သီတင်းကျွတ် လပြည့်နေ့ အကြို (အဖိတ်နေ့) ရွှေတိဂုံစေတီတော်မြတ်ကြီးအား လျှပ်စစ်မီးစေတီများ လှည့်လည်ပူဇော်ဆက်ကပ်ပွဲနှင့် ဆီမီး(၁၁၁၁၁)စုပေါင်းထွန်းညှိပူဇော်ဆက်ကပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သီတင်းကျွတ် လပြည့်နေ့ အကြို (အဖိတ်နေ့) ရွှေတိဂုံစေတီတော်မြတ်ကြီးအား လျှပ်စစ်မီးစေတီများ လှည့်လည်ပူဇော်ဆက်ကပ်ပွဲနှင့် ဆီမီး(၁၁၁၁၁)စုပေါင်းထွန်းညှိပူဇော်ဆက်ကပ်




ရန်ကုန်၊ အောက်တိုဘာ ၆

ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ က ကြီးမှူးကျင်းပသည့် ၁၃၈၇ခုနှစ် သီတင်းကျွတ် လပြည့်နေ့ အကြို (အဖိတ်နေ့) ရွှေတိဂုံစေတီတော်မြတ်ကြီးအား လျှပ်စစ်မီးစေတီများ လှည့်လည်ပူဇော် ဆက်ကပ်ပွဲနှင့် ဆီမီး(၁၁၁၁၁)စုပေါင်းထွန်းညှိပူဇော်ဆက်ကပ်ပွဲကို ယမန်နေ့ညက ရွှေတိဂုံစေတီတော် ရင်ပြင်၌  ကျင်းပသည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဝင်များနှင့် ဂေါပကရုံး ဝန်ထမ်းများ၊ ဘာသာရေးဝတ်အသင်းအဖွဲ့များ၊ အလှူရှင်များနှင့် ဘုရားဖူးလာ ပြည်သူများက ရှေးဟောင်းဗုဒ္ဓ ရုပ်ပွားတော်များ တန်ဆောင်း စုရပ်မှ ဗုဒ္ဓရုပ်ပွားတော်နှင့်လျှပ်စစ်မီးစေတီများပင့်ဆောင်လျက် ရွှေတိဂုံစေတီတော် မြတ်ကြီးအား လက်ယာရစ် လှည့်လည်ပူဇော်ကြသည်။

ထို့နောက် လျှပ်စစ်မီးစေတီများ စုပေါင်းပူဇော်ဆက်ကပ်ပွဲကို ရွှေတိဂုံစေတီတော်ရင်ပြင် ရာဟုထောင့်အောင်မြေအနီးရှိ ချမ်းသာကြီးတန်းဆောင်၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများက ဗုဒ္ဓရုပ်ပွားတော်နှင့် လျှပ်စစ်မီးစေတီများကို ပန်းရေချမ်း၊ ဆီမီးနံ့သာများဖြင့် ဆက်ကပ်လှူဒါန်းကြသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဂေါပက အဖွဲ့ဝင်များ၊ ဘာသာရေး ဝတ်အသင်းအဖွဲ့များ၊ အလှူရှင်များက “နမောတဿ” သုံးကြိမ် ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ကြပြီး “နီလာ နီလာ” အစချီသော မဟာပဋ္ဌာန်း ရောင်ခြည်တော်ဖွင့် ဂါထာဖြင့် ဘုရားရှင်ကို ပင့်လျှောက်ခြင်း၊ “သောဝဏ္ဍိကံ” အစချီသော ရွှေတိဂုံဘုရားရှိခိုး ဂါထာတော်ဖြင့် ရှိခိုးပူဇော်ခြင်း၊ ငါးပါးသီလခံယူ ဆောက်တည်ခြင်း၊ ပန်း၊ ရေချမ်း၊ ဆီမီး၊ အမွှေးနံ့သာကပ်လှူပူဇော်ခြင်း၊ “ဘဂဝန်ဘုန်းလှိုင်” အစချီ သော မဟာပဋ္ဌာန်းတိုက်တွန်းလွှာဖြင့် ရွတ်ဆိုတိုက်တွန်းခြင်း၊ မဟာပဋ္ဌာန်းပစ္စယုဒ္ဒေသ၊ ပစ္စယနိဒ္ဒေသ ပါဠိတော်ကို ရွတ်ဆိုပူဇော်ခြင်း၊ ဆုတောင်းအမျှဝေ၊ သာဓုခေါ်ဆိုခြင်းတို့ ဆောင်ရွက်ကြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဂေါပကအဖွဲ့ဝင်များ၊ ဂေါပကရုံးဝန်ထမ်းများ၊ ဘာသာရေးဝတ်အသင်းအဖွဲ့များ၊ အလှူရှင်များနှင့် ဘုရားဖူးလာ ပြည်သူများက စုပေါင်း၍ ရွှေတိဂုံ စေတီတော်ရင်ပြင်တော် ပတ်လည်ရှိ ဆီမီးခုံများ၌ ဆီမီးများ ထွန်းညှိပူဇော်  ဆက်ကပ်လှူဒါန်းကြပါသည်။

အဆိုပါ ဗုဒ္ဓရုပ်ပွားတော်နှင့် လျှပ်စစ်မီးစေတီများအား ရာဟုထောင်အောင်မြေအနီးရှိ ချမ်းသာကြီးတန်းဆောင်၌ အောက်တိုဘာ ၇ ရက်နေ့အထိ သုံးရက်တိုင်တိုင်ပူဇော်ခံ ထွန်းညှိ ပူဇော်မည်ဖြစ်ကြောင်း ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ ထံမှ သိရသည်။ 


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)