ပေကျင်း၊ ဇူလိုင် ၅
တရုတ်နိုင်ငံ ပေကျင်းမြို့တွင် လက်ရှိကျင်းပနေသော ၁၃ ကြိမ်မြောက် ကမ္ဘာ့ငြိမ်းချမ်းရေးဖိုရမ် (WPF) ၌ နိုင်ငံနှင့် ဒေသ ၈၆ ခုမှ ဧည့်သည်တော် ၁,၂၀၀ ကျော် စုဝေးကာ ကမ္ဘာ့ငြိမ်းချမ်းရေးကို ထိန်းသိမ်းရေးနှင့် ပဋိပက္ခများ ကိုင်တွယ်ဖြေရှင်းရေးဆိုင်ရာ ကိစ္စရပ်များအား အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
“ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် သာယာဝပြောရေး အဆင့်မြှင့်တင်ကာ တာဝန်ယူမှု တာဝန်ခံမှု၊ အကျိုးဖြစ်ထွန်းမှုနှင့် အောင်မြင်မှု မျှဝေစို့” ဟူသော ခေါင်းစဉ်ဖြင့် ကျင်းပသော အဆိုပါ ဖိုရမ်အား ဇူလိုင် ၂ ရက်မှ ၄ ရက်အထိ ကျင်းပခြင်းဖြစ်ပြီး မဟာဗျူဟာရေးဆွဲရေးပညာရှင်များ၊ မူဝါဒရေးဆွဲရေး အဆင့်မြင့်အရာရှိများနှင့် နိုင်ငံရေးခေါင်းဆောင်ဟောင်းများ အတူတကွ စုဝေးဆွေးနွေးဖလှယ်ကြခြင်း ဖြစ်သည်။
“ရှုပ်ထွေး များပြားတဲ့ နိုင်ငံတကာ ဖြစ်ပေါ်တိုးတက်မှုတွေ၊ ဒေသဆိုင်ရာ ပဋိပက္ခတွေကို ရင်ဆိုင်ရာမှာ ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှုက မကြုံစဖူးစိန်ခေါ်မှုတွေကို ကြုံတွေ့နေရတယ်” ဟု ချင်းဟွာတက္ကသိုလ် ဥက္ကဋ္ဌ၊ WPF သဘာပတိ လီလုမိန်က ဇူလိုင် ၃ ရက်တွင် ပြုလုပ်သော ဖွင့်ပွဲအခမ်းအနား၌ ပြောကြားခဲ့သည်။
ရှုပ်ထွေးနေသော နိုင်ငံတကာအခင်းအကျင်းနှင့် မြင့်တက်လာသော ပထဝီနိုင်ငံရေးတင်းမာမှုများကြားမှ စည်းလုံးညီညွတ်မှုနှင့် ဆွေးနွေးညှိနှိုင်းမှုက အခြားအရာများထက် ပိုမိုအရေးပါကြောင်း လီက မှတ်ချက်ပြုခဲ့သည်။
ထို့ပြင် ဂျပန်ဝန်ကြီးချုပ်ဟောင်း ယူကီအို ဟာတိုယာမာကလည်း အင်အားမသုံးဘဲ ဆွေးနွေးညှိနှိုင်းမှုဖြင့်သာ ငြိမ်းချမ်းရေးကိုရရှိနိုင်မည်ဖြစ်ကြောင်း၊ ယခုဖိုရမ်အနေဖြင့် ယင်းအချက်ကို အထူးအလေးထား ဖော်ဆောင်လျက်ရှိကြောင်း ဖွင့်ပွဲအခမ်းအနား မိန့်ခွန်း၌ ထည့်သွင်းပြောကြားခဲ့သည်။
အရှေ့အာရှ အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံ၊ ဥရောပရှိ အလယ်အလတ် အင်အားကြီးနိုင်ငံများနှင့် အနီးကပ်လုပ်ကိုင်ဆောင်ရွက်ရန် ကမ္ဘာ့တောင်ဘက်ခြမ်းက အမေရိကန်နိုင်ငံထံမှ သီးခြားရပ်တည်မှု ခိုင်မာအားကောင်းရန်မှာ မရှိမဖြစ် အရေးပါကြောင်း ဟာတိုယာမာက ပြောကြားခဲ့သည်။ ထို့ပြင် ဂျပန်၊ တရုတ်နှင့် တောင်ကိုရီးယားနိုင်ငံအကြား သုံးနိုင်ငံ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ခြင်းကလည်း အထူးသဖြင့် အရေးပါကြောင်း ၎င်းက အလေးထားပြောကြားခဲ့ကြောင်း သိရသည်။
Ref - (Xinhua)
https://t.me/MyanmarNationalPost
No comments:
Post a Comment