မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများနှင့် တုံ့ပြန်ဆောင်ရွက်နေမှု အခြေအနေများအား ပြည်သူသို့ အသိပေးသတင်းထုတ်ပြန်ခြင်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများနှင့် တုံ့ပြန်ဆောင်ရွက်နေမှု အခြေအနေများအား ပြည်သူသို့ အသိပေးသတင်းထုတ်ပြန်ခြင်း




၂၀၂၅ ခုနှစ်၊ ဩဂုတ် ၁၃

၂၀၂၅ ခုနှစ် မတ် ၂၈ ရက်က အင်အား ၇ ဒသမ ၇ အဆင့်ရှိ မန္တလေးငလျင်ကြီးလှုပ်ခတ်မှုကြောင့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အပါအဝင် တိုင်းဒေသကြီး/ ပြည်နယ် ၁၀ ခုတွင် သေဆုံးခြင်း၊ ပျောက်ဆုံးခြင်း၊ ဒဏ်ရာရရှိခြင်းများအပါအဝင် အခြေခံအဆောက်အအုံများ သောင်းနှင့်ချီ၍ ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ရသည်။

မန္တလေးငလျင်ကြီးကြောင့် ပျက်စီးဆုံးရှုံးမှုများအား မြေပြင်ကွင်းဆင်းစာရင်းကောက်ယူခဲ့ရာ ဆည်မြောင်းတာတမံ၊ လမ်းတံတား၊ ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ ရထားပို့ဆောင်ရေးကဏ္ဍ၊ လျှပ်စစ်ကဏ္ဍ၊ စွမ်းအင်ကဏ္ဍ၊ ဆက်သွယ်ရေးကဏ္ဍ၊ သာသနာရေးကဏ္ဍ၊ ယဉ်ကျေးမှုကဏ္ဍ၊ အစိုးရစက်ရုံ/အလုပ်ရုံ၊ ရုံးအဆောက်အဦစသည့် အစိုးရကဏ္ဍပျက်စီးဆုံးရှုံးမှုမှာ ငွေကျပ် ၄၇၇၉ ဘီလီယံကျော်ဖြစ်သည်။ လူနေအိမ်၊ ပုဂ္ဂလိကစက်ရုံ အလုပ်ရုံ၊ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများ၊ ပုဂ္ဂလိကစာသင်ကျောင်းများ၊ ဆေးရုံ/ဆေးခန်းများ၊ စိုက်ပျိုးသီးနှံများအစရှိသည့် ပုဂ္ဂလိကကဏ္ဍဆုံးရှုံးမှုမှာ ငွေကျပ် ဘီလီယံ ၃၂၀၀ ကျော် ဖြစ်သည့်အတွက် စုစုပေါင်းဆုံးရှုံးမှုမှာ မြန်မာကျပ်ငွေဘီလီယံ ၇၉၇၉ ကျော် အမေရိကန်ဒေါ်လာသန်း ၃၈၀၀ ခန့် ဖြစ်သည်။

တိုင်းဒေသကြီး/ပြည်နယ်များအလိုက် ပျက်စီးဆုံးရှုံးမှုတွင် မန္တလေးတိုင်းဒေသကြီးက အများဆုံးဖြစ်ပြီး ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်က ဒုတိယအများဆုံးနှင့် စစ်ကိုင်းတိုင်းဒေသကြီးက တတိယအများဆုံး ဖြစ်သည်။ ကဏ္ဍအလိုက်ပျက်စီးဆုံးရှုံးမှုတွင် အစိုးရရုံး၊ အဆောက်အဦ၊ ရုံးအသုံးအဆောင်နှင့် ဝန်ထမ်းအိမ်ရာများပျက်စီးမှုကအများဆုံးဖြစ်၍ လူနေအိမ်/အဆောက်အဦများပျက်စီးမှုက ဒုတိယအများဆုံး၊ ဘာသာရေးအဆောက်အဦများ ပျက်စီးမှုက တတိယအများဆုံး ဖြစ်သည်။

