နိုင်ငံတော်အကြီးအကဲများအနေဖြင့် မှန်ကန်စွာ စိစစ်ပြီး မူလတောင်သူများ ထံ ပြန်လည်စွန့်လွှတ်ပေးနိုင်ပါရန် (အိတ်ဖွင့်ပေးစာ) - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံတော်အကြီးအကဲများအနေဖြင့် မှန်ကန်စွာ စိစစ်ပြီး မူလတောင်သူများ ထံ ပြန်လည်စွန့်လွှတ်ပေးနိုင်ပါရန် (အိတ်ဖွင့်ပေးစာ)


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နှင့်တကွ အဖွဲ့ဝင်များအားလုံးထံ လေးစားစွာ တင်ပြအပ်ပါတယ်။

ကျွန်မဒေါ်လှလှသည် ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်၊ ကမာကဆစ်ရပ်ကွက်တွင် နေထိုင်သူ ဖြစ်ပါတယ်။ ကျွန်မမိခင် ဒေါ်စိန်မြိုင်သည် ဒလမြို့ နယ်မှော်စက်ရပ်ကွက်ရှိ ကွင်းအမှတ်(၁၈၅) ဦးပိုင်အမှတ် (၂၁) ရှိ လယ်ဧက (၂၀)ခန့်ကို ဘိုးဘွားများမှတဆင့်ပိုင်ဆိုင်ခဲ့ပြီး လယ်ယာမြေစိုက်ပျိုးခြင်းနှင့် ငါးမွေးမြူရေး လုပ်ငန်းကို နိုင်ငံတော်သို့ အခွန်အခများပေးသွင်း၍ တရားဝင်လုပ်ကိုင်ခဲ့ပါတယ်။

၁၉၈၉ခုနှစ် နိုင်ငံတော်မှ မြို့ သစ်တိုးချဲ့ စီမံကိန်းဆောင်ရွက်ရန်အတွက် ကျွန်မတို့ပိုင်လယ်ဧက(၂၀)အား မြို့ပြနှင့်အိုးအိမ်ဦးစီးဌာမှ သိမ်းယူပြီး ကျွန်မတို့ မိသားစုဆောက်လုပ်ထားသော စပါးကျီ၊ ကျွဲနွားတင်းကုတ်၊ မိသားစုနေအိမ်၊ အလုပ်သမားနေအိမ်အားလုံးကို ဖျက်သိမ်းပေးခဲ့ရပါတယ်။ မိသားစုနေထိုင်ဖို့ (၄၀×၆၀)ပေ မြေကွက်တစ်ကွက်နှင့် (၂၀×၆၀)ပေ မြေကွက်တစ်ကွက်သာ နိုင်ငံတော်မှ သတ်မှတ်ထားသော ဈေးနူန်းဖြင့် အများနည်းတူ ပေးသွင်းပြီး ရရှိခဲ့ပါတယ်။ မြေယာများသိမ်းဆည်းခံရခြင်းကြောင့် နိုင်ငံတော်မှ သက်ညှာစွာ အစားထိုး ပြန်လည်ချထားပေးခြင်းမျိုး မဟုတ်ပါ။ အများနည်းတူ ငွေပေးသွင်းပြီး ရယူခဲ့ရခြင်း ဖြစ်ပါတယ်။

နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်လက်ထက်တွင် နိုင်ငံတော်မှ သိမ်းဆည်းပြီး စီမံကိန်းဖော်ဆောင်ခြင်း မရှိသော လစ်လပ်မြေများ ပြန်လည်စီစစ်ပြီး မူလတောင်သူများထံ ပြန်ပေးရန်မိန့်ကြား ခဲ့သောကြောင့် ကျွန်မတို့ပိုင်ဆိုင်ခဲ့သော မြေဧက(၂၀)မှ နိုင်ငံတော်စီမံကိန်းအတွက် အသုံးမပြုဘဲ လစ်လပ်ကျန်ရှိသောမြေ(၅) ဧက ခန့်လောက်အား မိသားစု၏ စားဝတ်နေရေးအတွက် ပြန်လည်ပေးအပ်ပါရန် အသနားခံ တင်ပြခဲ့ရာ အဆင့်ဆင့် ညှိနှိုင်းဆောင်ရွက်နေစဉ်အတွင်း အစိုးရသစ်ပြောင်းလဲသွားခဲ့ပါတယ်။

