မြောက်ဥက္ကလာပ၊ ဇူလိုင် ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်ရှိ အမှတ်(၃)အခြေခံပညာအထက်တန်း ကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတများရရှိစေရန်အတွက် လူငယ်ရေးရာ အသိပညာပေး ဟောပြောခြင်းကို ယနေ့ နံနက် ၁၀ နာရီ အချိန် အဆိုပါကျောင်းတွင် ပြုလုပ်ခဲ့သည်။
ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်လောဟာက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ် သိင်္ဂီပြည့်ဖြိုးက မိမိတို့ဦးစီးဌာနမှ လူငယ်၊လူရွယ်များ စာဖတ်ရှိန်မြှင့်တင်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ၊ လူငယ်၊ လူရွယ်များ စာအုပ်စာပေများ ဖတ်ရှုခြင်းအားဖြင့် အသိပညာဗဟုသုတများ ကြွယ်၀ပြီးစဉ်းစားတွေးခေါ်မှု အသိဉာဏ်များပိုမိုရှင်သန်လာစေခြင်းနှင့် ပြင်ပဗဟုသုတများ တိုးပွားလာစေခြင်းအကျိုးကျေးဇူးများ ရရှိစေခြင်း၊ တိုးတက်သော နိုင်ငံများမှပြည်သူများသည် စာအုပ်စာပေများကို နေ့စဉ်ဖတ်ရှုလေ့လာကြပါကြောင်း စသည့်အသိပညာဗဟုသုတများကိုရှင်းလင်းဟောပြောပေးခဲ့သည်။
ထို့နောက် မြောက်ဥက္ကလာပ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူးအဆင့်(၁) ဦးဇေယျာလင်းက မိုးရာသီတွင် ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးသိန်းဝင်းဇော်က အာဇာနည်နေ့ ခေါင်းစဉ်ဖြင့် လည်းကောင်း ၊ မြို့နယ်အားကစား နှင့် ကာယသိပ္ပံ ဦးစီးဌာန မှ မြို့နယ်အားကစားမှူး ဦးအောင်နိုင်ဦးက လူငယ် နှင့် အားကစားအကြောင်းအား အကျယ်တ၀င့် အသိပညာပေး ရှင်းလင်း ဟောပြောခဲ့သည်။
ဆက်လက်၍ မြို့နယ် အားကစား နှင့် ကာယသိပ္ပံ ဦးစီးဌာနမှ ထောက်ပံ့ပေးအပ်သော အားကစားပစ္စည်းများအား မြို့နယ်အားကစားမှူးက ထောက်ပံ့ပေးအပ်ရာ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်းအုပ်ဆရာကြီး ဦးခိုင်စိုးက လက်ခံရယူခဲ့ပြီး ကျောင်းအုပ်ဆရာကြီးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ယင်းနောက် မြို့နယ်ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှ ခင်းကျင်းပြသထားသော အသိပညာပေး နံရံကပ် ဗီနိုင်း၊ ပိုစတာများ ၊ သုတ၊ ရသ စာအုပ် စာစောင်များအား ကျောင်းသား၊ ကျောင်းသူများက စိတ်ပါ၀င်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
သက်လွင်စိုး
https://t.me/MyanmarNationalPost








No comments:
Post a Comment