သာယာဝတီ၊ သြဂုတ် ၁၈
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲဝင် ဝန်ကြီးများနှင့် အတူ ယမန်နေ့ နံနက်ပိုင်းက သာယာဝတီခရိုင်အတွင်း စားရေရိက္ခာဖူလုံစေရေး စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုအားပေးသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများသည် သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ ဂွေးတောက်ကွင်းကျေးရွာအုပ်စုရှိ မွေးမြူရေးလုပ်ငန်းရှင် ဦးအေးစိုး၏ ငါးဒန်ငါးမျိုးကောင်ရေ(၂)သိန်း မွေးမြူထားရှိမှုအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့ပြီး တိုင်ရင်းငါးမျိုးများကိုလည်း သားဖောက်မွေးမြူရန်၊ စုပ်ခွက်ငါးနှိမ်နင်းရေးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ရန်နှင့် ဒေသထွက် ကုန်ကြမ်းပစ္စည်းများအခြေပြု၍ မွေးမြူရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။
ထိုနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပီထရိန်းအမျိုးအစား အသားတိုးဝက် ကောင်ရေ(၇၀)နှင့် DYL အမျိုးအသား မျိုးဝက်မ ကောင်ရေ(၂၀) မွေးမြူထားရှိမှုအား ကြည့်ရှုအားပေးခဲ့ပြီး ဒေသဝက်နှင့် ဒေသကြက်တို့လည်း တွဲဖက်မွေးမြူရန်နှင့် ဇီဝလုံခြုံရေး အလေးထားဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့သည်။
ယင်းနောက် လက်ပံတန်းမြို့နယ်၊ ကျွန်းကလေးကျေးရွာ၌ မွေးမြူရေးလုပ်ငန်းရှင် ဦးရှိန်ဝင်း၏ ဒေသနွား၊ ဘရာမင် အမျိုးအစား အသားတိုးနွားနှင့် အင်ဒိုဘရာဇီးအမျိုးအစား နို့စားနွား စုစုပေါင်းနွားကောင်ရေ(၉၆)ကောင် မွေးမြူထားရှိမှုအား ကြည့်ရှုအားပေးခဲ့ပြီး ဒေသနွားမျိုးများအား မေထုန်မဲ့သားစပ်ခြင်းဖြင့် မျိုးမြှင့်တင်ခြင်းဆောင်ရွက်ရန်၊ ခြံလှောင်စနစ်မှ ထွက်ရှိလာသည့် တိရစ္ဆာန်စွန့်ပစ်ပစ္စည်းများဖြင့် သဘာဝမြေဩဇာထုတ်လုပ်ရန်၊ ခြံလှောင်စနစ်အတွက် လိုအပ်သည့်အစာ ဖြည့်ဆည်းပေးနိုင်ရေး နေဗီယာမြက် စိုက်ပျိုးသွားရန် နှင့် ဒေသတွင်း မျိုးကောင်းမျိုးသန့်များ ထုတ်လုပ်ဖြန့်ဖြူးနိုင် ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်နိုင်ရေး တာဝန်ရှိများနှင့် ပေါင်းစပ်ညှိနှိင်း ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် သာယာဝတီမြို့နယ်၊ သင်တောရိုးကျေးရွာအာပ်စုရှိ ဆင်းသုခစပါး မျိုးစေ့ထုတ်စိုက်ခင်း အောင်မြင်ဖြစ်ထွန်းနေမှု၊ မျိုးကွဲနှုတ်ပယ်နေမှုနှင့် စုပေါင်းမြေဩဇာကြဲပတ်နေမှုတို့အား ကွင်းဆင်းကြည့်ရှုအားပေးခဲ့ပြီး ဒေသတွင်း မျိုးကောင်းမျိုးသန့်မျိုးစေ့ထုတ်စိုက်ခင်းများ ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးရန်၊ ရေမြေသဘာဝနှင့်ကိုက်ညီပြီး ပန်းတိုင်အထွက်နှုန်းကျော်လွန်ထွက်ရှိသည့် တောင်သူသရုပ်ပြ စံပြစိုက်ခင်းများ ဆောင်ရွက်ရန်၊ တောင်သူကိုယ်တိုင် သဘာဝမြေဩဇာထုတ်လုပ်သုံးစွဲနိုင်ရေး အသိပညာပေးရန်နှင့် ဒေသတွင်း စပါးမျိုးကွဲများပြားမှုအား လျော့ချသွားရန် တာဝန်ရှိသးများအား လမ်းညွှန်မှာကြားခဲ့ပြီး ဒေသခံတောင်သူများနှင့် တွေ့ဆုံ၍ စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက်နှုန်းရရှိရေး မျိုး၊ မြေ၊ ရေ၊ နည်း ကောင်းမွန်ပြည့်စုံရေး အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
တင်စိုး(ပဲခူး)
https://t.me/MyanmarNationalPost







No comments:
Post a Comment