ရွေးကောက်ပွဲကျင်းပရေး စီမံဆောင်ရွက်နေမှုများတွင် ကျရာကဏ္ဍမှ ပါဝင်ဆောင်ရွက်ကြရန် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ပြောကြား - Myanmar National Post

Myanmar National Post

News Agency

Breaking

ရွေးကောက်ပွဲကျင်းပရေး စီမံဆောင်ရွက်နေမှုများတွင် ကျရာကဏ္ဍမှ ပါဝင်ဆောင်ရွက်ကြရန် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ပြောကြား


မန္တလေး၊ ဇူလိုင် ၂၈

တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင်ရေးဆွေးနွေးပွဲတစ်ရပ်ကို ယမန်နေ့က မန္တလေးမြို့ မဟာအောင်မြေမြို့နယ်ရှိ Y - Mandalay Hotel ၌ ကျင်းပရာ တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း တက်ရောက်ဆွေးနွေး ပြောကြားသည်။

အဆိုပါဆွေးနွေးပွဲသို့ မန္တလေးတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ခရိုင်နှင့် မြို့နယ်များမှ တာဝန်ရှိသူများ၊ မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီအသင်းနှင့် လူမှုရေးအသင်းအဖွဲ့များမှ လူငယ်များ၊ မန္တလေးမြို့ရှိ တက္ကသိုလ်၊ ကောလိပ်နှင့် အခြေခံပညာကျောင်းများမှ ပါမောက္ခချုပ်/ ကျောင်းအုပ်ကြီးများနှင့် ကျောင်းသား ကျောင်းသူများစုစုပေါင်း အင်အား ၄၀၀ ခန့် တက်ရောက်ကြသည်။

ဦးစွာ မန္တလေးမြို့ အမှတ်(၁၄) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသူလေးများက “မင်္ဂလာပါ” သီချင်းဖြင့် သီဆိုကပြဖျော်ဖြေကြသည်။

ဆက်လက်၍ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ထုတ်လုပ်သည့် “ပြင်းထန်တဲ့ မြေငလျင်ဒဏ်ကို ကျော်ဖြတ်ကာ ပြန်လည်တည်ဆောက်ကြမယ့် ပိုမိုကောင်းမွန်တဲ့အနာဂတ်”နှင့် “ အနာဂတ်ကို ပိုင်စိုးသူလူငယ်များ” Video Clip နှစ်ခုကို ဖွင့်လှစ်ပြသသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ဆွေးနွေးရာတွင် တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင်ရေးအတွက် အခြေခံဖြစ်သော နယ်မြေလုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးတွင် မန္တလေးမြို့အနေဖြင့် မူလအနေအထားအတိုင်း ပြန်လည်ရရှိနေပြီဖြစ်၍ နိုင်ငံတော်အစိုးရနှင့် တာဝန်ရှိသူများနှင့်အတူ ဝိုင်းဝန်းအကောင်အထည်ဖော်ဆောင်ရွက်ကြရန်၊ သဒ္ဓါတရားထက်သန်သည့် မြန်မာလူမျိုးများဖြစ်သည့်အတိုင်း အားနည်းသူကို ဝိုင်းကူသည့်ပုံစံဖြင့် စာနာဖေးမမှုများဖြင့် ရိုင်းပင်းကူညီဆောင်ရွက်ကြရန်၊ အနာဂတ်မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်က အကောင်အထည်ဖော်ဆောင်ရွက်နေမှုများနှင့် ရှေ့လုပ်ငန်းစဉ်များ၊ အထူးသဖြင့် ရွေးကောက်ပွဲကျင်းပရေး စီမံဆောင်ရွက်နေမှုများတွင် ကျရာကဏ္ဍမှ ပါဝင်ဆောင်ရွက်ကြရန်၊ တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင်ရေး တစ်နည်းအားဖြင့် စစ်မှန်သည့် ဒီမိုကရေစီစနစ် ထွန်းကားပေါ်ပေါက်လာစေရေးအတွက် ပြည်သူတစ်ရပ်လုံးက အသိပညာရှိမှု၊ စည်းကမ်းနားလည်လိုက်နာမှု၊ စာနာမှု၊ ပူးပေါင်းဆောင်ရွက်တတ်မှုတို့နှင့် ဝိုင်းဝန်းဆောင်ရွက်ကြရန် ဆွေးနွေးပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့အတွက် MRTV DTH အစုံ ၅၀ နှင့် MRTV DVB T-2 Set Top Box အလုံး ၁၅၀ တို့ကို လွှဲပြောင်းပေးအပ်ရာ မန္တလေးတိုင်း ဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းစိုးက လက်ခံရယူသည်။

ဆက်လက်၍ ဆွေးနွေးပွဲသို့တက်ရောက်လာကြသည့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် လူငယ်များ၊ ကျောင်းသား ကျောင်းသူများအတွက် MRTV DTH အစုံ ၂၀ နှင့် MRTV DVB T-2 Set Top Box အလုံး ၄၀ တို့အား ကံစမ်းမဲဖောက်၍ ပေးအပ်သည်။

ယင်းနောက် မန္တလေးမြို့ အမှတ်(၁၄) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများက “အောင်မြင်ပါစေ မြန်မာပြည်” တေးသီချင်းဖြင့် သီဆိုကပြပြီးနောက် ဆွေးနွေးပွဲကို ရုပ်သိမ်းခဲ့သည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်ရှိ အနုပညာဗဟိုဌာန (Myanmar Arts Center)တည်ဆောက်ရေးလုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ ရှင်းလင်းဆောင်တွင် Myanmar Land & Development Limited ဆောက်လုပ်ရေးကုမ္ပဏီမှ Project Director ဒေါ်ယုယုနိုင်က လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။

အဆိုပါ အနုပညာဗဟိုဌာန(မန္တလေး)တည်ဆောက်ရေးလုပ်ငန်းကို Myanmar Land & Development Limited က ၂၀၂၅ခုနှစ် မတ်လမှစတင်၍ ဆောင်ရွက်ခဲ့ရာ အဆောက်အအုံနှင့် ဆောက်လုပ်ရေးဧရိယာအတွင်း ချုံနွယ်များရှင်းလင်းရေးအပါအဝင် သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ အဆောက်အအုံသံတိုင်များ သန့်ရှင်းရေးပြုလုပ်ပြီး ဆီဆေးသုတ်ခြင်း၊ အဆောက်အအုံသုံးထပ်တွင် ကြမ်းခင်းများပြုပြင်ခြင်း၊ RC Wall များတွင် အက်ကြောင်းများပြုပြင်၍ အချောကိုင်ခြင်း၊ ခြံစည်းရိုးအုတ်တံတိုင်း အရှည်ပေ ၂၀၇၀ ဆောက်လုပ်ခြင်း၊ ဂါလန် ၃၀၀၀၀ ဆံ့ မြေအောက်ရေကန်နှစ်လုံးတည်ဆောက်ခြင်း၊ ရှစ်လက်မမြေအောက် ရေတွင်းနှစ်ခုတူးဖော်ခြင်းများ ဆောင်ရွက်ပြီးစီးခဲ့ပြီး ယခုအခါ ၁၂၅၀ ကေဗွီအေ ထရန်စဖော်မာတစ်လုံးနှင့် ၃၃ ကေဗွီလိုင်း သွယ်တန်းခြင်းကို ဆောင်ရွက်လျက်ရှိသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် လုပ်ငန်းခွင်အတွင်း လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဆွေးနွေးမှာကြားခဲ့သည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)