) ကို ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ပြင်ဆင်ဆောင်ရွက်သွားရမည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၆ - ၂၀၃၀) ကို ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ပြင်ဆင်ဆောင်ရွက်သွားရမည်


နေပြည်တော်၊ ဇူလိုင် ၁၅

အမျိုးသားပို့ကုန်မဟာဗျူဟာ အစိုးရ‒ပုဂ္ဂလိက ပို့ကုန်မြှင့်တင်ရေးကော်မတီ၏ (၂/၂၀၂၅) ကြိမ်မြောက် အစည်းအဝေးကို ယမန်နေ့က နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ရုံးအမှတ်‒၃ ၌ ကျင်းပသည်။

 အစည်းအဝေးသို့ အမျိုးသားပို့ကုန်မဟာဗျူဟာ အစိုးရ‒ပုဂ္ဂလိက ပို့ကုန်မြှင့်တင်ရေးကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ရုံးဝန်ကြီးဌာန‒ ၃ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်တင့်၊ ဒုတိယဥက္ကဋ္ဌ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးထွန်းအုံ၊ ကော်မတီအဖွဲ့ဝင်များ၊ အမျိုးသားပို့ကုန်မဟာဗျူဟာ ကဏ္ဍအလိုက် ပို့ကုန်ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌများ၊ သက်ဆိုင်ရာအစိုးရဌာနများနှင့် ပုဂ္ဂလိက အသင်းအဖွဲ့များမှ တာဝန်ရှိသူများတက်ရောက်ကြသည်။

အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌကအမှာ စကားပြောကြားရာတွင် ငလျင်ကြောင့် ရုံးများ၊ လူနေအိမ်အဆောက်အအုံများ၊ လမ်းများ၊ တံတားများပြိုကျခဲ့ရပြီး အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ၊ စက်ရုံ အလုပ်ရုံများ၊ စီးပွားရေးလုပ်ငန်းကြီးများ ထိခိုက်ပျက်စီးခဲ့သည်ကို တွေ့ရှိရကြောင်း၊ ပြီးခဲ့သည့်မေလက ငလျင်ဘေးအလွန် မြန်မာ့စီးပွားရေး ပြန်လည်ကုစားခြင်းနှင့် ပြန်လည်ထူထောင်ခြင်း သုံးသပ်ဆွေးနွေးပွဲကို ကျင်းပခဲ့ကြကြောင်း၊ အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ပုံမှန်ပြန်လည်လည်ပတ်လာနိုင်ရန် သက်ဆိုင်ရာကဏ္ဍများအလိုက် တာဝန်ယူပံ့ပိုးဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း။

အမျိုးသားပို့ကုန်မဟာဗျူဟာတွင် ဆောင်ရွက်ရန်ရွေးချယ်ထားသော ကဏ္ဍများအလိုက် လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ခြင်းနှင့်အတူ ကဏ္ဍများအတွင်းရှိ MSME လုပ်ငန်းများ ပြန်လည်ထူထောင် နိုင်ရေးအတွက် ပံ့ပိုးပေးသွားရန်ဖြစ်ပါကြောင်း၊ အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၀-၂၀၂၅) အကောင်အထည်ဖော်မှုကာလ ပြီးဆုံးတော့မည် ဖြစ်သည့်အတွက် အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၆-၂၀၃၀) ကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ပြင်ဆင်ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ သဘာဝဘေးကြုံတွေ့ရမှုများကို ကြံ့ကြံ့ခံရင်ဆိုင်ပြီး ပို့ကုန်တိုးမြှင့်တင်ပို့ရေးကို ဆက်လက်မြှင့်တင်ဆောင်ရွက်ကြရန်နှင့် တွေ့ကြုံရသည့် အခက်အခဲများအပေါ် လိုအပ်သလို ပေါင်းစပ်ဖြေရှင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် အမျိုးသားပို့ကုန်မဟာဗျူဟာ အစိုးရ‒ပုဂ္ဂလိက ပို့ကုန်မြှင့်တင်ရေးကော်မတီအတွင်းရေးမှူး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်းက ကော်မတီ၏ (၁/၂၀၂၅) ကြိမ်မြောက် အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှုအခြေအနေကို အကျဉ်းချုပ်ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ အမျိုးသားပို့ကုန်မဟာဗျူဟာ အစိုးရ‒ပုဂ္ဂလိက ပို့ကုန်မြှင့်တင်ရေးကော်မတီအဖွဲ့ဝင်များနှင့် သက်ဆိုင်ရာကော်မတီဥက္ကဋ္ဌများက ကဏ္ဍအလိုက်ဆောင်ရွက်ပြီးစီးမှု၊ ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာ ကော်မတီဥက္ကဋ္ဌက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)