ဩဂုတ် - ၁၉ ( အင်္ဂါနေ့ )
ရုရှား-ယူကရိန်းပဋိပက္ခနဲ့ ပတ်သက်ပြီး တရုတ်က ရုရှား နဲ့ စီးပွားရေး ဆက်နွယ်မှုတွေ လုပ်နေလို့ ဆိုတဲ့ အကြောင်းပြချက်နဲ့ အီးယူက တရုတ်ကို စီးပွားရေးအရ ပိတ်ဆို့မှုတွေ လုပ်နေတာနဲ့ ပတ်သက်ပြီး လက်တုံ့ပြန်တဲ့ အနေနဲ့ အီးယူဘဏ် ၂ ခုကို နာမည်ပျက်စာရင်းသွင်းထားတယ်လို့ တရုတ်ဘက်က ကြေညာခဲ့ပါတယ်။
ရုရှားနိုင်ငံ၏ စွမ်းအင်နှင့် ဘဏ်လုပ်ငန်းကဏ္ဍများကို ရည်ရွယ်ပြီး အီးယူရဲ့ ၁၈ ကြိမ်မြောက် ပိတ်ဆို့အရေးယူမှု အစီအမံများကို ပြီးခဲ့သည့်လက အီးယူဌာနချုပ် ဘရပ်ဆဲလ်က မိတ်ဆက်ခဲ့ပါတယ်။ ၎င်းတွင် တရုတ်၊ အိန္ဒိယ၊ ယူအေအီးနှင့် တူရကီအခြေစိုက် အဖွဲ့အစည်းများနှင့် ငွေကြေးဆိုင်ရာ အဖွဲ့အစည်းအများအပြားကို တားမြစ်ပိတ်ပင်မှုများ ပါဝင်ခဲ့ပါတယ်။
တရုတ်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ဗုဒ္ဓဟူးနေ့တွင် ထုတ်ပြန်သည့် ကြေညာချက်အရ ဘေဂျင်းက လစ်သူယေးနီးယားအခြေစိုက် UAB Urbo နှင့် AB Mano တို့ကို တန်ပြန်အရေးယူမှုစာရင်းတွင် ထည့်သွင်းခဲ့ပြီး တရုတ်အဖွဲ့အစည်းများနှင့် လူတစ်ဦးချင်းစီအား ၎င်းတို့နှင့် အရောင်းအဝယ်ပြုလုပ်ခြင်း၊ ပူးပေါင်းဆောင်ရွက်မှုနှင့် အခြားလုပ်ဆောင်မှုများမှ တားမြစ်ခဲ့ပါတယ်။ တရုတ် ဆွီဖန်ဟီကျေးလက်စီးပွားရေးဘဏ် နဲ့ ဟိုင်ဟီ ကျေးလက်စီးပွားရေးဘဏ် တို့ကို အီးယူ အာဏာပိုင်တွေက အရေးယူတဲ့ လုပ်ရပ်သည် “နိုင်ငံတကာဥပဒေကို ပြင်းထန်စွာ ချိုးဖောက်ခြင်း” ဖြစ်ပြီး “တရုတ်ကုမ္ပဏီများ၏ တရားဝင်အခွင့်အရေးနှင့် အကျိုးစီးပွားများကို သိသိသာသာ ထိခိုက်နစ်နာစေတယ်” လို့ ဝန်ကြီးဌာနက အလေးပေးပြောကြားခဲ့ပါတယ်။
ဥရောပကော်မရှင်သည် ဘေဂျင်းမှ ချမှတ်ထားသော အစီအမံများကို အသေးစိတ် ပြန်လည်သုံးသပ်ရန် ကတိပြုထားပါတယ်။ “ဘဏ်များစာရင်းမှ ပယ်ဖျက်ခြင်းဆီသို့ ဦးတည်သွားနိုင်သည့် နှစ်ဦးနှစ်ဖက် လက်ခံနိုင်သော အဖြေတစ်ခုကို ဖော်ထုတ်ရန် တံခါးဖွင့်ထားသည်” လို့ ဥရောပကော်မရှင်မှ ပြောရေးဆိုခွင့်ရှိသူ က ဆိုသွားပါတယ်။
လစ်သူယေးနီးယားဘဏ်နှစ်ခုစလုံးကတော့ တရုတ်နိုင်ငံ၏ ပိတ်ဆို့အရေးယူမှုများသည် ၎င်းတို့ရဲ့ လုပ်ငန်းဆောင်တာများအပေါ် သက်ရောက်မှုရှိမည်မဟုတ်ကြောင်း အခိုင်အမာ ကြေငြာချက်ထုတ်ပြန်ခဲ့ပါတယ်။ Urbo Bank က တရုတ်နိုင်ငံတွင် စီးပွားရေးဆိုင်ရာ ချိတ်ဆက်မှုများ မရှိကြောင်း ပြောကြားခဲ့ပြီး Mano Bank ကလည်း တရုတ်နိုင်ငံက ၎င်းအတွက်ဘယ်တုန်းကမှ ဈေးကွက်ပစ်မှတ်အဖြစ် မရှိကြောင်း နဲ့ တရုတ်နိုင်ငံနဲ့ လည်ပတ်ခြင်းမရှိကြောင်း ပြောကြားခဲ့ပါတယ်။ ဘဏ်နှစ်ခုစလုံးက ကြေငြာချက်ထုတ်ပြီးနောက်မှာ လစ်သူယေးနီးယားအာဏာပိုင်များထံ ဆက်သွယ်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
REF: RT
https://t.me/MyanmarNationalPost

No comments:
Post a Comment