ငလျင်ကြောင့်ပျက်စီးဆုံးရှုံးမှုများအား နိုင်ငံတော်မှ ပံ့ပိုးကူညီပေးလျက်ရှိရာ ငလျင်ဘေးစတင်ဖြစ်ပွားသည်မှ ၁၁-၈-၂၀၂၅ ရက်အထိ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ ဘေးသင့်ပြည်သူများ တိုက်ရိုက်အကျိုးခံစားခွင့်ရရှိစေမည့် အရေးပေါ်စားနပ်ရိက္ခာများ ထောက်ပံ့မှုအတွက် ကျပ်ငွေ ၄၂ ဒသမ ၀၉၄ ဘီလီယံကျော်၊ သေဆုံးသူများ၏ မိသားစုများအားထောက်ပံ့မှုအတွက် ကျပ်ငွေ ၄ ဒသမ ၇၃၃ ဘီလီယံကျော်၊ ဒဏ်ရာရသူများအတွက် ကျပ်ငွေ ၀ ဒသမ ၁၇၅ ဘီလီယံ၊ နေအိမ်များပြန်လည်တည်ဆောက်ရန် ကျပ်ငွေ ၁၆၀၅ ဒသမ ၅၇၁ ဘီလီယံကျော် စုစုပေါင်းကျပ်ငွေ ၁၆၅၂ ဒသမ ၅၇၃ ဘီလီယံကျော်ကို ထောက်ပံ့ထားရှိသည့်အပြင် ရှေးဦးပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် ကျပ်ငွေ ၃၄၀ ဘီလီယံကျော်ကို သုံးစွဲပြီးဖြစ်သည်။ ပြည်တွင်း/ပြည်ပမှ လှူဒါန်းသည့် စားသောက်ကုန်နှင့်လူသုံးကုန်ပစ္စည်းများကိုလည်း ဘေးသင့်ဒေသများသို့ အချိန်နှင့်တစ်ပြေးညီ ဖြန့်ခွဲထောက်ပံ့ပြီးဖြစ်သည်။

ငလျင်ကြောင့် ရုံးများ၊ အခြေခံပညာကျောင်းများ၊ ဝန်ထမ်းအိမ်ရာများပျက်စီးခဲ့ရာ ဝန်ထမ်းများ နေထိုင်နိုင်ရေးနှင့်ရုံးများ၊ စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ယာယီကွန်တိန်နာရုံး ၄၄၂ လုံး၊ ယာယီကွန်တိန်နာအိမ် ၉၀၄၈ လုံး၊ ယာယီ Prefabricated စာသင် ကျောင်းဆောင် ၂၀ ကို ဝန်ကြီးဌာန/ အဖွဲ့အစည်းများနှင့် ဘေးသင့်ဒေသများသို့ ဖြန့်ခွဲဆောင်ရွက်ပေးထားပြီးဖြစ်သည့်အပြင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် ယာယီနေအိမ် ၂၉၇၂ ခန်း ဆောက်လုပ်ခဲ့ပြီး ၁၂၇ ခန်း ဆောက်လုပ်ဆဲဖြစ်ကာ ယာယီစာသင်ဆောင် ၅၇ ဆောင် ဆောက်လုပ်ခဲ့ပြီး ၇ ဆောင် ဆောက်လုပ်ဆဲဖြစ်သည်။

ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှုနှင့်အညီ ကဏ္ဍအလိုက် အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိရာ အခြေခံပညာကျောင်းများအားလုံးကို ကျောင်းဖွင့်ချိန်တွင် ဖွင့်လှစ်သင်ကြားပေးနိုင်ခဲ့ပြီး ကျန်းမာရေးစောင့်ရှောက်မှုအနေဖြင့် ဆေးရုံ၊ ဆေးခန်းများကိုလည်း ဖွင့်လှစ်ဆောင်ရွက်ပေးနိုင်ခဲ့ပြီဖြစ်သည်။ လမ်းပျက်စီးမှု၏ ၉၄ ဒသမ ၄၃ ရာခိုင်နှုန်း၊ တံတားပျက်စီးမှု၏ ၃၈ ဒသမ ၈၃ ရာခိုင်နှုန်း၊ မြန်မာ့မီးရထားလမ်းပိုင်းအလိုက် ပျက်စီးမှု၏ ၉၆ ဒသမ ၃၉ ရာခိုင်နှုန်း ပြုပြင်ပြီးဖြစ်သည်။ ဆက်သွယ်ရေးကဏ္ဍပြုပြင်ပြီးစီးမှုအနေဖြင့် ဆက်သွယ်မှု၏ ၉၇ ဒသမ ၁၉ ရာခိုင်နှုန်း၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးမှုအနေဖြင့် ၉၈ ဒသမ ၆၁ ရာခိုင်နှုန်း လွှမ်းခြုံဆောင်ရွက်နိုင်ခဲ့သည်။ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ပြီးမြောက်အောင်မြင်စေရေးအတွက် ကဏ္ဍအလိုက်၊ အဖွဲ့အစည်းအလိုက် အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိသည်။


အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)