ဩဂုတ် - ၂၄ (တနင်္ဂနွေနေ့)
အမေရိကန် ကာကွယ်ရေးဝန်ကြီး ပီတီဟဂ်ဆက် က မြို့တော်ဝါရှင်တန်ဒီစီတွင် ကင်းလှည့်နေတဲ့ အမျိုးသားအစောင့် တပ်ဖွဲ့ဝင်များကို တာဝန်ကျချိန်အတွင်း လက်နက်များ ကိုင်ဆောင်ရန် ခွင့်ပြုလိုက်ပြီလို့ ကာကွယ်ရေးအရာရှိတစ်ဦးက ပြောကြားခဲ့ပါတယ်။
ဝါရှင်တန်ဒီစီ မှာ မှုခင်းဖြစ်ပွားနိုင်သည့် ရပ်ကွက်များတွင် လုံခြုံရေးကင်းလှည့်နေတဲ့ တပ်ဖွဲ့ဝင် ၂၀၀၀ နီးပါးအား ၎င်းတို့၏ စစ်ဆင်ရေးများကို တိုးချဲ့ရန် လမ်းဖွင့်ပေးလိုက်တာပဲ ဖြစ်ပါတယ်။ "ကာကွယ်ရေးဝန်ကြီးရဲ့ ညွှန်ကြားချက်အရ၊ မြို့တော်တွင် မှုခင်းဖြစ်ပွားမှုနှုန်းကို လျှော့ချဖို့အတွက် မစ်ရှင်ကို ပံ့ပိုးကူညီနေသော ဒီစီပူးပေါင်း အဖွဲ့ဝင်များ အနေနဲ့ တာဝန်ချိန်အတွင်းမှာ လုပ်ဆောင်နေတဲ့ တာဝန်နဲ့ သင့်တော်တဲ့ သေနတ်တွေကို ကိုင်ခွင့်ပေးလိုက်တာပါ။ မကြာခင်မှာပဲ အဲ့ဒိအမိန့်က အသက်ဝင်တော့မှာပါ” လို့ အဆိုပါအရာရှိက ပြောကြားခဲ့ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က ကြာသပတေးနေ့တွင် အမျိုးသားအစောင့်တပ်သားများနှင့်အတူ ဝါရှင်တန်ကို လာရောက်လည်ပတ်ခဲ့ပြီး စစ်တပ်က မြို့တော်အတွင်း တရားဥပဒေစိုးမိုးရေးတွင် ပိုမိုကြီးမားတဲ့ အခန်းကဏ္ဍမှ ပါဝင်လာရမယ်လို့ အကြံပြုခဲ့ပါတယ်။
"မင်းတို့ သန်မာရမယ်၊ မင်းတို့ တောင့်တင်းရမယ်" လို့ ထရမ့် ကအန်နာကော့စ်တာစစ်ဆင်ရေး အဆောက်အအုံမှာ အစောင့်တပ်သားတွေကို ပြောခဲ့ပါတယ်။ "မင်းတို့အလုပ် မင်းတို့လုပ်ရမှာ။ မင်းတို့အလုပ်အတွက် မင်းတို့ဘာပဲလုပ်လုပ် ငါတာဝန်ယူမှာပါ" လို့လည်း ပြောသွားပါတယ်။
စစ်သားတွေက လက်နက်များ ကိုင်ဆောင်ထားပေမဲ့ ဖမ်းဆီးခြင်း အလုပ်ကို လုပ်မှာမဟုတ်ပါဘူး။ လိုအပ်ပါက တရားဥပဒေစိုးမိုးရေးသို့ အမြန်ဆုံးမလွှဲပြောင်းမီ ယာယီထိန်းသိမ်းထားဖို့ အမိန့်ပေးထားပါတယ်။
အနောက်ဗာဂျီးနီးယား၊ တောင်ကယ်ရိုလိုင်းနား၊ မစ္စစ္စပီ၊ အိုဟိုင်းယိုးပြည်နယ်၊ လူဝီစီယားနားနှင့် တန်နက်ဆီတို့မှ တပ်ဖွဲ့ဝင် ၁၉၀၀ ကျော်ကိုလည်း မစ်ရှင်ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ဆင့်ခေါ်ထားကြောင်း ဒီစီ ပူးပေါင်းရေးအဖွဲ့က ကြာသပတေးနေ့တွင် ထုတ်ပြန်ခဲ့ပါတယ်။
REF: UPI
https://t.me/MyanmarNationalPost


No comments:
Post a Comment