နေပြည်တော်၊ သြဂုတ် ၂၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ သမိုင်းဝင် ဂုတ်ထိပ်တံတားကြီးအား TNLA/PDF အကြမ်းဖက်အဖွဲ့များက သြဂုတ်လ (၂၄)ရက်နေ့က မိုင်းခွဲဖျက်ဆီးခဲ့သော အကြမ်းဖက်လုပ်ရပ်နှင့် ပတ်သက်၍ နေပြည်တော်၊ လယ်ဝေးမြို့မှ ရွှေအင်တောင်ဆရာတော်၊ ဆရာတော် ဦးပညာတို့က ဦးဆောင်၍ နေပြည်တော်အမျိုးသားရေးအဖွဲ့နှင့် မြန်မာ့အမျိုးသားရေးကွန်ရက်က ဆန့်ကျင်ရှုတ်ချပွဲ ကျင်းပခဲ့သည်။
ဆန္ဒဖော်ထုတ်ခြင်းကို လယ်ဝေးမြို့၊ မြို့မဈေး နာရီစင်ရှေ့မှ စတင်ပြီး နေပြည်တော် မြို့တော်ခန်းမရှေ့အထိ ချီတက်ဆန္ဒဖော်ထုတ်ခဲ့ကြသည်။
ဆန္ဒဖော်ထုတ် ကန့်ကွက်ရှုတ်ချရခြင်းနှင့် ပတ်သက်၍ ဦးပညာက "အစိုးရအကြီးအကဲများ၊ နိုင်ငံဝန်ထမ်းများ၊ ပြည်သူများအားလုံးက တက်ညီလက်ညီနဲ့ တိုင်းပြည်သာယာဝပြောစည်ပင်ရေးကို လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ ခေတ်အဆက်ဆက် တည်ဆောက်ခဲ့တဲ့ လမ်းတံတားတွေကို ဖျက်ဆီးတဲ့ လုပ်ရပ်မျိုးဟာ ဘယ်လိုမှ လက်ခံလို့မရပါဘူး။ သမိုင်းဝင် ဂုတ်ထိပ်တံတားကြီးကို TNLA အကြမ်းဖက်အဖွဲ့နဲ့ PDF အကြမ်းဖက်အဖွဲ့တို့က မိုင်းခွဲဖျက်ဆီးလိုက်တဲ့ လုပ်ရပ်အပေါ်မှာ မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ (ရန်ကုန်) ကလည်း ထုတ်ပြန်ချက် ထုတ်ပြန် ကန့်ကွက်ခဲ့သလို အခြားသော အသင်းအဖွဲ့များကလည်း ကန့်ကွက်ခဲ့ကြပါတယ်။ ဘုန်းဘုန်းတို့ကတော့ ကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုး၊ ကိုယ့်ပစ္စည်းတွေကို ကာကွယ်စောင့်ရှောက်ရမှာ အမျိုးသားရေးတာဝန်လို့ ခံယူပါတယ်။ အခုလို ဖျက်ဆီးခြင်းဟာ သမိုင်းကို ဖျက်ဆီးခြင်းလည်း ဖြစ်ပါတယ်။ ဒီလိုလုပ်ဆောင်နေတဲ့အဖွဲ့တွေကို ထိထိရောက်ရောက် တားဆီးပေးဖို့ လိုအပ်ပါတယ်။" ဟု မိန့်ကြားသွားသည်။
ဆန္ဒဖော်ထုတ်ပွဲတွင် မြန်မာ့အမျိုးသားရေးကွန်ရက်မှ ကိုနောင်တော်လေး က ဦးဆောင်၍ သမိုင်းဝင်း ဂုတ်ထိပ်တံတားကြီးကို မိုင်းခွဲဖျက်ဆီးခဲ့သော TNLA/PDF အကြမ်းဖက်အဖွဲ့များအား ပြတ်သားစွာ နှိမ်နင်းပေးရေး - ဒို့အရေး၊ တိုင်းဖျက် ပြည်ဖျက် သာသနာဖျက် လုပ်နေသော အကြမ်းဖက်အဖွဲ့များ မြန်မာ့မြေပေါ်မှ ပပျောက်ရေး - ဒို့အရေး၊ ပြည်ဖျက်မိစ္ဆာများ - အလိုမရှိ" အစရှိသော ကြွေးကြော်သံများကို ကြွေးကြော်ခဲ့ကြသည်။
လယ်ဝေးမြို့၊ မြို့မဈေးရှေ့မှ နံနက် (၇ ၀၀)နာရီအချိန်မှ စတင်ထွက်ခွါခဲ့ကြပြီး နေပြည်တော်၊ မြို့တော်ခန်းမရှေ့သို့ နေ့လယ် (၁၂ ၀၀)နာရီအချိန်တွင် ရောက်ရှိခဲ့ကြပြီး ဆရာတော် ဦးပညာနှင့် ကိုနောင်တော်လေး တို့က အကြမ်းဖက်အဖွဲ့များ၏ လုပ်ရပ်ကို ကန့်ကွက်ရှုတ်ချခြင်း၊ အစိုးရတာဝန်ရှိသူများအနေဖြင့် အကြမ်းဖက်နှိမ်နင်းရေးကို ပိုမိုအလေးထား ဆောင်ရွက်ရန် ဆွေးနွေးပြောဆိုသွားကြသည်။
https://t.me/MyanmarNationalPost










No comments:
Post a Comment