ပေါင်၊ ဇူလိုင် ၂၆
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ကဒါရပ်ကွက်၊ ပေါင်းရပ်ကွက်၊ မိုးနိုင်းရပ်ကွက်၊ ကွက်သစ်ကျေးရွာနှင့် ရင်းငြိမ်တောင် ကျေးရွာတို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးသွားသည့် လူနေအိမ်များနှင့် သာသနိက အဆောက်အအုံ တို့အား ကယ်ဆယ်ရေးပစ္စည်း၊ အိမ်ဆောက်ပစ္စည်းများနှင့် ဆန်ရိက္ခာဖိုးငွေ ပေးအပ်ခြင်း အခမ်းအနားကို ဇူလိုင် ၂၆ ရက်နေ့ နံနက်ပိုင်းက ပေါင်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ဝါရီရူခန်းမ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် မွန်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်၊ ပေါင်မြို့နယ်အတွင်း ရပ်ကွက်အချို့နှင့် ကျေးရွာအချို့တွင် ဇူလိုင်လ ၂၄ ရက်နေ့၊ နံနက်ပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် သာသနိက အဆောက်အအုံ အချို့နှင့် လူနေအိမ် အချို့ ပျက်စီးဆုံးရှုံးမှု အခြေအနေတို့အပေါ် ပြန်လည်နေရာချထားနိုင်ရေးအတွက် အလှူငွေများနှင့် အိမ်ဆောက်ပစ္စည်းများ လာရောက်ပေးအပ်ရခြင်း ဖြစ်ကြောင်း၊ ပြည်နယ်အတွင်း သဘာဝဘေးအန္တရာယ်များ လျော့နည်းစေရေးနှင့် အရေးပေါ်ကြိုတင်ပြင်ဆင်မှုများကိုလည်း ဂရုပြုဆောင်ရွက်ထားကြရန်လိုအပ်ကြောင်း၊ အလှူငွေများထည့်ဝင် လှူဒါန်းပေးကြသည့် စေတနာရှင်၊ အလှူရှင်များကိုလည်း အထူးကျေးဇူးတင်ရှိပါကြောင်းဖြင့် အမှာစကားပြောကြားခဲ့သည်။
ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အစိုးရအဖွဲ့မှ ပြိုကြနေသည့် နေအိမ်များ၊ ဘုန်းကြီးကျောင်းများအတွက် အိမ်ဆောက်ပစ္စည်းများ စုစုပေါင်း ငွေကျပ် (၂၈၅၆၅၀၀၀) ထောက်ပံ့ပေးအပ်ခဲ့ပြီး အလှူရှင်များမှ လေဘေးသင့်ပြည်သူများအတွက် အလှူငွေကျပ် (၆၂၀) သိန်းအား ပေးအပ်လှူဒါန်းခြင်းအပေါ် ဂုဏ်ပြု မှတ်တမ်းလွှာများ ပြန်လည် ပေးအပ်ခဲ့သည်။
အဲဒီနောက် ပြည်နယ်တရားလွှတ်တော် တရားကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးတို့က လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက ပေးအပ်သည့် ဆန်ရိက္ခာဖိုးငွေများ၊ ဒါဏ်ရာရပြည်သူများအတွက်ထောက်ပံ့ငွေများ၊ ဆီဘူးများနှင့် ကယ်ဆယ်ရေးပစ္စည်းများ အသီးသီး ပေးအပ်ခဲ့ကြသည်။
ယင်းနောက် လေဘေးသင့်ပြည်သူများ ကိုယ်စား ပြည်သူတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က လေဘေးသင့်ပြည်သူများအား လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လေပြင်းတိုက်ခတ်မှုကြောင့် ပေါင်မြို့နယ် ကတွန် ကျေးရွာအုပ်စုရှိ နေအိမ်များအား ကြည့်ရှုစစ်ဆေးကာ လေဘေးသင့်ပြည်သူများအား အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။
မွန်မလေး
https://t.me/MyanmarNationalPost






No comments:
Post a Comment