ကချင်ပြည်နယ်ဝန်ကြီးချုပ် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား/ကျောင်းသူများအား ပညာရည်ချွန်ဆုများ ဂုဏ်ပြုချီးမြှင့် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကချင်ပြည်နယ်ဝန်ကြီးချုပ် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား/ကျောင်းသူများအား ပညာရည်ချွန်ဆုများ ဂုဏ်ပြုချီးမြှင့်





မြစ်ကြီးနား၊ သြဂုတ် ၃

ကချင်ပြည်နယ်အတွင်း ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား/ကျောင်းသူများအား ပညာရည်ချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကို မြစ်ကြီးနား တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ သြဂုတ် ၂ ရက် နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ရာ အခမ်းအနားကို အခြေခံပညာကျောင်းများမှကျောင်းသား/ကျောင်းသူလေးများက “ဘက်စုံပညာကိုယ်ရည်ဒို့လှမ်းချီ” တေးသီချင်း၊တိုင်းရင်းသားရိုးရာအကအလှများဖြင့်သီဆိုဖျော်ဖြေဖွင့်လှစ်ပေးကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်က ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား/ကျောင်းသူများနှင့် ဆရာ/ဆရာမများအနေဖြင့် နယ်မြေဒေသ အခက်အခဲအမျိုးမျိုးကြားကကြိုးစားပြီးသင်ကြားသင်ယူမှုများကိုဆောင်ရွက်ခဲ့ကြသလို သဘာဝဘေးအန္တရာယ်ကြောင့်စာမေးပွဲကိုလည်း(၂)ကြိမ်ကြိုး စားပြီးဖြေဆိုခဲ့ရပါကြောင်း၊ ယခုနှစ်စာမေးပွဲတွင်(၈၅၈၄)ဦးဝင်ရောက်ဖြေဆိုခဲ့ပြီး (၄၁၀၀)ဦးအောင်မြင်ခဲ့သည့်အတွက် အောင်ချက်ရာခိုင်နှုန်း(၄၇ ဒဿမ ၇၆) ရာခိုင်နှုန်းဖြင့် တစ်နိုင်ငံလုံးတွင်အဋ္ဌမအဆင့်ဖြစ်ခဲ့ပါကြောင်း၊ သို့ရာတွင် နိုင်ငံတော်အဆင့်ဝိဇ္ဇာဘာသာတွဲတွင် ပထမဆုံးအကြိမ်အဖြစ်ပထမအဆင့်ကိုရရှိခဲ့သည့်အတွက် ဂုဏ်ယူဝမ်းမြောက်ရပါကြောင်း၊ သို့ဖြစ်ပါ၍ထူးချွန်စွာဖြင့် အောင်မြင်ခဲ့သူများအားလုံးကို ယနေ့အခမ်းအနားဖြင့်ဂုဏ်ပြုချီးမြှင့်သွားမည်ဖြစ်ပြီး ကျောင်းသား/ကျောင်းသူများအနေဖြင့်လည်း နိုင်ငံတော်မှအားကိုးရသည့်ထူးချွန်ထက်မြက်သည့် ပညာရှင်များဖြစ်အောင်ဆက်လက်ကြိုးစားကြရန်လိုအပ်ပါကြောင်း ဂုဏ်ပြုပြောကြားသည်။

