ရုရှားနိုင်ငံ Kamchatka ကျွန်းဆွယ် အနီးတစ်ဝိုက် အင်အားပြင်းငလျင်ကြောင့် တစ်ကမ္ဘာလုံး ဒေသအများအပြား၌ ဆူနာမီသတိပေးချက်များ ထုတ်ပြန် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရုရှားနိုင်ငံ Kamchatka ကျွန်းဆွယ် အနီးတစ်ဝိုက် အင်အားပြင်းငလျင်ကြောင့် တစ်ကမ္ဘာလုံး ဒေသအများအပြား၌ ဆူနာမီသတိပေးချက်များ ထုတ်ပြန်



ပေကျင်း၊ ဇူလိုင် ၃၀

ရုရှားနိုင်ငံ Kamchatka ကျွန်းဆွယ်အနီးပင်လယ်ပြင်၌ လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်၏ သက်ရောက်မှုကြောင့် ရုရှား၊ ဂျပန်၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ အမေရိကန်၊ ကနေဒါ၊ မက္ကဆီကို စသည့် ပစိဖိတ်သမုဒ္ဒရာ ကမ်းရိုးတန်းရှိ ဒေသအများအပြားတွင် ဆူနာမီ ကြိုတင်သတိပေးချက် သို့မဟုတ် သတိပေးချက်များ ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

ရုရှားသိပ္ပံအကယ်ဒမီ ဘူမိရူပဗေဒဆိုင်ရာ ပေါင်းစပ်ဝန်ဆောင်မှုအဖွဲ့ Kamchatka ဌာနခွဲ၏ ဇူလိုင် ၃၀ ရက်တွင် လူမှုမီဒီယာ၌ သတင်းထုတ်ပြန်ချက်အရ Kamchatka ကျွန်းဆွယ် အနီးတစ်ဝိုက် ပင်လယ်ပြင်၌ ဇူလိုင် ၃၀ ရက်က လှုပ်ခတ်ခဲ့သည့် ငလျင်ပြင်းအားကို ၈.၇ အဆင့်အဖြစ် ပြင်ဆင်ခဲ့ကြောင်း၊ ယင်းသည် ၁၉၅၂ ခုနှစ်မှစ၍ အဆိုပါဒေသတွင် လှုပ်ခတ်ခဲ့သည့် အင်အားအပြင်းဆုံး ငလျင်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် Kamchatka ဒေသ Yelizovsky ခရိုင် ကမ်းရိုးတန်းတွင် ၃ မီတာမှ ၄ မီတာအမြင့်ရှိသည့် ဆူနာမီလှိုင်းလုံးများကို စောင့်ကြည့်တိုင်းတာတွေ့ရှိရကြောင်း ရုရှားနိုင်ငံ အရှေ့ဖျားဒေသ Kamchatka ဒေသ အရေးပေါ်အခြေအနေဌာန သတင်းအရသိရသည်။ သက်ဆိုင်ရာဒေသမှ လူအားလုံး ရေပြင်နှင့်ဝေးကွာသော မြေပြင်အနေအထား အသင့်အတင့်မြင့်မားသည့်ဒေသသို့ ချက်ချင်းရွှေ့ပြောင်းရန်လည်း အရေးပေါ်အခြေအနေဌာနက သတိပေးထားသည်။

ဂျပန်မိုးလေဝသအေဂျင်စီက ဇူလိုင် ၃၀ ရက်တွင် ပစိဖိတ်သမုဒ္ဒရာ ကမ်းရိုးတန်းဒေသအများအပြားအပေါ် ဆူနာမီကြိုတင်သတိပေးချက်နှင့် သတိပေးချက်များ ထုတ်ပြန်ခဲ့သည်။ ဆူနာမီသည် ဒေသစံတော်ချိန် ဇူလိုင် ၃၀ ရက် ၁၀ နာရီ ၃၀ မိနစ်ဝန်းကျင်တွင် ဂျပန်နိုင်ငံ ဟော့ကိုင်းဒိုးသို့ ရောက်ရှိခဲ့ကြောင်း၊ ဟော့ကိုင်းဒိုး ဒေသအများအပြားတွင် ဝ.၃ မီတာမှ ဝ.၄ မီတာရှိသည့် ဆူနာမီရေလှိုင်းများ တိုင်းတာတွေ့ရှိရကြောင်း ဂျပန် NHK သတင်းဌာနက ဖော်ပြထားသည်။

