ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း ဆိုလာနှင့် ဆက်စပ်ပစ္စည်းများ တပ်ဆင်ထုတ်လုပ်မည့်စက်ရုံ ကြည့်ရှုစစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း ဆိုလာနှင့် ဆက်စပ်ပစ္စည်းများ တပ်ဆင်ထုတ်လုပ်မည့်စက်ရုံ ကြည့်ရှုစစ်ဆေး


နေပြည်တော်၊ ဩဂုတ် ၄

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ New Stellar Energy MM Co.,Ltd. ၏ ဆိုလာနှင့် ဆက်စပ်ပစ္စည်းများ တပ်ဆင်ထုတ်လုပ်မည့်စက်ရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာနအနေဖြင့် စက်တပ်ဆင်ရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ အချိန်မီပြီးစီးရေး၊ စနစ်တကျရှိရေး၊ လိုအပ်ချက်များကို အချိန်နှင့်တစ်ပြေးညီ ကူညီဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးအတွက် အနီးကပ်ကြီးကြပ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ကုမ္ပဏီအနေဖြင့် ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများ အချိန်မီပြီးစီးရေးအတွက် Check List များ ပြုစုဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထုတ်ကုန်ပစ္စည်းများသည် ပြည်ပမှတင်သွင်းသည့် အလားတူပစ္စည်းများနှင့် ဈေးကွက်အတွင်း၌ ဈေးနှုန်း၊ အရည်အသွေးများ ယှဉ်ပြိုင်ရောင်းချနိုင်အောင် ကြိုးစားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အနေဖြင့် စိုက်ပျိုးရေးအခြေခံ၍ စက်မှုလုပ်ငန်းများကို ဖွံ့ဖြိုးတိုးတက်အောင် တွန်းအားပေးဆောင်ရွက်လျက်ရှိပြီး စိုက်ပျိုးရေရရှိရေး၊ ထွက်ရှိလာသည့် သီးနှံများအခြောက်ခံသည့် လုပ်ငန်းစဉ်များတွင် ဆိုလာများကို အသုံးပြုလျက်ရှိကြောင်း၊ ထို့ကြောင့် ဆိုလာများ တပ်ဆင်ထုတ်လုပ်သည့်လုပ်ငန်းများ အမြန်ဆုံးစတင်ဆောင်ရွက်နိုင်ရေး အလေးထားဆောင်ရွက် ရန်လိုအပ်ကြောင်းမှာကြားပြီး ကုမ္ပဏီတာဝန်ရှိသူများ၏ တင်ပြချက်များကို ညှိနှိုင်းပေါင်းစပ် ဖြေရှင်းဆောင်ရွက်ပေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဆိုလာနှင့်ဆက်စပ်ပစ္စည်းများ တပ်ဆင်ထုတ်လုပ်မည့်စက်ရုံ တည်ဆောက်နေမှု၊ လျှပ်စစ်သုံးမော်တာ်ယာဉ်များအား SKD စနစ်ဖြင့် တပ်ဆင်ထုတ်လုပ်မည့်စက်ရုံ တည်ဆောက်ပြီးစီးမှုအခြေအနေတို့ကို လှည့်လည်အားပေးကြည့်ရှုစစ်ဆေးသည်။

New Stellar Energy MM Co.,Ltd. ၏ ဆိုလာနှင့်ဆက်စပ်ပစ္စည်းများ တပ်ဆင်ထုတ်လုပ်မည့်စက်ရုံကို ဇူလိုင် ၂၅ ရက်တွင် စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး ၂၀၂၆ ခုနှစ် ဇန်နဝါရီလတွင် စတင်ထုတ်လုပ်နိုင်ရေး ဦးတည်ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်းနှင့် စက်ရုံတည်ဆောက်ပြီးစီးပါက Solar Panel ၊ Inverter ၊ Battery ၊ PV Bracket များကို အရည်အသွေးပြည့်မီအောင် တပ်ဆင်ထုတ်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)