NLD အစိုးရလက်ထက်တွင်လည်း ထပ်မံတင်ပြခဲ့ရာ တိုင်းဒေသကြီးအစိုရအဖွဲ့မှ မြို့ နယ်အုပ်ချုပ်ရေးမှူးရုံးသို့ ပထမအကြိမ်ခေါ်ယူတွေ့ ဆုံပြီး မိမိတို့၏ လယ်ယာမြေပိုင်ဆိုင်မှု အထောက်ထားများကိုစီစစ်ခဲ့ပါတယ်။ ထို့နောက် ဒုတိယအကြိမ်ထပ်မံတွေဆုံပြီး လစ်လပ်မြေများကို မိမိတို့နှင့်အတူ မြေပြင်ကွင်ဆင်း စစ်ဆေးခဲ့ပါတယ်။ တတိယကြိမ်ထမ်မံတွေ့ ဆုံသောအခါ ရန်ကုန်မြို့ တော်စီပင်သာယာရေးကော်မတီမှ တာဝန်ရှိသူက ဤလစ်လပ် မြေများကို နိုင်ငံတော်စီမံကိန်းများအတွက် အသုံးပြုရန်ရှိပါသဖြင့် မစွန့်လွတ်နိုင်ပါကြောင်း ပြောကြားသောကြောင့် မိမိတို့ ပြန်လည် လျှောက်ထားမှုကို ရပ်ဆိုင်းခဲ့ရပါတယ်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ တာဝန်ရှိသူမှ ထိုသို့ ပြောဆိုခြင်းသည် မူလတောင်သူ ပြည်သူတစ်ဦးအပေါ် မှန်ကန်စွာ ပြောဆိုခြင်းမဟုတ်ဘဲ လီဆည်လိမ်ညာ ပြောဆိုခြင်း ဖြစ်ကြောင်း မြေပြင်တွင် ယနေ့ ဖြစ်ပေါ်နေသည့် အခြေအနေက သက်သေခံနေပါသည်။ ဖော်ပြပါ မြေနေရာတွင် ယနေ့ နစကအစိုးရ သက်တမ်း ကုန်ဆုံးချိန်အထိ မည်သည့် နိုင်ငံတော်စီမံကိန်းမှ မရှိဘဲ ပုဂ္ဂိုလ်တစ်ဦးက ပါမစ်ရထားသည်ဆိုကာ ကွက်စိတ်များ ရိုက်ရောင်းနေသည်ကို တွေ့ရှိရပါသည်။ ဤသည်ကို ထောက်ထားခြင်း အားဖြင့် NLD အစိုးရ လက်ထက်က ကျွန်မတို့ကို နိုင်ငံတော်စီမံကိန်းရှိသည်ဟု ပြောဆိုခြင်းသည် လိမ်လည် လီဆည်ပြောဆိုပြီး ပြည်သူတစ်ဦး တစ်ယောက်၏ ရပိုင်ခွင့်ကို ချိုးဖောက်ခြင်း ဖြစ်ကြောင်း သိရှိနိုင်ပါသည်။ ပြည်သူတစ်ဦး၏ ရပိုင်ခွင့်ကို တာဝန်ရှိသူ တစ်ဦးက တာဝန်နဲ့ လုပ်ပိုင်ခွင့်ကို အလွဲအသုံးချ၍ အခြားသူတစ်ဦးတစ်ယောက်ကို ချထားပေးကာ ကိုယ်ကျိုးရှာခြင်းမျိုး ဖြစ်နေပါတယ်။

ကျွန်မတို့ မူလတောင်သူများအနေဖြင့်လည်း နိုင်ငံတော်အကြီးအကဲများမှ နစ်နာသူ ပြည်သူများအပေါ် ငဲ့ညှာထောက်ထားပြီး နစ်နာဆုံးရှုံးမှုများကို ပြန်လည်ကုစားသည့်အနေဖြင့် ဆောင်ရွက်ပေးခဲ့သည့် လမ်းညွှန်ချက်နှင့်အညီ ရသင့်ရထိုက်သော အခွင့်အရေးကို ရလိုပါတယ်။

နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် အစိုးရလက်ထက်မှ စ၍ တင်ပြခဲ့ပြီး NLD အစိုးရလက်ထက်တွင် စစ်ဆေးဆောင်ရွက်ပေးခဲ့သည့် အခြေအနေများနှင့် ဆက်လျဉ်း၍ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ထံသို့လည်း တင်ပြထားပြီး ဖြစ်ပါတယ်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ထံသို့လည်း တင်ပြထားပါတယ်။ ယခင်အစိုးရများလက်ထက်တွင် နိုင်ငံတော်အစိုးရ အကြီးအကဲများ က စိစစ်ပြီး ပြန်လည်ချထားပေးနိုင်ရန် လမ်းညွှန်ခဲ့သည့်အပေါ် ရန်ကုန်မြို့တော် စည်ပင်သာယာဌာနမှ တာဝန်ရှိသူ အနေဖြင့် ပြည်သူတစ်ဦးတစ်ယောက်၏ ရပိုင်ခွင့်ကို မမှန်ကန်သော စကားများဖြင့် လိမ်ညာပြီး အခြားသူတစ်ဦးတစ်ယောက်ကို ချထားပေးလိုက်ခြင်းသည် ပြည်သူတွေ၏ ရပိုင်ခွင့်ကို လုယက်ခြင်း ဖြစ်ပါသည်။ ထိုသို့သော နည်းလမ်းများဖြင့် ကိုယ်ကျိုးရှာခြင်းမျိုး လုံးဝမလုပ်သင့်ပါ။

ရန်ကုန်မြို့တော်စည်ပင်သာယာဌာန တာဝန်ရှိသူက နိုင်ငံတော်စီမံကိန်းရှိသဖြင့် ပြန်လည်စွန့်လွှတ်ပေးနိုင်ခြင်း မရှိပါဟု ပြောဆိုခဲ့သော်လည်း ယနေ့တိုင် နိုင်ငံတော်စီမံကိန်းမရှိဘဲ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက် က အကွက်ရိုက် ရောင်းစားနေသည့်အပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရ အကြီးအကဲများအနေဖြင့် မှန်ကန်စွာ စိစစ်ပြီး မူလတောင်သူများ၏ နစ်နာမှုကို ကုစားပေးနိုင်ပါရန် လေးစားစွာ အသနားခံ တင်ပြအပ်ပါတယ်။


ဒေါ်လှလှ

မူလမြေပိုင်ရှင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)