ဖိလစ်ပိုင်နိုင်ငံ မီးတောင်နှင့် ငလျင်သုတေသနဌာနက ယင်းနိုင်ငံ ပစိဖိတ်သမုဒ္ဒရာ ကမ်းရိုးတန်းဒေသတွင် ၁ မီတာမပြည့်သည့် ဆူနာမီရေလှိုင်းများ ပေါ်ထွက်လာမည်ဟု ခန့်မှန်းရကြောင်း၊ ပထမအသုတ် ဆူနာမီရေလှိုင်းများသည် ထိုနေ့ နေ့လယ် ၁ နာရီ ၂၀ မိနစ်မှ ၂ နာရီ ၄၀ မိနစ်အတွင်း ရောက်ရှိလာမည်ဟု ခန့်မှန်းရကြောင်း၊ ဆူနာမီရေလှိုင်းများ လှုပ်ရှားသည့်အချိန်သည် နာရီအနည်းငယ် ကြာရှည်နိုင်ကြောင်း ဇူလိုင် ၃၀ ရက် နံနက်ပိုင်းတွင် ပြောကြားခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံ မိုးလေဝသ၊ ရာသီဥတုနှင့် ဘူမိရူပဗေဒ အေဂျင်စီကလည်း ကြေညာချက်ထုတ်ပြန်၍ ယခုအကြိမ် အင်အားပြင်းငလျင်ကြောင့် အဝေးဆူနာမီဖြစ်ပွားစေနိုင်သည့် ဖြစ်နိုင်ခြေရှိပြီး အင်ဒိုနီးရှားနိုင်ငံ အချို့သော ကမ်းရိုးတန်းဒေသအပေါ် ခြိမ်းခြောက်မှုဖြစ်စေကြောင်း၊ ကြိုတင်သတိပေးချက် အချက်အလက်များအရ အင်ဒိုနီးရှားနိုင်ငံ ဒေသအများအပြားတွင် ဝ.၅ မီတာအောက်နိမ့်သော ဆူနာမီရေလှိုင်းများ ပေါ်ထွက်နိုင်ကြောင်း ပြောကြားခဲ့သည်။

အမေရိကန် ဘူမိဗေဒဆိုင်ရာ သုတေသနအဖွဲ့ (USGS) အမျိုးသားဆူနာမီသတိပေးစင်တာက ငလျင်လှုပ်ခတ်ပြီးနောက် အလက်စကာပြည်နယ် အလူးရှင်းကျွန်းစုနှင့် ဟာဝိုင်ယီပြည်နယ်တို့တွင် ဆူနာမီ သတိပေးချက်များ ထုတ်ပြန်ခဲ့ပြီး ကယ်လီဖိုးနီးယားပြည်နယ်၊ အိုရီဂွန်ပြည်နယ်နှင့် ဝါရှင်တန်ပြည်နယ်တို့တွင် ဆူနာမီကြိုတင်သတိပေးချက်များ ထုတ်ပြန်ခဲ့ကြောင်း၊ တစ်ချိန်တည်းတွင် ဂူအမ်ကျွန်းနှင့် အမေရိကန် ဆမိုးအားဒေသတို့တွင်လည်း ဆူနာမီ ကြိုတင်သတိပေးချက်များ ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

ငလျင်ကြောင့်ဖြစ်ပေါ်လာသည့် ပထမအသုတ် ဆူနာမီရေလှိုင်းများသည် ဟာဝိုင်ယီပြည်နယ် ဒေသစံတော်ချိန် ဇူလိုင် ၂၉ ရက် ည ၇ နာရီ ၁၀ မိနစ်ဝန်းကျင်တွင် အဆိုပါကျွန်းစုများသို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရပြီး ဖျက်ဆီးနိုင်သော ဆူနာမီများ ဖြစ်ပေါ်နိုင်ခြေရှိကြောင်း၊ ဟာဝိုင်ယီပြည်နယ် အရေးပေါ်စီမံခန့်ခွဲမှုဌာနက ၎င်း၏ အရေးပေါ်လှုပ်ရှားမှုစင်တာနှင့် ပူးတွဲသတင်းအချက်အလက်စင်တာများ စတင်လုပ်ဆောင်နေပြီ ဖြစ်ကြောင်း အမေရိကန်မီဒီယာ၏ သတင်းဖော်ပြချက်အရ သိရသည်။

ကနေဒါနိုင်ငံ ဗြိတိသျှ ကိုလံဘီယာပြည်နယ်က အဆိုပါပြည်နယ် ကမ်းရိုးတန်းဒေသအား ဆူနာမီကြိုတင်သတိပေးချက်များ ထုတ်ပြန်ခဲ့ပြီး အဆိုပါပြည်နယ်ကမ်းရိုးတန်းတွင် “ဆူနာမီရေလှိုင်းများ အကြိမ်များစွာ” ပေါ်ထွက်လာမည်ဖြစ်ကြောင်း၊ သို့သော် လှိုင်းလုံးအမြင့်သည် ဝ.၃ မီတာပင် မပြည့်နိုင်ကြောင်း၊ ပထမအသုတ် ဆူနာမီရေလှိုင်းသည် ဒေသစံတော်ချိန် ဇူလိုင် ၂၉ ရက် ည ၁၀ နာရီ ၀၅ မိနစ်တွင် လန်ဂါရာကျွန်းသို့ ရောက်ရှိမည်ဟု ခန့်မှန်းရကြောင်း ဖော်ပြထားသည်။

မက္ကဆီကိုနိုင်ငံ အစိုးရကလည်း ဒေသခံပြည်သူများ ကမ်းခြေဒေသနှင့် ဝေးရာတွင်နေထိုင်ရန် ဌာနဆိုင်ရာအဆင့်ဆင့်အား တောင်းဆိုထားကြောင်း သိရသည်။ 


Ref - (Xinhua)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)