ဆက်လက်၍ ပညာရည်ချွန်ဆုများကိုပေးအပ်ချီးမြှင့်ရာ ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတော်အဆင့်ဝိဇ္ဇာဘာသာတွဲ၊ ဝိပ္ပံဘာသာတွဲတို့တွင် ပထမဆု၊ တတိယဆု၊ ပဉ္စမဆု၊ သတ္တမနှင့် ဒသမဆုရရှိသူ (၅)ဦး၊ ပြည်နယ်အဆင့် ဘာသာတွဲအလိုက် ပထမ၊ ဒုတိယနှင့် တတိယဆုရသူ (၉)ဦးနှင့် (၆)ဘာသာဂုဏ်ထူးရှင်(၁၄)ဦးတို့အားလည်းကောင်း၊ ပြည်နယ်ဝန်ကြီးချုပ်၏ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်၎င်းတို့၏ ဇနီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ မြစ်ကြီးနားတက္ကသိုလ်ပါမောက္ခချုပ်၊ တာဝန်ရှိသူများနှင့် ပြည်နယ်ပညာရေးမှူးတို့က (၅) ဘာသာ၊ (၄)ဘာသာနှင့်(၃)ဘာသာဂုဏ်ထူးရှင်များအားလည်းကောင်း၊ ပြည်နယ်အဆင့်အောင်ချက်အကောင်းဆုံးဆုရ မြစ်ကြီးနားခရိုင်အားလည်းကောင်း၊ ဂုဏ်ထူးအများဆုံးရအောင်သင်ကြားပေးခဲ့ကြသော ဆရာ/ဆရာမ(၁၃)ဦးတို့အားလည်းကောင်း၊ ပြည်နယ်အဆင့်အောင်ချက်အကောင်းဆုံး ဗန်းမော်မြို့နယ်အားလည်းကောင်း၊ ဂုဏ်ထူးအများဆုံးရရှိအောင် သင်ကြားပေးခဲ့သောကျောင်းနှင့် ကျောင်းသား(၁၀၀)ဦးနှင့်အထက်၊ (၁၀၀)ဦးနှင့်အောက် အောင်မြင်ခဲ့သောအခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်အထက်တန်းကျောင်းများအားလည်းကောင်း ဂုဏ်ပြုချီးမြှင့်ငွေနှင့်ဂုဏ်ပြုမှတ်တမ်းလွှာများကို အသီးသီးပေးအပ်ဂုဏ်ပြုချီးမြှင့် ပေးခဲ့ကြသည်။

ထို့နောက် ဂုဏ်ထူးရကျောင်းသား/ကျောင်းသူများကိုယ်စား မြန်မာတစ်နိုင်ငံလုံးတွင် ဝိဇ္ဇာတွဲပထမဆုရမငြိမ်းငြိမ်းလွင်နှင့် ကချင်ပြည်နယ်အဆင့်သိပ္ပံတွဲတွင် ပထမဆုရ မဆိုင်းနူးအောင်တို့က ကျေးဇူးတင်စကာပြန်လည်ပြောကြားခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပတာဝန်ရှိသူများက ဂုဏ်ထူးရကျောင်းသား/ကျောင်းသူများနှင့်အတူ နေ့လည်စာကို အတူတကွသုံးဆောင်ခဲ့ကြသည်။

ကချင်ပြည်နယ်အတွင်း ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို ခရိုင်(၆)ခရိုင်၊ မြို့နယ်(၁၂) မြို့နယ်ရှိ စာစစ်ဌာန (၂၂)ခုတွင် ဝင်ရောက်ဖြေဆိုသူ (၈၅၈၄) ဦးအနက် (၄၁၀၀)ဦး အောင်မြင်ခဲ့ သဖြင့် အောင်ချက်ရာခိုင်နှုန်း (၄၇ ဒဿမ ၇၆)ရရှိခဲ့ပြီး နိုင်ငံတော်အဆင့်တွင် အဋ္ဌမအဆင့် ရရှိခဲ့ပြီး (၆)ဘာသာဂုဏ်ထူးရှင်(၁၄)ဦး၊ (၅)ဘာသာဂုဏ်ထူးရှင်(၃၉)ဦး၊  (၄)ဘာသာဂုဏ်ထူးရှင်(၁၀၂)ဦး၊ (၃)ဘာသာဂုဏ်ထူးရှင်(၂၁၅)ဦး၊ (၂)ဘာသာဂုဏ်ထူးရှင်(၃၁၁)ဦးနှင့် (၁) ဘာသာဂုဏ်ထူးရှင်(၈၁၆)ဦးတို့ဖြင့် စုစုပေါင်းဂုဏ်ထူးရှင်(၁၄၉၇)ဦးရရှိခဲ့သည့်အပြင် ဝိဇ္ဇာဘာသာတွဲ နိုင်ငံတော်အဆင့် Top-10 စာရင်းတွင် ကချင်ပြည်နယ်မှပထမအဆင့်ရရှိခဲ့ကြောင်းနှင့် ယနေ့အခမ်းအနားတွင်(၃)ဘာသာ ဂုဏ်ထူးရရှိသူများအထိ ဂုဏ်ပြုချီးမြှင့်ခဲ့ခြင်းဖြစ်ပြီး နှစ်သာသာနှင့်တစ်ဘာသာဂုဏ်ထူးရှင်များကို နေအိမ်များအရောက် လိုက်လံပို့ဆောင် ဂုဏ်ပြုချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)