မဟာသကျမာရဇိန် ကျောက်တော်ကြီးမြတ်စွာဘုရား (၁၃၇) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မဟာသကျမာရဇိန် ကျောက်တော်ကြီးမြတ်စွာဘုရား (၁၃၇) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲအခမ်းအနားကျင်းပ




အောင်မြေသာစံ  ၊ စက်တင်ဘာ ၃၀


မန္တလေးမြို့၊ မဟာသကျမာရဇိန်ကျောက်တော်ကြီးမြတ်စွာဘုရား၏ (၁၃၇)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် သံဃဒါနဆွမ်းလောင်းလှူပွဲတော်ကို သီတင်းကျွတ်လပြည့်ကျော် ၃ ရက်(အောက်တိုဘာ ၉ ရက်) နံနက်ပိုင်းတွင် ကျင်းပသွားမည်ဖြစ်ပြီး သာသနာတော်နှစ် ၂၅၆၉ နှစ်အထိမ်းအမှတ်အဖြစ် မန္တလေးမြို့လေးပြင်လေးရပ်မှ ပင့်သံဃာတော် ၂၅၆၉ ပါးကို ဆွမ်းသပိတ်များ လောင်းလှူသွားမည်ဖြစ်ကြောင်းသိရသည်။

ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲ အခမ်းအနားကို အောင်မြေသာစံမြို့နယ်ရှိ မဟာသကျမာရဇိန် ကျောက်တော်ကြီး မြတ်စွာဘုရားအရှေ့ဘက်မုခ်ဦးတွင်  စက်တင်ဘာလ ၂၉ ရက်နေ့ နံနက်ပိုင်းကကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊‌ခေတ္တဝန်ကြီးချုပ် ဗိုလ်မှူးကြီး နေလင်းစိုး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်တာဝန်ရှိသူများ၊ မဟာသကျမာရဇိန် ကျောက်တော်ကြီးမြတ်စွာဘုရား ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်း(မန်းမြေရာဇာ)နှင့်အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများတက်ရောက်ကြပြီး မဟာသကျမာရဇိန်ကျောက်တော်ကြီးမြတ်စွာဘုရား ကို ဖူးမြော်ကြည်ညိုကြသည်။

ဆက်လက်၍ မဟာသကျမာရဇိန် ကျောက်တော်ကြီးမြတ်စွာဘုရားမုခ်ဦးရှေ့တွင် ဗုဒ္ဓပူဇနိယ ပွဲတော်ဖွင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ နမောတဿသုံးကြိမ်ရွတ်ဆိုပူဇော်ပြီး နောက်အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့သည်။

မဟာသကျမာရဇိန် ကျောက်တော်ကြီးမြတ်စွာဘုရား(၁၃၇)ကြိမ်မြောက် ဗုဒ္ဓပူဇနိယ ပူဇော်ပွဲတော်ကို သီတင်းကျွတ်လဆန်း ၈ ရက်မှ သီတင်းကျွတ်လပြည့်ကျော် ၃ရက်အထိ သတ်မှတ်ထားသည့်အပြင် ပွဲတော်မတိုင်မီ ခုနစ်ရက်နှင့် ပွဲတော်အပြီး ခုနစ်ရက်အထိကို ပွဲတော်ကာလအဖြစ် ကျင်းပပေးခြင်းဖြစ်ရာ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာရောက်ကြသူ များ၊ ပွဲတော်လာလည်ပတ်ကြသူများဖြင့် နေ့စဉ်စည်ကားလျက်ရှိသည်။

သီတင်းကျွတ်ကာလများတွင်ကျင်းပသည့် မန္တလေးမြို့ရှိ အထင်ကရပွဲတော်များတွင်ရက် အရှည်ဆုံးကျင်းပသည့် ဘုရားပွဲတော်ဖြစ်ပြီး ဒေသခံပြည်သူများသာမက ပြည်တွင်း၊ပြည်ပ ဘုရားဖူးလာပြည်သူများနှင့် လည်ပတ်ကြသူများ၊ ရိုးရာဓလေ့မြန်မာမုန့်မျိုးစုံများ၊ ဒေသထွက်ကုန်ပစ္စည်းများနှင့် အမှတ်တရပစ္စည်းများရောင်းချသည့် ဈေးဆိုင်ခန်းများဖြင့် နှစ်စဉ်စည်ကားလျက်ရှိကြောင်း သိရသည်။


မြင့်မော်ထွန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)