ယာယီသမ္မတဦးမြင့်ဆွေ၏ ဈာပနအခမ်းအနားအား နိုင်ငံတော်ဈာပနအခမ်းအနားအဖြစ် ကျင်းပဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ယာယီသမ္မတဦးမြင့်ဆွေ၏ ဈာပနအခမ်းအနားအား နိုင်ငံတော်ဈာပနအခမ်းအနားအဖြစ် ကျင်းပဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ


နေပြည်တော်၊ ဩဂုတ် ၇

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ ဦးမြင့်ဆွေ သည် အမှတ်(၂) တပ်မတော်ဆေးရုံကြီး ခုတင်(၁၀၀၀) အထူးကြပ်မတ်ကုသဆောင်၌ ဆေးရုံတက်ရောက် ၍ အထူးကြပ်မတ်ကုသမှုခံယူလျက်ရှိရာမှ ယနေ့ နံနက်ပိုင်းတွင် ကွယ်လွန် သွားခဲ့သော ကြောင့် ၎င်း၏ဈာပနအခမ်းအနားအား နိုင်ငံတော်ဈာပနအခမ်းအနားအဖြစ် ကျင်းပ ဆောင်ရွက်သွားမည်ဖြစ်သည်။

ထိုသို့ ယာယီသမ္မတဦးမြင့်ဆွေ၏ ဈာပနအခမ်းအနားအား နိုင်ငံတော်ဈာပန အခမ်းအနားအဖြစ် ကျင်းပဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ ညနေပိုင်းတွင် နိုင်ငံတော်ဝန်ကြီးချုပ်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ဈာပန အခမ်းအနားကျင်းပရေးဦးစီးကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော တက်ရောက်အမှာစကားပြောကြားသည်။

အခမ်းအနားသို့ ဈာပနအခမ်းအနားကျင်းပရေး ဦးစီးကော်မတီ ဒုတိယဥက္ကဋ္ဌ (၁) ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်၊ ဈာပနအခမ်းအနားကျင်းပရေးဦးစီးကော်မတီ ဒုတိယဥက္ကဋ္ဌ (၂) ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီးကျော်စွာလင်း၊ ကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

နိုင်ငံတော် ဦးစွာ ဈာပနအခမ်းအနားကျင်းပရေး ဦးစီးကော်မတီ ဥက္ကဋ္ဌ ဝန်ကြီးချုပ် ဦးညိုစော က အမှာစကားပြောကြားရာတွင် ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော် ယာယီသမ္မတဦးမြင့်ဆွေသည် ယနေ့နံနက်ပိုင်းတွင် ကွယ်လွန်သွား ခဲ့ကြောင်း၊ ထို့ကြောင့် ၎င်း၏ဈာပနကို နိုင်ငံတော်ဈာပနအဖြစ် ကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော်ဈာပန အခမ်းအနားကျင်းပရေးနှင့် စပ်လျဉ်း၍ ဈာပန အခမ်းအနားကျင်းပရေး ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီများကို အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံးမှ ဖွဲ့စည်းပေးခဲ့ကြောင်း၊ ထို့ပြင် ကဏ္ဍအလိုက် လုပ်ငန်းကော်မတီ (၁၁) ခု ကိုလည်း ဖွဲ့စည်းထားပြီဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံတော်ဈာပနအခမ်းအနားတွင် လိုအပ်ချက်များမရှိစေရန် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။

ထို့ပြင် ကော်မတီများအလိုက် လုပ်ငန်းတာဝန်များကိုလည်း ပြည့်စုံစွာ စီမံ ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ ယင်းမှသာ နိုင်ငံတော်အဆင့်ဈာပန အခမ်းအနား ကို အောင်မြင်စွာ ကျင်းပနိုင်မည်ဖြစ်ကြောင်း၊ အလားတူ ကော်မတီတစ်ခုနှင့် တစ်ခု အချိတ်အဆက်မိမိဖြင့် ဆောင်ရွက်နိုင်ရန်လည်း အလွန်အရေးကြီးကြောင်း၊ အခမ်း အနားအစီအစဉ်များ ဆောင်ရွက်ရာတွင် အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင် ရန်အတွက်လည်း ဂရုပြု၍ ကြိုတင်စီစဉ် ဆောင်ရွက်ထားကြစေလိုကြောင်း နှင့် လုပ်ငန်းများအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကော်မတီဝင်များ အနေဖြင့် လိုအပ်သည်များကို ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးကြစေလိုကြောင်း ဖြင့်ပြောကြား သည်။

ထို့နောက် ဈာပနအခမ်းအနားကျင်းပရေး ဦးစီးကော်မတီ ဒုတိယဥက္ကဋ္ဌ (၁) ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင် က ဈာပနအခမ်းအနားကျင်းပမည့်လမ်းကြောင်းတစ်လျှောက် ပြင်ဆင်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ ဖိတ်ကြားရေး၊ တည်းခိုရေးနှင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ စနစ်တကျ ဆောင်ရွက်နိုင်ရေး၊ ဈာပနအခမ်းအနားကျင်းပမည့်နေရာ အဝင်/ အထွက် လမ်းကြောင်းတစ်လျှောက် သန့်ရှင်းသပ်ရပ်မှုရှိစေရေးနှင့် စနစ်တကျရှိစေရေး၊ ကော်မတီအလိုက် စနစ်တကျ ပူးပေါင်းဆောင်ရွက်နိုင်ရေး လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြသည်။

ယင်းနောက် ဈာပနာအခမ်းအနားကျင်းပရေး ဦးစီးကော်မတီ ဒုတိယဥက္ကဋ္ဌ (၂) ဗိုလ်ချုပ်ကြီးကျော်စွာလင်းက နိုင်ငံတော်အဆင့်ဈာပနာအခမ်းအနားတွင် အခမ်းအနား ပြင်ဆင်ဆောင်ရွက်ရေးနှင့် နေရာချထားရေး၊ မိုးရာသီကာလဖြစ်သည့်အတွက် ကော်မတီများအလိုက် အရန်အစီအစဉ်များ စီစဉ်ဆောင်ရွက်ထားနိုင်ရေး၊ အခမ်းအနား လမ်းတစ်လျှောက် သန့်ရှင်းသပ်ရပ်စွာ ဆောင်ရွက်ထားရှိရေးနှင့် တခြားလိုအပ်သည့် အစီအမံများနှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြသည်။

ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာကြသည့် ကော်မတီဝင်များ က နိုင်ငံတော်အဆင့် ဈာပနအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်း ကဏ္ဍအသီးသီးတွင် လက်ရှိဆောင်ရွက်နေမှု အခြေအနေများ၊ ဆက်လက်ဆောင်ရွက် မည့် အခြေအနေများနှင့် စပ်လျဉ်း၍ ကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြသည်။

ဆွေးနွေးတင်ပြချက်များနှင့် စပ်လျဉ်း၍ နိုင်ငံတော်ဝန်ကြီးချုပ်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေး ကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)